စက်တင်ဘာ-၁၆၊ ၂၀၂၅။ဘဂျမ်း/People’s Spring
ပဲခူးမြို့၊ဟံသာဝတီမြို့ရိုးတူးဖော်ရေးမှာ ရှေ့ဟောင်းဇုန်နဲ့မလွတ်ကင်းတဲ့ နေအိမ်အဆောက် အအုံတွေ ဖယ်ရှားရှင်းလင်းမယ့်ကိစ္စကို စစ်ကောင်စီက နှုတ်မိန့်နဲ့ သီတင်းကျွတ်အထိ ရွှေ့ ဆိုင်းပေးထားတယ်လို့ အဲဒီမြို့ခံပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ကထုတ်ပြန်ထားတဲ့စာအရ သြဂုတ် ၂၈ရက်ကနေစက်တင်ဘာ ၃ ရက်အထိ ခုနစ်ရက်အတွင်း ဖယ်ရှားပေးရမယ်လို့ ဟံသာဝတီကျုံးမြို့ရိုးနဲ့ မလွတ်တဲ့ နေအိမ်အဆောက်အအုံတွေထံ စာပို့အကြောင်းကြားထားတာ ဖြစ်ပါတယ်။
“ ဆိုင်းငံ့ထားတာ နာလည်းမှုယူပြီး။ (စကစဘက်မှ အဖမ်းအဆီး)ခဏ ရပ်ထားတယ်။ ကိုယ့်အစီအစဥ်နဲ့ကို ဖျက်တဲ့သူလည်း ဖျက်နေကြတာပေါ့” လို့ ဖြစ်စဥ်ကို သိရှိတဲ့ ပဲခူးမြို့ခံတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီက နေအိမ်အဆောက်အအုံတွေ ဖယ်ရှားမယ့်အထဲမှာ ပဲခူးမြို့ပေါ်မှာ ပုဏ္ဏားစု(စကြ်ာခြံ)၊ ဆိုရှယ်လစ်၊ အလင်းရောင် စတဲ့လမ်းနဲ့ ရပ်ကွက်တွေက ကျူးကျော်နေအိမ်တွေ၊ အ ထောက်အထားရှိ ခြံကွက်တွေနဲ့ ဘုန်းကြီး ကျောင်းအချို့ပါဝင်ပြီး အဆောက်အအုံ ၅၀၀ ကျော်ရှိတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၀ရက်က ပဲခူးမြို့ကို အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက်ချိန်မှာ ဟံသာဝတီမြို့ဟောင်းရဲ့ မြို့ရိုးနေရာတွေကို ပြန်လည်တူးဖော်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ အမိန့်ပေးခဲ့တာလို့ သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပဲခူးခရီးစဥ်နောက်ပိုင်း ဟံသာဝတီမြို့ရိုး၊ ကျုံးနေရာတွေနဲ့မလွတ်တဲ့ နေအိမ်အဆောက်အအုံတွေကို ဖယ်ရှားရှင်း လင်းဖို့ ပဲခူးတိုင်းမှ ဌာနဆိုင်ရာအဆင့်ဆင့်က မြေပြင်မှာအကောင်အထည်ဖော်လာနေတာဖြစ်ပါတယ်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်ထဲမှာရှိတဲ့ ကေတုမတီမြို့ဟောင်းတူးဖော်ရေးကိုလည်း စစ်ခေါင်းဆောင်က အမိန့်ပေးထားပြီး ကျုံး၊ မြို့ရိုးနဲ့မလွတ်တဲ့ နေအိမ်တွေ၊ သာသနိကအဆောက် အအုံတွေကို ဖယ်ရှားရှင်းလင်းဖို့ စစ်ကောင်စီက လုပ်ဆောင်လျှက်ရှိပါတယ်။

















































