ဇူလိုင်-၁၆၊၂၀၂၅။ ထားမြတ်၊ရဲခေါင်/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းအင်အားဖြည့်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ဦး သေဆုံးပြီး ၄ဦး အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃)က ယနေ့ သတင်းထုတ်ပြန်သည်။
နယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၁၁ရက်၊ ၁၂ရက်၊ ၁၄ရက်နှင့် ၁၅ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၁လက်နှင့် ခဲယမ်းကျည်များသိမ်းရသည်ဟု အသိပေးသည်။
လေးရက်တာအတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများတွင် ဗိုလ်မှူးအောင်ဘိုဟိန်းလည်း ပါဝင်ခဲ့ဟု ဖော်ပြသည်။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိနေသော စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး စစ်သုံ့ပန်းကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းထားဟု အသိပေးသည်။

Public Service Announcement
စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၉လက်၊ RPG ၁လက်၊ ၆၀ မမ ၁လက်နှင့် ခဲယမ်းများ သိမ်းရခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။
နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော တပ်ရင်း များမှာ စစ်ကောင်စီကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံခလရ -၂၈၂၊ခလရ – ၂၇၃၊ခမရ- ၄၀၈၊ခမရ- ၄၀၉၊ ခမရ -၄၁၀ တပ်ရင်း တို့ဖြစ်ပြီး ယင်းစစ်ကြောင်းကို ဗျူဟာ၃၃၏ ဒေါနစစ်ကြောင်း-၂ ၊ ဒေါနစစ်ကြောင်း-၃၊KNLA တပ်မဟာ-၄ ပူးပေါင်းတပ်များ၊ တပ်မဟာ-၆ တပ်ရင်း ၂၇ ပူးပေါင်းတပ်များ၊ NMSP(AD)R.M.A ၊မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ KTLA ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်ကို KNU မြိတ်-ထားဝယ်ခရိုင် ကလည်း သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီတပ် စစ်ကြောင်းသည် အင်အား ၁၀၀ခန့်ရှိနိုင်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောထားသည်။
“ဖြစ်တာကတော့ ရေဖြူဘက်ခြမ်းက။ နာရီတောင်လမ်းဆိုတာက ကလိန်အောင်နဲ့ နာရီတောင်သွားတဲ့ လမ်းပေါ့။ ရေဖြူမြို့နယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာက နယ်စပ်မှာမဟုတ်ဘူး ။နယ်စပ်နဲ့ အမှတ်(၈) လမ်းမကြားမှာဘဲ ထင်တယ်။ စစ်ရေးအခြေအနေက စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်မှာပေါ့”ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်း ရေးမှူး ပဒိုစောအယ်နားက ပြောသည်။
နတ်အိမ်တောင်နယ်စပ်စခန်းသို့ အင်းအားမဖြည့်နိုင်မီ တိုက်ခိုက်ခံရသောစစ်ကောင်စီစစ်ကြောင်း၏ နောက်ဆက်တွဲ အခြေအနေ ကိုမူ ဗျူဟာ ၃၃ စစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူထံသို့လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
နတ်အိမ်တောင်စခန်းသည် ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်း၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်က အသိပေးသည်။
KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် မြန်မာ-ထိုင်းနယ်စပ်စခန်းများဖြစ်သော သုခစခန်း၊ ငါးရံ့နီစခန်း၊ ဘောဒီစခန်း၊ ထီးခီးစခန်း၊ ထီးထစခန်းများသိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အဆိုပါဒေသ၌ နောက်ဆုံးကျန်နေသည့် နတ်အိမ်တောင်စခန်းကို အင်အားဖြည့်နေခြင်းဖြစ်သည်။
နတ်အိမ်တောင်စခန်းသည် စစ်ကောင်စီတပ် အင်အားများသည့် စခန်းတစ်ခုဖြစ်သည်ဟု KNU တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောထားသည်။ အဆိုပါနတ်အိမ်တောင်စခန်းမှ တပ်ခွဲမှူး ဖြစ်သူ ဗိုလ်ကြီးဇော်ဇော်အောင်သည့် ဇူလိုင် ၁၃ရက်တွင် KNU တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။
