ဇူလိုင်-၁၉၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ၏ကိုယ်ရေးအချက်အလက်များပါဝင်သည့် ဖိုင်ပေါင်းများစွာမှအချက်အလက်ပေါက်ကြားမှုဖြစ်ပေါ်နေသည်။
စစ်ကောင်စီဝန်ထမ်းများမှ အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်အဆင့် မှ အောက်ခြေ ဝန်ထမ်း အထိ အကုန်ပါသော စစ်ကောင်စီဝန်ထမ်းနှစ်သိန်းလေးသောင်းခန့်၏ ကိုယ်ရေးအချက်အလက်များပါဝင်သည့် ဖိုင်ပေါင်း ၃၇၀၀၀ ကျော်၏ အချက်အလက်များပေါက်ကြားနေခြင်းဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်ညပိုင်းက Min Khant Aung V အမည်ရှိ လူမှုကွန်ယက်စာ မျက်နှာ၌ဖော်ပြထာခြင်းဖြစ်သည်။
အဆိုပါအချက်အလက်များ မည်ကဲ့သို့ ပေါက်ကြားသည်ကိုမူ မသိရသေးပေ ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ရှိကျောင်းများတွင် ပညာမသင်လို၍ တော်လှန်ရေးအင်အားစုများနှင့်ဆက်နွှယ်သောအွန်လိုင်းကျောင်းများတွင် ပညာသင်ယူသောကျောင်းသားများ၏အချက်အလက်အချို့ပေါက်ကြားခဲ့ဖူးပြီး စစ်တပ်ထောက်ခံသောဆိုရှယ်မီဒီယာများကဖြန့်ဝေမှုမျိုးရှိခဲ့ဖူးသည်။ယခုကဲ့သို့စစ်ကောင်စီဘက်မှဝန်ထမ်းများ၏အချက်အလက်များပေါက်ကြားမှုမျိုးမရှိခဲ့ဖူးပေ။

Public Service Announcement
စစ်ကောင်စီဝန်ထမ်းများ၏ အမည် ၊မှတ်ပုံတင် ၊ဌာန ၊လစာ ၊ရာထူး ၊ မွေး သက္ကရာဇ် ၊အသက် ၊ လိင် ၊ သွေးအုပ်စု ၊ ပင်စင်၊ ခန့်အပ်ချိန် ၊လက်ရှိ နေရပ်လိပ်စာ ၊ အမြဲတမ်း နေရပ်လိပ်စာ (အိမ်နံပါတ်၊တိုက်ခန်းအတိအကျ) ၊လက်ရှိ ကိုင်ဆောင်ထားတဲ့ ဖုန်းနံပါတ် ၊ လူမျိုး ၊ ဘာသာ ၊ အဘအမည် ၊ အမိအမည် ၊ အိမ် ထောင်ဘက် ၊နိုင်ငံရေးမှတ်ချက် ၊ ပညာ တော်သင် ၊ ပညာအရည်အချင်း ၊ စစ်ဘက်အရပ်ဘက် ဌာနပြောင်း နှင့် ၀န်ထမ်းလုပ်သက် စသည့်အချက်အလက်များပါဝင်သည်ကို တွေ့ရသည်။
ပေါက်ကြားမှုတွင် ကနဦးဖော်ပြထားသည့် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Non CDM လူစာရင်းနှင့် လက်ရှိ စစ်ကောင်စီ တွင်တာဝန်ထမ်းဆောင်နေဆဲအရာရှိများကိုလူထုနွေဦးကတိုက်ဆိုင်စစ်ဆေးကြည့်ရာအချက်အလက်များမှန်နေသည်ကိုတွေ့ရသည်။
ဦးမင်းဟိန်း(အမြဲတမ်းအတွင်းဝန်)ပြည်ထောင်စုဝန်ကြီးရုံး၊ဒေါက်တာခိုင်ခိုင်စိုး(ပြည်သူ့အင်အားဦးစီးဌာန)ညွှန်ကြားရေးမှူးချုပ်၊ဦးကျော်ယဥ်ဦး(အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန)ညွှန် ကြားရေးမှူးချုပ်၊ဦးထိန်ဝင်း (အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန)ညွှန်ကြားရေးမှူးချုပ်တို့၏ အချက်အလက်များကိုပေါက်ကြားသောဖိုင်များတွင်တွေ့ရသည်။
