ဇူလိုင် – ၁၉ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring
စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်လာသူ တပ်သား အဆင့် ၄ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတပ်သား ၄ ဦးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ် အခြေစိုက် အမှတ် ( ၂၀ ) ခြေမြန်တပ်ရင်း နဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ရှိ အမှတ် ( ၅၈၁) ခြေမြန်တပ်ရင်းတို့က ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ ၄ ဦးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင် က KNU တပ်မဟာ (၃) ၊ တပ်ရင်း (၉) ဆီ လက်နက်နဲ့တကွ ဘက်ပြောင်းလာတာလို့ KNU ကဆိုပါတယ်။

Public Service Announcement
ဘက်ပြောင်းလာသူ ၄ ဦးဟာဆိုရင် စစ်မှုထမ်းအပတ်စဉ် (၅) တပ်သား စိုးဌေးအောင် ၊ တပ်သား မြင့်မြတ်အောင် ၊ အပတ်စဉ် (၈) က တပ်သားညီညီလွင် ၊ တပ်သား နှင်းမောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေကို KNU က ကြိုဆိုခဲ့ပြီး ငွေကျပ် ၁၀ သိန်းစီ ဂုဏ်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အစီအစဉ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ က စတင်ခဲ့တာဖြစ်ပြီး အပတ်စဉ် တစ်ခုကို လူ ၅, ၀၀၀နှုန်းနဲ့ ခေါ်ယူရာမှာ အခုဆိုရင် အပတ်စဉ် ( ၁၅) ကိုရောက်ရှိနေပါပြီ။
ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တပ်သားသစ် အင်အား ၇၅,၀၀၀ ရရှိထားတယ်လို့ အကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်။
