close
Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်အုပ်စုရဲ့လိုသုံး ပါတီတွေ

အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲလို့ နာမည်တပ်ထားတဲ့ စစ်အုပ်စုရဲ့တစ်ဖက်လှည့် ကစားပွဲနီးလာတာနဲ့အမျှ စစ်ဗိုလ်ချုပ်​တွေရဲ့ စိတ်ရင်းအမှန်ကို အတိုင်းသားပိုပိုပြီးမြင်လာနေရပါပြီ။

ကို​အောင်​ရေးသားသည်။

အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲလို့ နာမည်တပ်ထားတဲ့ စစ်အုပ်စုရဲ့တစ်ဖက်လှည့် ကစားပွဲနီးလာတာနဲ့အမျှ စစ်ဗိုလ်ချုပ်​တွေရဲ့ စိတ်ရင်းအမှန်ကို အတိုင်းသားပိုပိုပြီးမြင်လာနေရပါပြီ။

“အကန့်အသတ်တွေက ပိုပိုပြီးများလာတဲ့အခြေအနေကို ကျွန်တော်တို့ရင်ဆိုင်နေရတယ်”

ဒါဟာစစ်အုပ်စုရဲ့ နိုင်ငံရေးကစားပွဲကျင်းပဖို့ လပိုင်းအလိုမှာပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးဆီက ထွက် လာတဲ့စကားပါ။ဝေဖန်ကန့်ကွက်ဖျောင်းဖြမှုတွေကိုလျစ်လျူရှုပြီး စစ်အုပ်စုရဲ့ လောင်းရိပ်အောက် တိုးဝင် နေသူဆိုပြီး ရှုမြင်ခံနေရသူပေါ့။

Public Service Announcement

Public Service Announcement

၂၀၂၁အာဏာသိမ်းမှုအလွန် လက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေ တစ်နိုင်ငံလုံးအနှံ့ရှိနေချိန်၊ စစ်အုပ်စုရဲ့ မည်းမည်းမြင်ရာဗုံးကြဲ၊မီးရှို့၊သတ်ဖြတ်နေမှုတွေကို မျက်ကွယ်ပြုပြီးနိုင်ငံရေးဘောင်ချဲ့ထွင်နိုင်ဖို့ရွေးကောက် ပွဲကျင်းပသင့်တဲ့အကြောင်း တွင်တွင် ပြောခဲ့သူလည်းဖြစ်ပါတယ်။

“ဒီလိုမျိုးတွေဆက်တိုက်လုပ်နေမယ်ဆိုရင် အဲ့ဒီရွေးကောက်ပွဲအလွန်အခင်းအကျင်းအပေါ်မှာ ပြည်သူတွေ နဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကထိခိုက်သွားမှာ ကျွန်တော်စိုးရိမ်တယ်”လို့လည်း တွေ့ဆုံမေးမြန်း ခန်းတစ်ခုမှာ ဦးကိုကိုကြီးကဆက်ပြောပါသေးတယ်။

သူ့စကားထဲရည်ညွှန်းထားတဲ့ ပြည်သူတစ်ဦးအနေနဲ့ပဲ ဦးကိုကိုကြီးကိုပြန်ပြီး မေးခွန်းထုတ်ရမှာကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာကြီးကို လူထုက အစကတည်းက မယုံမကြည် ရှိနှင့်နေကြပြီးသားဆို တာမတွေးခဲ့၊မသိခဲ့တာလား။မသိချင်ယောင်ဆောင်ခဲ့သလား လို့ပါ။

ရွေးကောက်ပွဲကို အသာထား၊အာဏာသိမ်းတယ်လို့တောင် စစ်သားပီပီရဲရဲ မပြောရဲဘဲ သိမ်းသလိုလို ၊ထိန်းသလိုလိုနဲ့ ဒီစစ်အုပ်စုလုပ်ကိုင်နေသမျှ ဘာကိုများယုံကြည်ရဦးမှာလဲလို့ မေးချင်သူတွေ မြို့ပြရော၊ ကျေးလက်ပါမကျန် လမ်းပေါ်ထွက်ပြခဲ့ကြဖူးတာ ဦးကိုကိုကြီးတို့လို ဝါရင့်နိုင်ငံရေးသမားဆိုသူ​တွေ မေ့ထား ကြတာလားလို့လည်း ထပ်မေးရပါလိမ့်မယ်။

“ရွေးကောက်ပွဲကို ဘယ်လောက်အထိမျှော်လင့်ထားလဲဆိုတော့ ဖြစ်ပါစေလို့ ကျွန်မကမျှော်လင့်ထားတယ်”