“ဒါက Excel ဖိုင် တစ်ဖိုင်တည်းက လူ (၇,၂၁၅ ယောက် ) ရဲ့စာရင်း ဖြစ်ပြီး ဒါမျိုး Excel ဖိုင်ပေါင်း (၉၉၀ ဖိုင်)ရှိတယ် ။၉၉၀ ဖိုင်က Folder ၁ခုစာပဲ ဖြစ်ပြီး Folder ၁၈ခုစာ ဖိုင်ပေါင်း ၃၇,၇၀၁ ဖိုင်ရှိတယ်။Created Date အရ ဇူလိုင် ၈ရက်နေ့အထိ Update ဖြစ်နေတယ်။တစ်နိုင်ငံလုံးစာ Non CDM ၀န်ထမ်းပေါင်း ၂၃၇,၀၆၇ ဦး ရှိတယ်”ဟုစစ်ကောင်စီ၏ Non CDM အချက်အလက်များရရှိထားသည်ဟု ဖြန့်ဝေသူက ပြောသည်။
အဆိုပါအကောင့်က စစ်ကာင်စီဝန်ထမ်းအားလုံး၏ အချက်အလက်ပေါက်ကြားမှုမတင်ခင် ဇူလိုင် ၁၇ ရက်ကလည်း အခြားအကောင့်တစ်ခုက စစ်ကောင်စီ၏အချက်အလက်များပေါက်ကြားမှု ကို ရုံးစာနမူနာအချို့ဖြင့်တင်ထားသေးသည်။
“ဒီ Leak ကို ဘယ်သူဖြန့်လိုက်တယ်မသိပေမယ့်စကစအတွက်တော့ အိပ်မက်ဆိုးပဲ။27 GB ဝန်းကျင်မှာဖိုင်ပေါင်း ၃၇,၇၀၁ ဖိုင်ပါဝင်ပါတယ်။
ဘာတွေပါသလဲဆိုတော့လျှို့ဝှက်အမိန့်တွေ ပြန်တမ်းတွေကိုယ်ရေးအချက်အလက်တွေအလုပ်လျှောက်သူတွေရဲ့ မှတ်ပုံတင် ဘွဲ့လက်မှတ် နေရပ်လိပ်စာ ဖုန်းနံပါတ်တွေ အရေးကြီးဒေတာတွေအများကြီးပါတယ်။အချို့စာရင်းတွေမှာဆို ဝန်ထမ်းရာပေါင်းများစွာ ၊လစာတိုးတာတွေပညာတော်သင်လွှတ်တဲ့လူစာရင်းတွေ”ဟု အဆိုပါအကောင့်က ပေါက်ကြားလာသောစာနမူနာအချို့ဖြင့်ရေးသားထားသည်။
အဆိုပါအကောင့် ၂ ခုစလုံးရေးသားချက်အရ ဖိုင်အရေအတွက်လည်းတူညီနေသည်ကိုတွေ့ရသည်။
Min Khant Aung V အကောင့်က ပေါက်ကြားသော Exel File တစ်ခုကို ဗီဒီယိုရိုက်ကူး၍ ၁ မိနစ်ခန့် ကြာသော ဗီဒီယိုကို မျှဝေရာတွင် ဝန်ထမ်းပေါင်း သုံးထောင်ကျော်၏ အချက်အလက်များကိုဖိုင်အတွင်း၌ တွေ့ရသည်။ ထိုကြောင့် ထိုကဲ့သို့ဖိုင်ပေါင်းမည်မျှ ၊ဝန်ထမ်းအရေအတွက်မည်မျှ၏
အချက်အလက်များ ပြန်နှံ့နေသည်ကို People’s Spring က သီးခြားအတည်မပြုနိုင်သေးသော်လည်း အချက်အလက်များပေါက်ကြားနေသည်မှာ မှန်ကန်နေသည်ကိုတွေ့ရသည်။
“လုပ်သွားတဲ့သူကတော့ဘယ်သူမှန်းမသိပေမယ့် ကျွတ်ဆင်ကြီးလို့ပဲပြောချင်ပါတယ်။ ဒါဟာအာဏာသိမ်းပြီးကာလမှာ စကစအတွက် အကြီးမားဆုံးထိုးနှက်မှုတခုပါ။တော်လှန်ရေးဖက်က သေချာအသုံးချနိုင်ရင်ချနိုင်သလောက် တန်ဖိုးရှိပါလိမ့်မယ်”ဟု အချက်အလက်ပေါက်ကြားမှုအကြောင်း ဇူလိူင် ၁၇ ရက်တွင်ပိုစ်တင်ခဲ့သူကရေးသားထားသည်။
ပေါက်ကြားသည့်အချက်အလက်များတွင်၀န်ထမ်းနှုတ်ထွက်စာရင်း ၊ သေဆုံးစာရင်း ၊ရာထူးတိုးစာရင်း နှင့် ရွေ့ပြောင်းစာရင်းများအပြင်မိုးကျရွှေကိုယ်(စစ်ဘက်မှအရပ်ဘက်ပြောင်း)သူများစာရင်း နှင့် စစ်တပ်ခေါင်းဆောင်များ၏ သားသမီးဝန်ထမ်းစာရင်းများပါ ပါရှိကြောင်း Min Khant Aung V အကောင့်ကဆိုသည်။CDM လုပ်ပြီးအသနားခံကာစစ်ကောင်စီလက်အောက်သို့ ပြန်ဝင်သွားသူများနှင့် ဆန္ဒအလျောက်နှုတ်ထွက်သူများ၏ အချက် အလက်များလည်းပါရှိသေးသည်ဟုဆိုသည်။
