Scorpio/People’s Spring
မကြာခင် သီတင်းကျွတ်ပိတ်ရက် ရောက်ရှိလာပါတော့မယ်။ ဒီနှစ်သီတင်းကျွတ်ပိတ်ရက်ကတော့ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ၃ ရက်တိတိဖြစ်ပါတယ်။ သီတင်းကျွတ်ပိတ်ရက်ရောက်တော့မှာမို့ မန္တလေး၊ ပုဂံညောင်ဦး၊ တောင်ကြီးအင်းလေး စတဲ့ဒေသတွေဘက် ခရီးထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ အာဏာရှင်လက်ထက် ၅ ကြိမ်မြောက် ဖြတ်သန်းရမယ့် သီတင်းကျွတ်ကာလဟာ သာမန်ကာလလို စိတ်ဖြောင့်ဖြောင့်ခရီးထွက်လို့ကောင်းတဲ့ကာလကော ဖြစ်နိုင်ပါရဲ့လား။
●ကြိုဆိုနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ
အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေက သင့်ကို အမျိုးစုံသော စစ်နည်း၊ ရစ်နည်းတွေနဲ့ အနှောင့်အယှက်ပေးဖို့အတွက် စောင့်ကြိုနေမှာပါ။ စစ်ဆေးရေးဂိတ်တွေမှာ စစ်အုပ်စုက Tablet ကြီးကိုင်ပြီး PSMS စနစ်နဲ့ စစ်ဆေးဖို့ စောင့်နေပါတယ်။

Public Service Announcement
အခုရက်ပိုင်းမှာပဲ ရန်ကုန်-မန္တလေး အမြန်လမ်းမှာပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဟာ အချိန်ကြာမြင့်စွာ စစ်ဆေးလေ့ရှိပြီး ကားတွေတောင်ပိတ်လေ့ရှိကြောင်း ခရီးသွားလာခဲ့သူတွေက ပြောပါတယ်။
“ ဒီတခေါက် ရန်ကုန်သွားတာ ခဏခဏ စစ်တယ်။ အရင်ကထပ်ကို ပိုစစ်တယ်။ ကားပေါ်မှာ အိပ်ကိုမအိပ်ခဲ့ရဘူး။ ခဏခဏ မှတ်ပုံတင်တောင်းလိုက်ပေးလိုက် အောက်ဆင်းလိုက်နဲ့ပဲ။” လို့ ရက်ပိုင်းအတွင်းကမှ မန္တလေးကနေပြန်လာတဲ့ ရန်ကုန်မြို့က အမျိုးသမီး တဦးက ပြောပါတယ်။
PSMS နဲ့စစ်လို့ CDM သမားတွေ၊ ထောက်ပို့တွေ၊ တရားစွဲဆိုခံထားရသူတွေ မကြာခဏ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် Kpay အပိတ်ခံထားရရင်လည်း ခရီး မသွားတာအကောင်းဆုံးလို့ ကြုံတွေ့ဖူးသူတွေက အကြံပြုပါတယ်။
စစ်ကောင်စီဂိတ်တွေက PSMS စနစ်နဲ့ စစ်ဆေးတဲ့အခါ မှတ်ပုံတင်နဲ့စစ်ဆေးလေ့ရှိပြီးမှတ်ပုံတင်နဲ့ဖွင့်ထားတဲ့ Kpay အကောင့်သာ အပိတ်ခံထားရရင် ဖမ်းဆီးခံရနိုင်တယ်လို့ ကြုံတွေ့ဖူးသူတွေက ပြောပါတယ်။
“ Kpay အပိတ်ခံရဖူးရင် ခရီးမသွားတာအကောင်းဆုံးပါ။ ဇီးရိုးမိုင်မှာ သူငယ်ချင်းတယောက်အဲ့လိုပါသွားတာ။” လို့ ရန်ကုန်မြို့က အမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင်မှတ်ပုံတင်အသစ်လဲရမယ့်အသက် ကျော်လွန်တာကို မလဲရသေးတာတွေ၊ ခရီးသွားထောက်ခံစာမပါတာတွေကိုလည်း စစ်ကောင်စီက စစ်ဆေးငွေညှစ်လေ့ရှိကြောင်း ခရီးသွားလာခဲ့သူတွေက ပြောပါတယ်။
ဒါ့အပြင် ပစ္စည်းတွေကိုပါ တထုပ်ချင်းဖွင့်ဖောက်စစ်ဆေးလေ့ရှိတာကြောင့် လမ်းခရီး အချိန်ကြန့်ကြာမှုတွေပါ ဖြစ်ပွားနေကြောင်း ခရီးသွားတွေက ပြောပါတယ်။
●ပေါ်တာအဆွဲခံရနိုင်
ငါတို့က CDM မဟုတ်ဘူး။တော်လှန်ရေးလည်း ထောက်ပို့မလုပ်ဘူး။ Kpay လည်းအပိတ်မခံရဖူးဘူးဆိုပြီး လွတ်ပြီကျွတ်ပြီမထင်ပါနဲ့။ သင်သို့မဟုတ် ခရီးဖော်တွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲနိုင်ပါသေးတယ်။ စစ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ လမ်းခရီးတွေမှာ ခရီး