ဒါကတော့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းရဲ့စကားပါ။NLD ပါတီကဒေါ်စန္ဒာမင်းကို ၂၀၂၃ ခုနှစ်မှာထုတ်ပယ်ထားခဲ့ပါတယ်။လွန်ခဲ့တဲ့ တစ်လလောက်တုန်းကမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ အထက်ပါအတိုင်းပြောခဲ့တာ။​

“ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ထုတ်ထားတဲ့ဥပဒေကိုတော့ ကျွန်မတို့ကလိုက်နာရမှာပဲ” လို့ အဲ့ဒီအင်တာဗျူးထဲမှာပဲ သူကပြောခဲ့သေးတယ်။

လက်ရှိအခြေအနေ ဘာတွေဘယ်လိုဖြစ်ဖြစ်၊စစ်အုပ်စု ဘာတွေကျူးလွန်နေနေ၊ပြည်သူ​တွေဘယ်လိုပဲအသတ်ခံ​နေရ ​နေရ နိုင်ငံရေးဘောင်ချဲ့ဖို့ တိုင်းပြည်အကောင်းဘက်ပြန်ဦးတည်ဖို့ ရွေးကောက်ပွဲလိုအပ်တယ်ဆိုပြီး တွင်တွင်ပြောခဲ့ကြသူတွေဟာ အခုတော့ နိုင်ငံရေးအာဝဇွန်းမရွှင်နိုင်ကြတော့ဘူး။

ဒေါ်စန္ဒာမင်းက “ကျွန်မတော်တော်စိတ်ဒဏ်ရာရတယ်”လို့ ထုတ်ပြောလာရသလို ဦးကိုကိုကြီးကလည်း “တကယ်ကတော့ ယှဉ်ပြိုင်မှုဆိုတာက မျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်ဖို့ လိုတာပေါ့” လို့ပြောနေရပါပြီ။

ဖေ့စ်ဘွတ်ခ်မှာ လူငယ်တော်တော်များများ သုံးကြတဲ့ ဘန်းစကားနဲ့ တုံ့ပြန်ရရင်တော့ “ဘာ‌တွေမျှော် လင့်နေကြတာလဲ ခေါင်းကြီးတို့”လို့ပဲ ဆိုရလိမ့်မယ်။

တကယ်တမ်းမှာစစ်အုပ်စုဟာ ကိုယ်လုပ်တာကျ လုပ်သမျှ၊ကိုင်သမျှ ဥပဒေနဲ့အညီ၊ တာဝန်အရ၊ သူများ ကိုတော့ အပြစ် အကုန်လွှဲချ နိုင်ငံအကျိုး၊တိုင်းပြည်အကျိုး၊လူထုအကျိုးဆိုပြီး ဖန်တရာတေ ပေါ်လစီ စ ကားလုံးတွေသုံးပြီး “ပျားရည်နဲ့ဝမ်းချ” လာကြတာဆယ်စုနှစ်တွေများလှပြီ။

အခုလည်း နေ့ရွှေ ၊ညရွှေ့ကနေ သူတို့ရှင်သန်ရာဂယ်ပေါက်အဖြစ် မဖြစ်မနေ အချိန်ကျလာမှ“လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်” ဆိုပြီး ကြွေးကြော်ပြပေမဲ့ ကိုယ်စိတ်ကြိုက်စည်းမျှဥ်း ၊ကိုယ်ကပဲ ဒိုင်လူကြီး လုပ်မှာ​တောင် ကြိုးဝိုင်းခေါင်းလောင်း မတီးရသေးခင်မှာပဲ ပြိုင်ဘက်တွေကို အလဲထိုးဖို့ တစ်ဖက်သတ်ပြင်ထားပြီးပါပြီ။

စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အရှက်ကွဲခဲ့တဲ့နောက် PR စနစ်သုံးမယ်ဆိုပြီး အာဏာသိမ်းပြီးမှ သူတို့ သဘောနဲ့သူတို့ လုပ်ခဲ့ကြတာပါ။ နိုင်ငံရေးပါတီတွေ များလွန်းတယ်၊စုစုစည်းစည်းဖြစ်သင့်တယ်လို့ စစ်ခေါင်းဆောင်နှုတ်က တဖွဖွပြော ပြီးတဲ့နောက် ပြဌာန်းလာတဲ့ ပါတီမှတ်ပုံတင်ဥပဒေဟာစစ်အုပ်စုရဲ့ကနဦးနိုင်ငံရေး ချုပ်ကွက်မျှသာဆို တာလည်း နိုင်ငံရေးပါတီခေါင်းဆောင်ဘွဲ့ခံချင်သူတွေသိကြပြီးသားပါ။