“နိုင်ငံခြားကို ပညာတော်သင်လွှတ်ထားတဲ့ ဌာနဆိုင်ရာက လူတွေ စာရင်းလဲ ရှိတယ်။ ပြည်ပထွက်ခွာရက် ၊ ပြည်တွင်းပြန်ရောက်ရက် ရောက်ရှိနိုင်ငံနဲ့ တက်ရောက်နေတဲ့ သင်တန်းတွေ ပါတယ်။ထိုင်း ၊ ဂျပန် ၊ စင်္ကာပူ ၊ ကိုရီးယား ၊ သြဇီ ၊ ဥရောပ ရောက်နေတဲ့သူတွေကို စာရင်းဆွဲထုတ်စေချင်တယ် .. ဒီလူတွေက Non-CDM ဖြစ်နေပါလျက်နဲ့ ပြည်ပထွက်ခွင့်ရပြီး ကျောင်းကိုဟန်မပျက်တက်နေတာကြောင့် စကစ သူလျှို ၊ စရဖ Cell ၊ တလရ ပူးသ၊တ်တွေ ဖြစ်နိုင်တယ် ..(စကစက သူအရပ်ဖက်၀န်ထမ်းတွေကို ပြည်ပထွက်ခွာခွင့်မပေးတော့တာ ပြည်သူတွေ သိကြပြီးဖြစ်မှာပါ)”ဟု ၎င်းက အချက်အလက်ပေါက်ကြားကို ဖွင့်ချသည်။
ထို့အပြင်ဝန်ကြီဌာနတွင်းလျှို့ဝှက်စာရွက်၊ခွင့်ပြုမိန့်၊ ရာထူးတိုးသင်တန်း၊လူအင်အား၊စာရင်း နှင့် အစည်းအဝေးမှတ်တမ်းများနှင့် ထုတ်ပယ်အရေးယူမည့်ဝန်ထမ်းများစာရင်းအပြင် စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ကုမ္ပဏီ အမည်များပါ ရရှိထားကြောင်း ၎င်းကဆိုသည်။
အဆိုပါအချက်အလက်များကို တော်လှန်ရေးအောင်မြင်ရန်အတွက်အသုံးချစေလိုပြီး ၊ ကျားဖြန့်များဆီသို့မှု ထိုအချက်အလက်များမရောက်စေလိုကြောင်းလည်းMin Khant Aung Vကရေးသားထားသည်။စစ်ကောင်စီ ဝန်းထမ်းများ၏ အချက်အလက် များပေါက်ကြားမှုနှင့်ပတ်သက်၍ Min Khant Aung V ထံဆက်သွယ်မေးမြန်းရန် People’s Spring ကကြိုးစားသော်လည်းဆက်သွယ်မရေသေးပေ။
“စကစဖက်ကတော့ ထုံးစံအတိုင်းWebsite ကြီးပိတ်ရင်လည်းပိတ်ချပါလိမ့်မယ်။ဒါပေမယ့် Data တွေ Dark web မှာပျံ့နေပြီ။ မမှီတော့ပါဘူး။ အူကြဖို့ပဲအကြံပေးချင်ပါတယ်။ကျနော့်ဆီလည်းမိတ်ဆွေတယောက် dark web link လာပို့လို့ download ယူထားတာပါ”ဟုဇူလိုင် ၁၇ ရက်တွင် စစ်ကောင်စီ အချက်အလက်များပေါက်ကြားလာကြောင်းပိုစ်တင်ထားသူကရေးသာထားသည်။
ထိုအပြင်အချက်အလက်များပေါက်ကြားသောရက်စွဲမှာ ၂၀၂၅ ဇူလိုင် ၁၆ ရက်နေ့ဖြစ်ကြောင်းဖော်ပြထားသည်။
အဆိုပါပေါက်ကြားမှုနှင့် ပတ်သက်၍ စစ်ကောင်စီက မည်သည့်ထုတ်ပြန်ချက်မျှ မထုတ်သေးသလို၊ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်များကလည်း ရေးသားပြောဆိုမှုမတွေ့ရသေးပေ။
ထပ်မံရရှိသောသတင်းများအရ အဆိုပါအချက်အလက်များပေါက်ကြားကြောင်းသတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီဌာနဆိုင်ရာအရာရှိများကဝန်ထမ်းများအား ရုံးပိတ်ရက်များ၌ ပြင်ပမသွားရန် နှင့် ပြဿနာဖြစ်ပါကဌာနအမည်ကို စစ်ကောင်စီ နှင့် ရဲတပ်ဖွဲ့မှလွဲ၍ အပြင်မျက်နှာစိမ်းများကိုမပြောရန် နှုတ်ဖြင့်ညွှန်ကြားလာသည် ဝန်ထမ်းများထံမှစုံစမ်းသိရသည်။
“ကိုယ့်ဌာနက လူတွေ တစ်သီတစ်တန်ကြီးပါလာတယ်။အခုကျမတို့ကိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သင်တန်းခေါ်ထားတာရှိတယ်။ မသွားရဲကြဘူး”ဟု ကျောင်းဆရာမတဦးကပြောသည်။
