●”ခေတ်အဆက်ဆက်မှာ စစ်တပ်က ပြည်သူအပေါ်၊ တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက်ယုတ်မာခဲ့တယ်။ဒါကို ပြောင်းလဲပစ်ဖို့က တိုက်ပွဲခေါ်သံ အရေးကြီးဆုံးပဲ”-ရဲဘော်နိုင်မင်း
ကိုမောင်/People’s Spring
ရဲဘော်နိုင်မင်း။ စောင့်ရှောက်ပေးမည့်မိဘမရှိ နေစရာအိမ်မရှိသောကလေးငယ်တစ်ဦးအဖြစ် ဘဝကို စတင်ခဲ့ရပြီး PDF စစ်ကြောင်းမှူးဖြစ်လာသည်အထိ ဇွဲနဘဲကြီးသူ။ စစ်အာဏာရှင်ကို ရွံမုန်းသူ။ စာနာစ်ိတ်နှင့် ဂရုဏာတရားကြီးမားသူ။ စစ်အာဏာရှင် တော်လှန်ရေးခရီးကြမ်းလမ်းခုလတ်တွင် ရဲဘော်နိုင်မင်းတယောက် ကြွေလွှင့်ခဲ့သည်။
အညတရအညာသားတစ်ဦး၏ နောက်ဆုံးခရီးက အညာနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ သူ၏ ရဲဘော်ရဲဘက်များ၊ ဒေသခံပြည်သူများ၊ ရပ်ဝေးရပ်နီးမှ မိတ်ဆွေများကို အလွန်တရာ ဝမ်းနည်းနာကျင်စေပါသည်။ ရဲဘော်နိုင်မင်းသည် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖဒုတိယတာဝန်ခံ ၊ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့က တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ ULF(Union Liberation Front)စစ်ကြောင်းကိုယင်းမာပင်၊ဆားလင်းကြီး၊ဘုတလင် ၊ကနီ စသောမြို့နယ်တွေကတော်လှန်ရေး တပ်ရင်း ၊တပ်ဖွဲ့ ၂၀ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement
ကလေးဘဝကသူဘယ်ကလာလို့ဘယ်လိုကြီးပြင်းခဲ့သည်ကို မသိ။ ကလေးဘဝ စာသင်ခန်းထဲက ပျော်စရာများကို ကောင်းကောင်း မသိခဲ့သောကိုနိုင်မင်းတစ်ယောက် လူ့လောကကို နှုတ်ဆက်သွားခြင်းက သူကျင်လည်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ဘာကြောင့်များ ဝမ်းနည်းနာကျင်စေပါသလဲ။
ထိုမေးခွန်း၏ အဖြေကို ကိုနိုင်မင်းဖြတ်သန်းခဲ့သည့် စစ်အာဏာရှင် တော်လှန်ရေးခရီးကြမ်းက ပြောပြပါလိမ့်မည်။ မိုးသဲသဲမဲမဲရွာအပြီး နေရောင်ကျလာချိန် မြင်ကွင်းရှင်းလင်းသွားသလို သူ့သမိုင်းက ရှင်းလင်းကြည်လင်ပါသည်။
●မိဘမေတ္တာ ငတ်မွတ်ခဲ့ရသောကလေးငယ်
လွန်ခဲ့သော ၃၅နစ်ခန့်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော စစ်အစိုးရလက်ထက်။ လူမမယ်ကလေးငယ်တစ်ဦးသည်လူအချို့နှင့်အတူ ခန္တီးရွှေတောကို ရောက်ရှိလာသည်။ ခေါ်လာသူများသည် သူ့၏ ဦးရီး၊ဒေါ်လေးတော်စပ်သူများဖြစ်သည်ဟု နောက်ပိုင်းတွင် သူပြောပြသည်။ ရွှေတောတွင်ရှိနေသူများက အိမ်ခြေမဲ့ကလေးငယ်တစ်ဦးအဖြစ် သူ့အား မေးမြန်းစူးစမ်းကြသည်။