အခုလည်း တကယ်တမ်းအဲ့ဒီရွေးကောက်ပွဲဆိုတာကြီး နီးကပ်လာတာနဲ့အမျှ သူ့ကစားကွက်ထဲက ပါတီတွေဟာ လိုတစ်မျိုး၊မလိုတစ်မျိုး ကန့်သတ်ထိန်းချုပ်မှုတွေထဲ အသက်ရှုကြပ်နေကြရတာပဲ မဟုတ် လား။

ပါတီဦးဆောင်သူ ဦးခင်မောင်ဆွေကို စစ်အုပ်စု အကြံပေးအဖြစ် နေရာဆက်ပေးထားပေမယ့်သူ့ပါတီ NDF ကိုကျ ဖျက်သိမ်းတယ်ဆိုတာမျိုး တော်ရုံ မျက်နှာပြောင်မတိုက်တတ်သူတွေ ဘယ်လုပ်နိုင်ကြပါ့ မလဲ။

“အဲ့ဒီလိုလုံးဝ လုပ်လိမ့်မယ်လို့မထင်ထားဘူး”ဆိုပြီး ဒေါ်စန္ဒာမင်းကအံ့ဩနေပေမဲ့စစ်ခေါင်း ဆောင်တွေကတော့ လုပ်ဝံ့ကြပါတယ်။အစကတည်းက “ဘာမဆိုလုပ်ရဲပါတယ်”လို့ ကြွေးကြော်ခဲ့ သူတွေပဲ။ အခုမှ မဟုတ်ဘူး​ခေတ်အဆက်ဆက်လုပ်ခဲ့ကြတာပါ။

အဲဒီတုန်းက ကျေကျေနပ်နပ် ကိုယ်တိုင်ကိုယ်ကျ နာကြားခဲ့ရတဲ့ ဦးခင်မောင်ဆွေတစ်ယောက်လည်း အခုသူအကြံပေးနေရတဲ့ ဗိုလ်ချုပ်မှူးကြီးကို “အပြောနဲ့အလုပ်ညီသူ”ဆိုပြီး ယုံကြည်ကိုးကွယ်လိုစိတ် တွေဆပွားတိုးလာလေသလား သိချင်မိပါသေးတယ်။NDF ပါတီအပါအဝင် ပါတီ ၃၀ ​ကျော်ဟာ ၂၀၂၀​ရွေး​ကောက်ပွဲမတိုင်ခင် လပိုင်းအလိုမှာ မင်း​အောင်လှိုင် နဲ့​တွေ့ပြီး အာဏာသိမ်းဖို့​ပြောခဲ့တဲ့အုပ်စုဝင်​တွေဖြစ်ပါတယ် ။

NDF အပါအဝင်ပါတီလေးခုကို ဖျက်သိမ်းကြောင်း စာထုတ်ပြီးတာနဲ့ ချက်ချင်းဆိုသလို သတင်းစာရှင်း လင်းပွဲထလုပ်တဲ့ စစ်အုပ်စု UEC ကလည်း“ဥပဒေအရ”လို့ပဲဆိုပြန်တယ်။တကယ်

တမ်းမှာ ဒီအခြေ အနေတွေဟာ စစ် အုပ်စုရဲ့ “နိုင်ငံရေးစေတနာ” ကို လက်တွေ့ပြသတဲ့ ဖြစ်ရပ်တွေသာဖြစ်ပါတယ်။

သူတို့ခင်းကျင်းထားတဲ့ ကစားပွဲထဲမှာ သူတို့ပါဝင်စေလိုသူတွေ ပါဝင်ခွင့်ရပြီး မလိုလားသူတွေ၊သူတို့ မယုံ ကြည်သူတွေ၊သူတို့အဖို့ မလိုအပ်သူတွေဆိုရင် အချိန်မ‌ရွေးကန်ထုတ်တတ်တယ်ဆိုတာလောလောလတ်လတ် NDFအဖြစ်နဲ့ ဒေါက်တာအေးမောင်ကိစ္စက ထပ်ပြီးသက်သေပြတာပါ။

ပါတီဘက်က တုံ့ပြန်လာတဲ့အချက်တွေအရ NDF ဘက်က ပါတီဝင် ကိုးသောင်းနီးပါးတင်တယ်၊UEC ကဖြတ်ချတယ်။တကယ်တမ်းသာ နိုင်ငံရေးစေတနာအရ NDF ပါတီ ပါစေချင်ရင် “လူမပြည့်တော့ဘူး ပြန်တင်ပါ”လို့ UEC ဘက်က အချိန်မီ အကြောင်းကြားခဲ့မှာပါ။

