ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး၊လက်နက်ငယ်များစွာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့(ဇူလိုင် ၁၃ရက်) ထုတ်ပြန်သည်။
ဥကရစ်ထ ကျေးရွာအနီး ဝင်ရောက် ကျူးကျော်တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (P.D.F) တပ်များမှ ဇူလိုင် ၁၂ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပြီး စခန်းသိမ်းပိုက်စဉ်အတွင်း လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ထုတ်ပြန်သည်။ လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ် ပြောပြချက်အရ ဥကရစ်ထတပ်စခန်းမှ တပ်ရင်းမှူးအပါအဝင် ၈၉ဦး ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားသည်ဟု ပြောသည်။ တပ်ရင်းမှူးမှာ ဒဏ်ရာရပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသနေသည်ဟုလည်း ပြောသည်။

Public Service Announcement
ဝေါလေစစ်ကောင်စီဗျူဟာ၏ကာကင်းစခန်ကြီးဖြစ်သောဥကရစ်ထစခန်းမှ သိမ်းဆည်းရရှိလက်နက်များတွင် လက်နက်ကြီး၊ RPG၊ စက်သေနတ် နှင့် လက်နက်ငယ်မျိုးစုံပါရှိသည်ကို တွေ့ရပြီး လက်နက်မျိုးစုံအလက် ၇၀ခန့်ရှိသည်ကို မှတ်တမ်း၌တွေ့ရသည်။
” သူတို့ လူအင်အားက ၈၀ ကျော် ၁၀၀ ကြားဆိုတော့သူတို့က ဟိုဘက်(ထိုင်းဘက်)မှာ ပြေးတဲ့အခါ လက်နက်ယူလို့မရဘူးလေ။ ချန်ထားခဲ့တာဆိုတော့ ကျနော်တို့လူတွေလိုက်ကောက်တာ ရနိုင်တယ်။ ၆၀ ကျော်တော့ရမယ်။ တချို့ကျန်အုံးမယ်။လိုက်ရှာရမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ဥကရစ်ထစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းရရှိမှု အခြေအနေအပေါ် မှတ်ချက်ပြုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှသေဆုံးသူအချို့၊ စစ်သုံ့ပန်းအချို့ရှိခဲ့သော်လည်း အရေအတွက် မသိရသေးပေ။
KNU ပူးပေါင်းတပ်ဖွဲ့သည် ဥကရစ်ထစခန်းနှင့် အတူ ဝေါလေဗျူဟာ စစ်ကောင်စီစခန်းကိုလည်း တပြိုင်တည်း တိုက်ခိုက်နေခြင်းဖြစ်ပြီး အဆိုပါ ဝေါလေစခန်းကိုလည်း မကြာမီ သိမ်းပိုက်ရရှိနိုင်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
” ဘာဖြစ်လို့လည်းဆိုတော့ သူတို့စခန်းတွေကဘာမှ မရှိတော့ဘူး။ နောက်ပြီးတော့ ဟိုတနေ့က သူများသူ့ကို ဒရုန်းသွားချတာသူတို့စခန်းတော်တော်ပျက်နေပြီ။ပျက်နေပြီဆိုတော့သူတို့လည်းတော်တော်ကြောက်လန့်နေပြီ။အခုက သူတို့ကာကင်းကြီး ဥကရစ်ထ ကျပြီဆိုတော့ နောက်ပြီးတော့ သူ့ကို စစ်ကူလိုက်မယ့်သူလည်း မရှိတော့တဲ့အခါကျတော့လည်း ဒီဘက်က ဒရုန်းနဲ့ထပ်ချမယ်ဆိုသူတို့ မခံနိုင်လောက်ဘူးနဲ့တူတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU တပ်မဟာ(၆)နယ်မြေရှိနယ်စပ်စစ်ကောင်စီစခန်းများကို မေလကစ၍ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ တလခွဲကျော်ကာလအတွင်း စစ်ကောင်စီ၏ မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ တပ်စခန်း၈ခုကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။
တပ်စခန်းအများစုမှ စစ်ကောင်စီတပ်သားများ ထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ပြီး စစ်သုံ့ပန်းအချို့လည်းဖမ်းမိခဲ့သည်။
