နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ကုစားလိုကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ချန်ဗီရာကူလ်ဆီ စကားကမ်းလှမ်းခဲ့ပါတယ်။
ဇူလိုင်လတုန်းက နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ပုံမှန် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ပြန်လည် တည်ဆောက်လိုတယ်လို့ ဟွန်မာနတ်က လူမှုကွန်ရက်ပေါ်မှာ စက်တင်ဘာ ၇ ရက်နေ့တုန်းက ရေးသားထားခဲ့ပါတယ်။
သူက ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ အနုတင်ကို ဂုဏ်တင် ချီးကျူးထားခဲ့ပြီး လွှတ်တော်မှာ ဝန်ကြီးချုပ် နေရာအတွက် မဲပေး ရွေးချယ်မှုမှာ ပြတ်ပြတ်သားသား အသာစီး ယူနိုင်ခဲ့တာက အနုတင်ရဲ့ ခေါင်းဆောင်မှုအပေါ် ထိုင်းမှာ ယုံကြည်မှု အားကောင်းကောင်း ရှိနေတယ်ဆိုတာ ထင်ဟပ် မြင်သာစေတယ်လို့ ညွှန်းဆိုထားခဲ့ပါတယ်။
ပြီးတော့ အနုတင်ရဲ့ ပညာဉာဏ် ပြည့်ဝပြီး စွမ်းဆောင်ရည် ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ ထိုင်းနိုင်ငံဟာ ပိုမိုခမ်းနားတဲ့ တိုးတက်မှုတွေ ဖြစ်ထွန်း ရရှိလာမယ်လို့ သူယုံကြည်ကြောင်းလည်း ဟွန်မာနတ်က ဆိုပါတယ်။

Public Service Announcement
သူ့အနေနဲ့ နှစ်နိုင်ငံကြားမှာ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ထွန်းလာဖို့ လိုလားကြောင်း၊ အဲဒီအခါ နှစ်နိုင်ငံ ပြည်သူတွေလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရင်း ပျော်ရွှင်မှုနဲ့ ကောင်းကျိုးသုခတွေ ခံစားရမှာဖြစ်ကြောင်း ဟွန်မာနတ်က ရေးသားထားခဲ့တာပါ။
သူက နှစ်နိုင်ငံ တကျော့ပြန် သင့်မြတ်ပြီး ပုံမှန် ဆက်ဆံရေး ထူထောင်နိုင်ဖို့ ရည်မှန်းချက်အတွက် အနုတင်နဲ့ နီးနီးကပ်ကပ် ညှိနှိုင်း အလုပ်လုပ်ခွင့် ရနိုင်ဖို့ မျှော်လင့်ကြောင်း၊ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားမှာ ယုံကြည်မှု ပြန်လည် တည်ဆောက်ပြီး ငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးတဲ့၊ အပြန်အလှန် ကောင်းကျိုးပြုတဲ့၊ ပူးပေါင်းဆောင်ရွက်မှု ပြည့်ဝတဲ့ နယ်စပ်မျိုး မျှဝေနိုင်ဖို့လည်း အတူ လုပ်ဆောင်သွားလိုကြောင်း ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ် စစ်ရေး ပဋိပက္ခဟာ ဇူလိုင် ၂၄ ရက်နေ့မှာ အစပြုခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့မှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် စက်တင်ဘာ ၇ ရက်နေ့မှာ အနုတင်က သူဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာကို နှစ်ဖက်စလုံး အထိအခိုက် အနည်းဆုံးနဲ့ ဖြေရှင်းစေဖို့ လိုလားကြောင်း၊ ဒါပေမဲ့ ထိုင်းဟာ ပိုင်နက်နယ်မြေရဲ့ တစ်စတုရန်း စင်တီမီတာကိုတောင် အဆုံးရှုံးခံမှာ မဟုတ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ကိုးကား: Bangkok Post
















