ထင်တစ်လုံးနဲ့ ဒီပွဲကြီးကနေငါတို့တော့နေရာကောင်းကောင်းတွေထပ်ရပြီဆိုပြီး ဝမ်းသာမဆုံးဖြစ်နေ ပုံရတဲ့ ပါတီဘက်ကလည်းကိုယ့်အခြေအနေကိုယ်နောက်ဆက်တွဲတောင် မမေးမစမ်းတော့ဘဲ “ပါတီဝင် ကိစ္စကို စဉ်းတောင်မစဉ်းစားတော့တာ”လို့ သတင်းတွေမှာ ပြောထားတာတွေ့ရတယ်။

“သူ့အရပ်နဲ့သူ့ဇာတ်” လိုက်ဖက်တဲ့ အခြေအနေပါပဲ။စစ်ခေါင်းဆောင်တွေ အထာမထားပုံများ ဦးသိန်းစိန် အစိုးရခေတ်က သမ္မတရုံးဝန်ကြီးဖြစ်ခဲ့သူဦးဆောင်နေတဲ့ပါတီကိုလည်း NDF နဲ့ အတူတူ surprise တိုက်ချလိုက်တယ်။

ဘေးကကြည့်နေရသူအဖို့ ပိုပြီး ရယ်စရာကောင်းတဲ့ကိစ္စကတော့ ပါတီဖျက်သိမ်းခံရသူတွေရော၊ကိုယ်စား လှယ်လောင်းစာရင်းတင်တဲ့အဆင့်မှာ ကျန်ရစ်ခဲ့မှာတွေးပူနေရသူတွေ‌ရော စစ်အုပ်စုရဲ့ UECကို ရဲရဲတင်းတင်းမဝေဖန်ရဲကြတာပါ။

ဒီလမ်းကိုကြိုခင်းထားတဲ့ စစ်အုပ်စုဟာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုကြိုသိထားလို့ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဆိုပြီး သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချနိုင်ဖို့ပြင်ဆင်ထားခဲ့ပြီးသားမဟုတ်လား။ဒီတော့ ပါတီဖျက်ခံရလို့၊လောလောဆယ် UEC ကမမျှမတ တင်းကြပ်နေလို့ဆိုပြီးဝေဖန်မိရင်လည်း စစ်အုပ်စုရဲ့ ဥပဒေဆိုတာနဲ့ ငြိပြီး မိအေးနှစ်ခါနာ ဖြစ်ကြရဦးမှာ။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဆိုပြီးပေါ်ပေါက်လာပုံကလည်း ပိုရယ်ရသေးတယ်။ ပြည်တွင်းသ တင်းဌာနတစ်ခုမှာ ဒေါက်တာအေးမောင်ပြောထားပုံအရတော့ အဲ့ဒီလို ဥပဒေမျိုးပြဌာန်းပေးဖို့ ပါတီ ခေါင်းဆောင်တစ်ချို့ကစစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့တာပါတဲ့။စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြတဲ့ပွဲတစ်ခုမှာ ပါတီခေါင်းဆောင်တစ်ချို့က လက်ရှိ အခြေအနေတွေအရ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အကာအကွယ်ပေးမဲ့ဥပဒေလိုအပ်တဲ့အကြောင်း ပြောခဲ့ကြတာလို့ အဲ့ဒီတွေ့ဆုံပွဲမှာရှိနေခဲ့တဲ့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။

ကျန်တဲ့ပါတီတွေကို ရုတ်တရက်ဖျက်သိမ်းတာ၊ရွေးကောက်ပွဲဝင်ခွင့်တွေမှာ တင်းကျပ်တာတွေလုပ်နေတဲ့စစ်အုပ်စုဟာတစ်သက်လုံး ရွေးကောက်ပွဲမဝင်နိုင်တော့ဘူးဖြစ်နေတဲ့ ဒေါက်တာအေးမောင်ကိုတော့ ပြန်ပြိုင်လို့ရအောင် ဖန်တီးပေးတာကိုကြည့်ရင် “စိတ်စေတနာ”ကသာ အခရာဆိုတာ ထင်ရှားပါတယ်။