အန္တရာယ်များသောရွှေတော၌မနေရန်ပြောသည်။မျက်စိသူငယ်နားသူငယ်နှင့်ထိုကလေးငယ်သည် ရွှေတောတွင် ကုပ်ကပ်နေရင်း ရက်မှလ၊လမှသည် နွေ၊မိုး၊ဆောင်းအလီလီ ခရီးနှင်ရင်း ဆယ်စုနှစ်သုံးခုကျော်အထိ ကာလယန္တရားက ရွေ့လျှားလာခဲ့သည်။ဦးကြီး၊ဒေါ်ကြီး တွေ စောက်ရှောက်မှုဖြင့်သူကြီးပြင်းလာခဲ့သည်။
ရွှေတောမှာကြီးပြင်းရင်းရွှေတူးသူဖြစ်လာခဲ့သည်။ အလုပ်ကြိုးစားသူဖြစ်၍အသက် ၃၀ ခန့်တွင်ရွှေလုပ်ငန်းရှင်လူငယ်တဦးဖြစ်လာသည်။ သူ့လုပ်ငန်းအတွက်ကုမ္ပဏီထောင်ရန်လိုအပ်လာသည့်အခါ နိုင်ငံသားမှတ်ပုံတင်ပင်မရှိခဲ့၍ လဝကကို ထိုခေတ်ကာလကငွေ(၇)သိန်းပေး၍မှတ်ပုံတင်လုပ်ခဲ့ရသည်။ စစ်အစိုးရလက်ထက် ဝန်ထမ်းများ၏ အဂတိလှိုက်စားမှုကို သူစိတ်ပျက်ခဲ့သည်။
●တော်လှန်ရေးလမ်းပေါ် ခြေချခြင်း
၂၀၂၀ခုနှစ်ဝန်းကျင်တွင်ကိုဗစ်ကပ်ရောဂါဘေးကြုံသောအခါ ရွှေတောမှ လုပ်ငန်းများယာယီရပ်နားခဲ့ပြီး မန္တလေးမြို့သို့ လာရောက်နေထိုင်ခဲ့သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်တွင် မန္တလေးမြို့၌သူရှိသည်။ အာဏာသိမ်းမှုဆန့်ကျင်သည်လူငယ်များကို စစ်သားနှင့်ရဲများက အကြမ်းဖက် ဖြိုခွင်းနေသည့်မြင်ကွင်းများကို သူ မြင်သည်။ မြသွဲ့သွဲ့ခိုင်၊ အိန်ဂျယ်( ခေါ်) ကြယ်စင်စသည့် လူငယ်များကို စစ်ကောင်စီက ပစ်သတ်သည့်သတင်း သူကြားသည်။ သူ့ရှေ့တွင် ဆန္ဒပြလူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်သည့်နောက်သူဆုံးဖြတ်ချက်ချလိုက်သည်။မြို့ပြကိုစွန့်ခွာမည်။ အညာကိုသူသွားမည်။
စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်မည်။
မိတ်ဆွေအပေါင်းသင်းများနှင့်ချိတ်ဆက်ပြီးသူ့ ဇာတိအညာကို တကျော့ပြန်ခြေချခဲ့သည်။စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရေးအတွက် အညာတကြောတွင်ဒေသကာကွယ်ရေးတပ်များ အများအပြားဖွဲ့စည်းနေကြသည့် ၂၁၂၁ နှစ် ထဲတွင် ကိုနိုင်မင်းကယင်းမာပင်ခရိုင်၌ နဂါးညီနောင်အထူးတပ်ဖွဲ့(DBTF)ကိုဖွဲ့စည်းသည်။ ရွှေတောမှာ ကြီးပြင်းခဲ့သူအဖို့ မိုင်း နှင့် မစိမ်း။ သူက မိုင်းအဓိက ထုတ်လုပ်သည်။ကာကွယ်ရေးအဖွဲ့တွေကိုမျှဝေသည်။ တော်လှန်ရေးကာလအစ အညာဒေသတွင် စစ်ကောင်စီစစ်ကြောင်းများအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်ပဒေသာမိုင်းများ၌ ကိုနိုင်မင်းထုတ်လုပ်ခဲ့သော မိုင်းများပါခဲ့သည်။
