close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အက်စ်တိုးနီးယား လေပိုင်နက်ကို ကျူးကျော်ခဲ့တဲ့ ရုရှားတိုက်လေယာဉ်တွေကို NATO ဟန့်တား

ရုရှား တိုက်လေယာဉ်တွေရဲ့ လေပိုင်နက်ကျူးကျော် ထိပါးမှုကို ကြုံခဲ့တဲ့နောက် အက်စ်တိုးနီးယားဟာ တခြားသော NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီကနေ အကြံဉာဏ် တောင်းခံခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ရုရှား တိုက်လေယာဉ်တွေရဲ့ လေပိုင်နက်ကျူးကျော် ထိပါးမှုကို ကြုံခဲ့တဲ့နောက် အက်စ်တိုးနီးယားဟာ တခြားသော NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီကနေ အကြံဉာဏ် တောင်းခံခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုရှားရဲ့ MiG-31 တိုက်လေယာဉ် ၃ စီးဟာ အက်စ်တိုးနီးယားဆီက ခွင့်ပြုချက်ကို တောင်းခံမှု မရှိဘဲ ၁၂ မိနစ်ကြာ ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ အက်စ်တိုးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဖင်လန် ပင်လယ်ကွေ့ထဲကို ဝင်ရောက်လာတဲ့ အဲဒီ တိုက်လေယာဉ်တွေရဲ့ လုပ်ရပ်ဟာ ပြောင်ပြောင်တင်းတင်း နယ်ကျော်မှုလို့လည်း အက်စ်တိုးနီးယားက စွပ်စွဲခဲ့ပါတယ်။

NATOရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက NATOဟာ ဒီကိစ္စကို ချက်ချင်း အမြန်ဆုံး တုံ့ပြန်ပြီး ရုရှားလေယာဉ်တွေကို ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ NATOရဲ့ တုံ့ပြန်နိုင်စွမ်းကို မဆင်မခြင် အကဲစမ်းတဲ့ ရုရှားရဲ့ နောက်ထပ် လုပ်ရပ်တစ်ခုလို့လည်း NATOဖက်က ထုတ်ပြန်ခဲ့ပါတယ်။

NATOရဲ့ အရှေ့ပိုင်းနယ်မြေများ ကာကွယ်ရေး အစီအမံမှာ ပါဝင်နေတဲ့ အီတလီ၊ ဖင်လန်နဲ့ ဆွီဒင်တို့ရဲ့ တိုက်လေယာဉ်တွေဟာ ချက်ချင်း အရေးပေါ် ပျံတက်ပြီး ရုရှား လေယာဉ်တွေကို ကြားဖြတ် ဟန့်တားခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလထဲမှာတင် ရုရှားဒရုန်းတွေဟာ NATO အဖွဲ့ဝင်တွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ဆီ နယ်ကျော် ဝင်ရောက်ခဲ့ဖူးပြီး အခုတော့ ပိုပြီး ရဲတင်းတဲ့ ချဉ်းကပ်မှုမျိုး ထပ်ပြလာတဲ့ သဘောပါ။

အက်စ်တိုးနီးယား နိုင်ငံခြားရေး ဝန်ကြီး မားဂူးစ် ဆက်ခ်နားက ဒါဟာ အတိအလင်း ရန်စမှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူက လိုအပ်တဲ့ တုံ့ပြန်မှုတွေအတွက် NATO အစုအဖွဲ့ဝင်တွေကြားမှာ ပိုပြီး စည်းလုံးကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

သူက ရုရှားဟာ NATO လေပိုင်နက်ကို သိသိသာသာနဲ့ ၁၂ မိနစ်ထိကြာအောင် ကျူးကျော်ခဲ့ကြောင်း၊ ဒီအတွက် NATOဖက်ကလည်း နိုင်ငံရေး အရရော၊ လက်တွေ့ကျတဲ့ အစီအမံတွေနဲ့ပါ ထိထိရောက်ရောက် တုံ့ပြန်ဖို့လိုကြောင်း သူက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အာမေးနီးယား လေပိုင်နက်ကို ကျူးကျော်ထိပါးခဲ့တယ် ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ရုရှားဖက်က ထုတ်ပြန်ချက်မှာတော့ တိုက်လေယာဉ်တွေဟာ ဘောလ်တစ် ပင်လယ်ပြင်ရဲ့ နိုင်ငံတကာ လေပိုင်နက်မှာ ပုံမှန် လုပ်ရိုးလုပ်စဉ် လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ခြင်းသာဖြစ်ပြီး ဘယ်အချုပ်အခြာ အာဏာပိုင် နိုင်ငံရဲ့ လေပိုင်နက်ထဲကိုမှ မဝင်ခဲ့ဘူးလို့ ပါရှိခဲ့ပါတယ်။