အဲ့ဒီရခိုင်နိုင်ငံရေးသမားကို နောင်ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်မရှိဆိုပြီးကြေညာခံခဲ့ရတဲ့မူလဇစ်မြစ်ကလည်း စစ်အုပ်စုပဲ မဟုတ်လား။ အဲ့ဒီတုန်းကတော့ လွှတ်တော်အမတ်ဖြစ်နေပါလျက် စစ်တပ်ဘက်က နိုင်ငံတော်ပုန်ကန်မှုနဲ့တရားဆွဲဝရမ်းထုတ်ဖမ်းဆီးခံရဖို့ဖြစ်လာတော့ ခွင့်ပြုချက်ပေးခဲ့တဲ့ လွှတ်တော်အကြီးအကဲနဲ့ NLD အစိုးရကိုသာဝေဖန် ခဲ့ကြသေးတာ။အခုအခါမှာတော့အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဒေါက်တာအေးမောင်တို့ ပနံသင့် နေလိုက်ကြတာ။ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြန်စီစဉ် ပေးရတယ်။

ဒီအဖြစ်တွေဟာ နိုင်ငံရေးမှာ “စေတနာ”ပေါ်အရင်းခံပြီး ဖြစ်စဉ်တွေဖြစ်နေကြတယ်ဆိုတာ ထင်ထင် ရှားရှားပြနေတဲ့အနီးစပ်ဆုံးဖြစ်ရပ်တွေပါ။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာလည်းအဲ့ဒီ”စေတနာ” အရင်းခံကအစကတည်းကရှင်းနေပြီးသား မဟုတ်လား။စစ်ခေါင်းဆောင်နဲ့ သူတို့စစ်အုပ်စု အာဏာသက်ဆက်ဖို့၊နိုင်ငံတကာမှာ ခွေးတိုးပေါက်ကနေ ဝင်တိုးနေရတဲ့ဘဝကနေ ရှေ့ဆက်နိုင်ဖို့၊ပြည်သူ​ထောင်​သောင်းချီသတ်ဖြတ်ပြီး ပြည်သူသန်း​ပေါင်းများစွာကိုဘဝပျက်​စေခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေကို ​​ကင်းလွတ်ခွင့်ရဖို့ ၊ အာဏာကို စစ်အုပ်စုကသာထာဝရ ချုပ်ကိုင်နိုင်ဖို့ ဒါတွေကလွဲလို့ ဘာများရှိသေးလို့လဲ။

တစ်နိုင်ငံလုံး တိုက်ပွဲတွေဖြစ်၊ဗုံးတွေကြဲ၊သဘာဝဘေးဒဏ်တွေကပြန်မထူထောင်နိုင်၊ပြည်ပ ပိတ်ဆို့မှု တွေသာမက ပြည်တွင်းမှာလည်း ဖြတ်တောက်ရေးမျိုးစုံဗျူဟာတွေကြား ထမင်း​တောင်နတ်မမှန်​တော့ပဲ လူသုံးဦးမှာ တစ်ဦးအငတ်​ဘေးကြုံ​နေရတဲ့ ပြည်သူတွေ အဖို့ ဒီရွေးကောက်ပွဲကို ဘယ်လိုစိတ်ဝင်စားနိုင်ကြဦးမှာလဲ။

“နိုင်ငံရေးနည်းလမ်းပြန်ပြီးပေါ်ပေါက်လာအောင် ပြည်သူတွေရော နိုင်ငံတကာရော ဒီရွေးကောက်ပွဲ အ ပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်လာအောင် အနိမ့်ဆုံးတော့ ကန့်ကွက်တာတွေလျော့ကျလာအောင်ဆို ပြီး တော့ ကျွန်တော်တို့ကြိုးစားနေတာသည် နိုင်ငံရေး မျှော်လင့်ချက်နဲ့ လုပ်နေတာ”လို့ ဦးကိုကိုကြီး ကဆို​နေပါတယ်။

အစကတည်းက အကြောင်းသိလျက်နဲ့ စစ်ဖိနပ်အောက်ခေါင်းထိုးပူးပေါင်းခဲ့ကြပြီး အခု မရှူနိုင်မကယ် နိုင်တွေဖြစ်လာချိန်ကျမှ “လူထုအယုံအကြည်ပျက်လိမ့်မယ်” ဆိုတဲ့စကားတွေ ထုတ်သုံးလာကြရင်တော့ဖြင့် “ဟဟပဲရမယ်” လို့သာ တုံ့ပြန်လိုက်ချင်တော့တယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီစံနှုန်းနှင့်မညီသောကြောင့်လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲတွင် ပါဝင်မှုမပြုရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက စိတ်ကိုင်းကျစီစဥ်ပြီးကျင်းပဖို့လုပ်​နေတဲ့ကောက်ပွဲကို နိုင်ငံတကာအလုပ်သမားသမဂ္ဂ​တွေနဲ့ဂျာနယ်လစ်​တွေကစုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့" စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Facebook