စစ်ကောင်စီနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများတွင် သူကိုယ်တိုင်ဦးဆောင်၍တိုက်သည်။တိုက်ပွဲအလီလီနွှဲပြီးသည့်နောက်ပိုင်း သူ့ရဲစွမ်းသတ္တိနှင့် ဦးဆောင်နိုင်မှုအပေါ် သတင်းစကားက ဒေသကာကွယ်ရေးတပ်ဖွဲ့များကြားတွင် လူသိများလာသည်။ သူ၏ဦးဆောင်မှုကို လူငယ်တော်လှန်ရေး သမားများက သဘောကျကြိုက်ကြသည်။ ဒေသတွင်း၌ သူတိုက်မည့်တိုက်ပွဲဆိုပါက ပူးပေါင်းတိုက်ခိုက်လိုကြသည်။ မြောက်များစွာသော တော်လှန်ရေးအဖွဲ့များ စုစည်းရန်လိုအပ်လာချိန်တွင် သူနှင့် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသလက်အောက်ခံ ယင်းမာပင်မြို့နယ်ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)ကို ဖွဲ့စည်းသည်။
တိုက်ပွဲများမဖော်ဆောင်နိုင်အားမလိုအားမရဖြစ်နေသော ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအား အပြစ်တင်မစောရန် သူက ဖျောင်းဖျလေ့ရှိသည်။
“ကိုယ့်အစိုးရကငွေကိုကုလားဖန်ထိုးရှာဖွေနေရတာ။ စစ်ကောင်စီလို ငွေထုပ်ပေါ် ထိုင်နေရတာမဟုတ်ဘူး”
ပြည်သူ့ကာကွယ်ရေးရဲဘော်များကို သူက ယင်းအတိုင်းရှင်းပြခဲ့သည်။စစ်မြေပြင်တွင်ရဲဘော်များကို အကာအကွယ်ပေးလိုပြီးဦးဆောင်တိုက်ခိုက်သူ၊ လူငယ်ကာကွယ်ရေးရဲဘော်များအပေါ် သြဇာညောင်းသူမို့ စစ်ကြောင်းမှူးတာဝန်ပေးအပ်ခံရသည်။ ULF စစ်ကြောင်းမှူးရဲဘော်နိုင်မင်းဖြစ်လာသည်။
“စကစ ကို တိုက်ဖို့ဆိုရင် ဘာကိုမဆို ကြိုးစားလုပ်မယ်ဆိုတဲ့ လူမျိုး။ရဲဘော်တွေ ငတ်မှာကို ပူသလို ရဲဘော်တွေ ထိခိုက်မှာကိုလည်း စိုးရိမ်သူ” ဟုရဲဘော်နိုင်မင်းအပေါ် ယင်းမာပင်မြို့နယ်မှ PDF တဦးကမှတ်ချက်ပြုသည်။
●ULF နှင့် ရဲဘော်နိုင်မင်း၏ တိုက်ပွဲခေါ်သံများ