အက်စ်တိုးနီးယား ဝန်ကြီးချုပ် ခရစ္စတန် မစ်ကယ်လ်ကတော့ သူ့ရဲ့ အစိုးရဟာ NATO ပဋိညာဉ်ရဲ့ အပိုဒ် ၄ ကို အသက်သွင်းပြီး ဒီကိစ္စကို တုံ့ပြန်နိုင်ရေးအတွက် အဖွဲ့ဝင် နိုင်ငံတွေကြား အစည်းအဝေး ပြုလုပ်ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။ အဲဒီ အပိုဒ် ၄ ဟာ NATOအတွက် ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေ တစ်ခုခုမှာ ဘာဆက်လုပ်မလဲ ဆိုတာကို အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်း စည်းဝေးဖို့ တောင်းဆိုနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။

ဒါဟာ တစ်ပတ်အတွင်း NATOရဲ့ အပိုဒ် ၄ ကို ဒုတိယအကြိမ် အသက်သွင်းမှု ဖြစ်လာမှာပါ။ ပိုလန်ဟာ နယ်ကျော် ဝင်ရောက်လာတဲ့ ရုရှားဒရုန်းတွေကို ပစ်ချခဲ့ရပြီးတဲ့ အချိန်တုန်းကလည်း အဲဒီ အပိုဒ် ၄ သတ်မှတ်ချက်ကို အသက်သွင်းဖို့ အဖွဲ့ဝင် ၃၂ နိုင်ငံပါတဲ့ မဟာမိတ်အဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဒီပြဿနာနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ သီးသန့် သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ဆိုပါတယ်။ ဖြစ်ပျက်နေတာတွေကို သူ့အနေနဲ့ သဘောမကျကြောင်း၊ ဒါတွေက ပြဿနာတွေကို ကြီးသွားစေနိုင်ကြောင်း၊ ဒါပေမဲ့ သူ့သဘောထားကိုတော့ နောက်မှ သေချာအသိပေးမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

အက်စ်တိုးနီးယားရဲ့ ကြေညာချက်မှာတော့ ၂၀၂၅ ခုနှစ်အတွင်း ရုရှားဟာ နိုင်ငံလေပိုင်နက်ကို ၄ ကြိမ် ကျူးကျော်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အက်စ်တိုးနီးယားဟာ နိုင်ငံအရှေ့ပိုင်းမှာ ရုရှား ပိုင်နက်နဲ့ ထိစပ်နေပါတယ်။

ရုရှားတိုက်လေယာဉ်တွေဟာ အက်စ်တိုးနီးယားရဲ့ အရှေ့မြောက်ဖက် လေပိုင်နက်ထဲ ကျူးကျော်ဝင်ခဲ့တာဖြစ်ပြီး ပျံသန်းမှု လမ်းကြောင်း သတ်မှတ်မထားသလို အက်စ်တိုးနီးယား လေကြောင်း ဆက်သွယ်ရေး စနစ်တွေနဲ့ ချိတ်ဆက်နိုင်မယ့် စနစ်တွေကိုပါ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အက်စ်တိုးနီးယားမှာ အခြေစိုက်ထားတဲ့ အီတလီရဲ့ F-35တွေ အပါအဝင် မဟာမိတ် နိုင်ငံတွေရဲ့ တိုက်လေယာဉ်တွေက အဆောတလျင် ပျံတက်ခဲ့ပြီး ရုရှားလေယာဉ်တွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့ခဲ့သလို NATO လေပိုင်နက်ထဲက ထွက်ခွာသွားတဲ့ သေချာတဲ့ထိ စောင့်ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ရုရှားရဲ့ ပိုင်နက် နယ်မြေ တစ်ခုနဲ့ ထိစပ်နေတဲ့ လစ်သူယေးနီးယား နိုင်ငံဟာ စာသင်ကျောင်းတွေမှာ ကလေးတွေကို ဒရုန်းနည်းပညာနဲ့ ထိတွေ့ သင်ကြားပေးတဲ့ အစီအမံကို စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေတပ်စခန်းတွေမှာ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှားနဲ့ စစ်ဖြစ်နေပြီးသားလို့ ယူဆလို့ရကြောင်း ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်မြေထဲ ရုရှားဒရုန်းတွေ နယ်ကျွံလာလို့ ပစ်ချတာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး မကြာခင်မှာပဲ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။