သွားတွေကို မကြာခဏ ပေါ်တာဆွဲဖမ်းဆီးနေတာ ကြာပါပြီ။ အထူးသဖြင့် လူငယ်လူလတ်ပိုင်းတွေ အဆွဲခံနေရပြီး အမျိုးသမီးတွေကိုပါ ဆွဲလာကြပါပြီ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကပဲ ရန်ကုန်-ဆင်ဖြူကျွန်း- မိုးသောက်ရောင်နီ ခရီးသည်တင်ယာဥ်ပေါ်ကနေ အမျိုးသမီး ၂ ဦးအပါအဝင် လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။
ပေါ်တာဆွံခံလိုက်ရတဲ့အမျိုးသားဟာအသက် ၃၂ ဝန်းကျင်ရှိပြီး မကွေး-ကန်ပြားလမ်းပိုင်း စစ်ဆေးရေးဂိတ်မှာ အဖမ်းဆီးခံလိုက်ရပါတယ်။ အသက် ၂၅ နှစ််ဝန်းကျင်ရှိ အမျိုးသမီး ၂ ယောက်ကတော့ တောင်ညိုလမ်းပိုင်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါအပြင်စစ်တပ်က ဒီလပိုင်းမှာ ပေါ်တာဆွဲတာတွေပိုဆိုးရွားလာပါတယ် ။မြို့ပေါ်မှာ ၊ရွာထဲမှာ ၊ကားလမ်းမှာ ဘယ်နေရာမှမရှောင် ပေါ်တာဆွဲနေကြတာဖြစ်ပါတယ်။ပေါ်တာဆွဲခံရပြီဆိုရင်တော့
လူမပါရင်တောင် ငွေတော့ကျပ်သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းအထိကုန်ဖို့ များသွားပါပြီ။စစ်အုပ်စုကဥပဒေပါလုပ်ပြီး ပေါ်တာဆွဲ စစ်သားစုဆောင်းနေတာမို့ အဆွဲခံရရင် ဘယ်မှလည်းတိုင်လို့မရနိုင်ပါဘူးဆိုတာ သတိချပ်ထားကြဖို့လိုပါတယ် ။
●တိုက်ပွဲကြား ပိတ်မိနိုင်
အာဏာသိမ်းစစ်အုပ်စုရှိတဲ့နေရာတိုင်းဟာ ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမပြောနိုင်ပါဘူး။ အာဏာသိမ်းကာလ အစောပိုင်းကလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၊ တန်ဆောင်တိုင်ကာလမှာ ကျိုက်ထီးရိုးဘုရားတောင်ခြေက စစ်အုပ်စု ဝင်ရောက်ပစ်ခတ်ခံခဲ့ရပါတယ်။ အဲဒီပစ်ခတ်မှုမှာ ကျိုက်ထီးရိုးဘုရားလာဖူးတဲ့ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ရဲတဦး အပါအဝင် အရပ်သား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း ပုဂံဘုရားဖူးတွေ မသွားမဖြစ်သွားကြတဲ့ ဧရာဝတီမြစ် တဘက်ကမ်းက တန့်ကြည့်တောင်စေတီမှာ တိုက်ပွဲဖြစ်လို့ စျေးသည်တဦး သေဆုံးခဲ့ဖူးပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ သူတို့အတွက် အန္တရာယ်များနိုင်တဲ့လမ်းပိုင်းတွေမှာဆိုရင် ခရီးသည်တင်ယာဥ်တွေကို ရှေ့ကသွားခိုင်းတာမျိုး၊ ခရီးသည်တွေကို အကာအကွယ်ယူပြီး သွားလာတာမျိုး၊ မိုင်းရှင်းခိုင်းတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာဆိုရင် ခရီးသွားပြည်သူတွေ မကြာခဏ လူသားဒိုင်းအလုပ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
ဇူလိုင် ၊သြဂုတ်လကစပြီး စစ်တပ်ကနိုင်ငံတစ်ဝန်တော်လှန်ရေးတပ်ရှိတဲ့နေရာတွေကိုစစ်ကြောင်းတွေထိုးလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ် ။အခုထိလည်းပြင်းထန်နေဆဲဖြစ်ပါတယ် ။ အခုရက်ပိုင်းမှာဆိုရင်တော့ တော်လှန်ရေးတပ်ကပါ စစ်တပ်ကို ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိလာပါတယ်။ဒါကြောင့် မိုးအကုန် ဆောင်းဝါစ ကာလတွေဟာ မြန်မာနိုင်ငံမှာ ဘယ်ဒေသမှ ရုတ်တရက်တိုက်ပွဲတွေမဖြစ်နိုင်ဘူးလို့ ပြောလို့မရတဲ့အခြေအနေဖြစ်ပါတယ် ။
အထက်ပါအခြေအနေအပြင်စစ်တပ်လက်အောက်မှာ တိုင်းပြည်စီးပွားရေးပြိုကျနေပြီး အလုပ်လက်မဲ့များလာတာ ၊ တရားဥပဒေစိုးမိုးမှုမရှိတော့တာ ၊ အငတ်ဘေးကြုံနရသူများလာတဲ့အခြေအနေတွေက လုယက်မှုတွေ ၊ဓါးပြတိုက်မှုတွေ ၊ခိုးမှုဖောက်ထွင်းမှုတွေ၊အကြမ်းဖက်မှုတွေ စတဲ့ ဒုစရိုက်မှုတွေများပြားလာတဲ့အခြေအနေကိုလည်း ခရီးသွားမယ့်ပြည်သူတွေအမြဲသတိရှိဖို့လိုနေမှာဖြစ်ပါတယ်။ ။