ULFသည် ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကြား လက်နက်ခဲယမ်းအခက်အခဲဖြေရှင်းနိုင်ရေးနှင့် တိုက်ပွဲများတွင် စုစုစည်းစည်းဗျူဟာကျကျတိုက်ခိုက်နိုင်ရေးအတွက် ဖွဲ့စည်းလိုလိုက်ကြခြင်းဖြစ်သည်။ မဖွဲ့စည်းခင်ကရော၊ ဖွဲ့စည်းပြီးနောက်ပိုင်း၌ပါ ယင်းမာပင်ခရိုင်အတွင်းရှိတိုက်ပွဲများ၌ ကိုနိုင်မင်း၏ ခြေရာလက်ရာ အများအပြားရှိသည်။ စစ်ကောင်စီရေယာဉ်များသိမ်းယူနိုင်ခဲ့သည့် ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲ၊ ဆာလင်းကြီးမြို့နယ်က အဓိကစခန်းဖြစ်သော ညောင်ပင်ကြီးရဲစခန်းကို အကြိမ်းကြိမ်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ၊ မြို့ရကာနီးမှ လက်လွှတ်လိုက်ရသည့် ကနိမြို့သိမ်းတိုက်ပွဲ၊ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့် ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းမှ စစ်ကြောင်းအားတိုက်ခိုက်သည့်တိုက်ပွဲ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ဘေးပတ်ချာလည်ရှိကာကင်းစခန်းသိမ်းယူသည့်တိုက်ပွဲတို့တွင်သူပါခဲ့သည်။
တိုက်ရေးခိုက်ရေးကဲ့သို့ လက်တွေ့ကျသောအလုပ်များကို အချိန်တိုအတွင်း စွမ်းနိုင်သော်လည်း စာတွေ့နှင့်ဆိုင်သောသီအိုရီနယ်ပယ်များတွင် အဆင်မပြေလှ။ နည်းပညာနှင့်အလှမ်းဝေးသည်။ လူမှုကွန်ရက်နှင့်စိမ်းသည်။ တိုက်ပွဲရုပ်သံများကိုတင်၍အလှူခံပါကထောက်ပို့ငွေရမည်ကိုသိသည်။ သို့သော် သူမလုပ်တတ်။ မည်သို့လုပ်ရမည်ကို မိတ်ဆွေများထံ စူးစမ်းမေးမြန်းရှာသည်။ ရန်ပုံငွေ မလောက်င၍ တိုက်ပွဲမဖော်ဆောင်နိုင်သည့်အပေါ် သူ ငြီးတွားဖူးသည်။
” တိုက်ပွဲတိုက်ရဖို့ ပြည်သူတွေရဲ့ အထောက်အပံ့ကို မျှော်ပြီး ထမင်းစားပြီးစောင့်နေရသလိုဖြစ်ခဲ့တယ်”
ပြည်သူများ၏ ကူငွေဖြင့် စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရသော်လည်း သူကတော်လှန်ရေးစလုပ်ကတည်းက သူတွင်ရှိသမျှစည်းစိမ် ဥစ္စာအားလုံးကို တော်လှန်ရေးအတွက်ထည့်ဝင်ခဲ့သူလည်းဖြစ်ကြောင်း သူနှင့်အတူတိုက်ပွဲဝင်ခဲ့သောရဲဘော်ရဲဘက်အချို့ကပြောသည်။
ယင်းမာပင်မြို့နယ်မှ PDF တဦးက “တော်လှန်ရေးထဲကတချို့တွေ တော်လှန်ရေးကနေ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိဖို့လုပ်နေကြချိန် သူကတော့ တော်လှန်ရေးမစခင်က ရှိခဲ့တဲ့သူ့စည်းစိမ် မှန်သမျှ ရင်းချပြီး တော်လှန်ရေးလုပ်ရင်းမွဲသွားခဲ့တဲ့သူ။လူတော်ကြီး၊လူရိုးလူအေးကြီး”ဟုပြောပါသည်။
သူကျွမ်းကျင်ပြီးလွယ်လွယ်လေးလုပ်နိုင်သည်က တိုက်ခိုက်ရေးသက်သက်ဖြစ်လာသည်။ တိုက်ပွဲဖော်ဆောင်ပြီး ရန်သူဆီမှ လက်နက်ခဲယမ်းအရယူခြင်းဖြင့်အမြတ်ထွက်အောင်တိုက်မည်ဟုသူအားခဲသည်။
စစ်ဆင်ရေးစရိတ် နှင့် ကျည်ဖိုးစုစုပေါင်းသိန်း ၁,၀၀၀ ခန့် သုံးရမည့် တိုက်ပွဲဆိုပါကရန်သူဆီမှသေနတ်လေးလက်၊ငါးလက်လောက်ပြန်ရမှ အမြတ်ကျန်တာဟုသူကပြောဖူးသည်။ထိုဇောကြောင့်ပင် သူကျည်ထိခဲ့ပြီးဒဏ်ရာအပြင်းအထန်ရခဲ့ဖူးသည်။
၂၀၂၄ခုနှစ်အတွင်းက ကနီမြို့နယ်၊သစ်ကွင်းတိုက်ပွဲတွင်သေဆုံးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်ကို သူကိုယ်တိုင်ပြေးကောက်စဉ် ကျည်ထိမှန်ခဲ့သည်။တိုက်ပွဲတွင် အကြောက်အလန့်မရှိတိုက်ခိုက်၍စစ်ရေးအရအောင်မြင်မှုများရှိခဲ့သလို ဒဏ်ရာအနာတရလည်းများခဲ့သည်။ ညာဘက်ခြေထောက်နှင့်ဘယ်ဖက်လက်၌ သေရာပါဒဏ်ရာရထားသည်။သို့သော်သူက ဂျိုင်းထောက်ဖြင့် ရှေ့တန်းစစ်မြေပြင်အထိလိုက်ခဲ့သည်။
” ရှေ့တန်းမှာကိုယ့်ကိုမြင်နေရတော့ ရဲဘော်တွေအားရှိတာပေါ့။နောက်ပြီးစစ်ရေးကိုကွပ်ကဲဖို့က စစ်မြေပြင်မှာရှိကိုရှိနေရမယ်။နောက်တန်းမှာနေပြီး ဘာလုပ်မှာလဲ”ဟု ကိုနိုင်မင်းက သူအယူအဆကိုပြောခဲ့သည်။
သူ့ဗျူဟာများက ရိုးရှင်းသည်။သတ္တိရှိပြီး ဆုံဖြတ်ချက်မြန်သည်။ စခန်းသိမ်းမည်ဆိုပါကစခန်းပတ်ဝန်းကျင်ကို သူကိုယ်တိုင်ရုပ်ဖျက်ပြီးလေ့လာသည်။များသောအားဖြင့် ညနေပိုင်းအချိန်များတွင် စစ်ဆင်ရေးစတင်သည်။
“ကျတော်တို့ဒေသက တောင်တန်းလျှိုမြောင်မရှိဘူးလေ။သူတို့လက်နက်ကြီးဆင်ထားတဲ့လက်ပတောင်းတောင်ကြီးက အပေါ်ကနေ ဘောလုံးပွဲကြည့်စင်ကြီးလို မိုးထားတာလေ။ညနေဘက်စတိုက် ပြီး တစ်ညလုံးချလို့ရတယ်။တိုက်ပြီး ကိုယ့်စခန်းကို ပြန်ရင်လည်း ညဘက် ၂နာရီ ၃နာရီ အေဆေး လျှောက်ပြန်လို့ရတယ်။ စစ်ခွေးတွေ လိုက်ဖို့မလွယ်ဘူး”
စာတွေ့လုံးဝမရှိခဲ့ဘဲလက်တွေ့ကျသည့်သူ၏တိုက်ပွဲအတွေ့အကြုံဖြစ်သည်။၁၀၂၇ စစ်ဆင်ရေးဖြင့်လူထုအားတိုင်တည်ကာစစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ တိုက်ရည်ခိုက်ရည်ကို ရဲဘော်နိုင်မင်းက အားကျခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဖော်ဆောင်နေရသည်ကို သူပျော်မွေ့သည်။ တော်လှန်ရေးအပေါ် သူ့ခံယူချက်ကြောင့် ဒေသကာကွယ်ရေးရဲဘော်များအပြင် ပြည်သူအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ပုံစံမျိုးစုံရပ်တည်နေသည့်တော်လှန်ရေးအဖွဲ့များကပါ ချစ်ခင်လေးစားကြသည်။ လက်နက်ကိုင်တပ်ဖွဲ့ချင်းဖြစ်ပွားသောပွတ်တိုက်မှုများကိုသူကဖျန်ဖြေပေးနိုင်သည်။ စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပေါ် သြဇာညောင်းပြီးအလွယ်တကူစုစည်းပေးနိုင်သည်။
“အရေးကြုံလာရင် ပကဖတွေ၊ရင်းတွေ ခွဲမနေကြပါဘူး။ ချကြတာပဲ။တွယ်တာပဲ။ကျတော်တို့နားက မရဘူး။ လက်နက်ကြီးနဲ့ လေကြောင်းက မိုးမွှန်နေအောင်တုပ်တာ။ ဒါလည်း ကြိတ်တာပဲ”ဟု ပြန်ပြောပြသည်။
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ခိုက်ရေးကိုဦးစားပေးသူမို့ အနားယူချိန်နည်းပါးသည်။ စိတ်ကြည်လင်မှုကို စစ်တ််ိုက်ရင်းသူရှာဖွေသည်။ မိဘများနှင့်အတူမကြီးပြင်းခဲ့ရသူမို့ ရန်သူပင်ဖြစ်သော်လည်း စစ်သုံ့ပန်းများကို သူစာနာသည်။ ဖမ်းမိပါက ၎င်းတို့၏ မိဖများ၊ မိသားစုဝင်များထံ ဖုန်းဆက်၍အသိပေးစေသည်။ အင်္ကျီအဝတ်အစား၊ဖိနပ်ကအစ အသစ်ဆင်ပေးတတ်သည်။ထိုသို့လုပ်ပေးရသည်ကိုစိတ်ချမ်းသာသည်ဟုသူပြောခဲ့သည်။
တိုက်ပွဲအတွင်းမှ မှတ်မှတ်ရရအဖြစ်အပျက်တစ်ခုကို သူပြောပြဖူးသည်။ ၂၀၂၂ခုနှစ်က ကနီမြို့နယ်ရှိရွာတစ်ရွာကိုစစ်ကောင်စီစစ်ကြောင်းဝင်ပြီး မီးရှို့ နေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။ ဒေသခံများကို ဘေးလွတ်ရာသို့ ဆ်ိုင်ကယ်များဖြင့်ပို့ပေးစဉ် စစ်တပ်မိသားစုဝင်အဘွားအိုတစ်ဦးကိုလည်း ခေါ်လာခဲ့ကြရသည်။
စစ်ကောင်စီစစ်ကြောင်းကို ခွေးကြောင်းဟု ကာကွယ်ရေးရဲဘော်များက ပြောသည်ကို ခွေးဟုမသုံးနှုန်းရန် အဆိုပါအဖွားအိုက စိတ်ဆိုးမာန်ဆိုးပြောသည်။ကိုနိုင်မင်းတို့ကလည်း တိုက်ပွဲကြားမှပင် ပြန်လည်စနောက်ကြသည်။ စစ်ကောင်စီစစ်ကြောင်းမှလွတ်အောင် လယ်ကွင်းကိုဖြတ်ပြေးစဉ်အဖွားအိုလိုက်ပါလာသောဆိုင်ကယ် တိမ်းမှောက်သွားသည်။အဖွားအိုသေဆုံးသွားသည်။
“ခွေးနဲ့တွေ့ရင်သေမှာစိုးလို့ ကယ်ထုတ်ခါမှဆိုင်ကယ်မှောက်ပြီးသေသွားတယ်ဗျာ”ဟု ရဲဘော်နိုင်မင်းကပြောသည်။
●တမလွန်အထိ တိုက်ပွဲဝင်ခဲ့သူ
အညာဒေသတွင် တိုက်ပွဲများဖော်ဆောင်နေရင်း စက်တင်ဘာလသည် သူ၏ နောက်ဆုံးနေ့စွဲများဖြစ်လာမည်ကို ရဲဘော်နိုင်မင်း မသိရှာခဲ့။ စက်
တင်ဘာလဆန်းတွင် ကနီမြို့သို့ စစ်ကောင်စီစစ်ကြောင်းများ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။ လေကြောင်းပစ်ကူယူ၍ ချောင်းမရွာကို ဦးတည်၍စစ်ကြောင်းထိုးသည်။ ရွာပေါင်း ၂၀
ကျော်မှ အရပ်သားပြည်သူ၂၀,၀၀၀ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုစစ်ကြောင်းကို ULFနှင့် မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။
စက်တင်ဘာလ၁၁ရက် နံနက်ပိုင်းသည် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့သည်။ တိုက်ပွဲပျော် ရဲဘော်နိုင်မင်းသည် ထုံးစံအတိုင်း စစ်မြေပြင်တွင်ရှိနေသည်။ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းများသည် တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် ဝရုန်းသုန်းကားဖြစ်နေသည်။ သားကောင်နောက်ကိုလိုက်သည့်ကျားများလို ကာကွယ်ရေးရဲဘော်များက တရကြမ်းစီနင်းတိုက်ခိုက်နေသည်။
“တိုက်ပွဲက ပြီးနေပြီ။ရန်သူ့နောက်ကိုလိုက်ပြီး သုတသင်နေပြီ။ ခွေးဆယ်ကောင်လောက်ကစစ်ရှောင်တွေရှိတဲ့ဘက်ပြေးတော့ ကိုနိုင်မင်းက လိုက်ပစ်တာ။ အဲ့ဒီအချိန် လေယာဉ်ဗုံးကျတာ” ဟု မြေပြင်တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက ပြန်ပြောသည်။
ရဲဘော်နိုင်မင်းသည် စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးကြဲစဉ် စက်တင်ဘာလ ၁၁ရက် နေ့လယ် ၁၂နာရီ၃၀မိနစ်ခန့်တွင် ကျဆုံးခဲ့သည်ဟု ULFက ထုတ်ပြန်ခဲ့သည်။
ရဲဘော်နိုင်မင်း၏စျာပနကိုပြုလုပ်ရာတွင်လည်း စစ်ကောင်စီရန်ကို လှည့်စားနိုင်ရေးအတွက် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့ရသည်။ ထိုစျာပနကိုဗုံးကြဲမည်ဟုစစ်ကောင်စီကခြိမ်းခြောက်ခဲ့သည်။ ဈာပနပြုလုပ်မည့်အချိန်၊ နေရာတို့ကို လှည့်စားခဲ့ကြရသည်။စစ်ကောင်စီကလည်းဗုံးလာကြဲခဲ့ပြန်သည်။ သို့သော် ဈာပနနေရာကို မထိမှန်ခဲ့ပါ။ အထိအခိုက်မရှိခဲ့ပါ။ တိုက်ပွဲပျော်ကြီး ရဲဘော်နိုင်မင်းသည် တမလွန်ခရီးအထိ တိုက်ပွဲဝင်သွားခဲ့သည်။
“ခေတ်အဆက်ဆက်မှာ စစ်တပ်က ပြည်သူအပေါ်၊ တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက်ယုတ်မာခဲ့တယ်။ဒါကို ပြောင်းလဲပစ်ဖို့က တိုက်ပွဲခေါ်သံ အရေးကြီးဆုံးပဲ”ဟုရဲဘော်နိုင်မင်းက မကျဆုံးမီ လအနည်းငယ်တွင်ပြောခဲ့သောစကားဖြစ်ပါသည်။ ။
