ဇူလိုင်-၁၆၊၂၀၂၅။People’s Spring
စစ်အာဏာသိမ်းမှု နဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထိုင်းရဲတပ်ဖွဲ့က ဖိနှိပ်တာ၊ အမြတ်ထုတ်တာ၊ငွေညှစ်တာ၊ထင်သလိုဖမ်းဆီးတာတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ထုတ်ပြန်ခဲ့ပါတယ်။
စာမျက်နှာ ၄၈ မျက်နှာပါတဲ့ I’ll never feel secure ဆိုတဲ့ အစီရင်ခံစာကိုဇူလိုင် ၁၄ ရက်နေ့မှာHRWက ထုတ်ပြန်ခဲ့ရာမှာ ထိုင်းရဲတွေဟာ မြန်မာတွေကို ပစ်မှတ်ထား တားဆီးပြီး ငွေညှစ်လေ့ ရှိသလို ငြင်းဆိုမိရင်လည်း ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီလို ဖြစ်စဉ်တွေဟာ နှစ်နိုင်ငံကြား နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ အဖြစ်များပြီး ထိုင်းရဲတွေက မြန်မာတွေကို လမ်းလျှောက်နေတဲ့ ငွေထုတ်စက်တွေ(Walking ATMတွေ)လို့တောင်လှောင်ပြောင် ခေါ်ဝေါ်လေ့ ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
ဒုက္ခရောက်လာသူတွေကိုအကာအကွယ်ပေးရမယ့်အစားထိုင်းအာဏာပိုင်တွေကအခွင့်အရေးယူ အမြတ်ထုတ်နေတယ်လို့ HRWရဲ့ ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေးဆိုင်ရာ သုတေသီ နာဒီယာ ဟတ်ဒ်မန်းက ဝေဖန် ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့နောက် မြန်မာ စစ်ကောင်စီဟာပြည်သူတွေအပေါ် ဖိနှိပ်ညှင်းပန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ဒဏ်၊ စီးပွားရေး ကျပ်တည်းလာတဲ့ဒဏ်တွေအပြင် စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကနေပါ တိမ်းရှောင်ဖို့ သန်းနဲ့ချီ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနဲ့ တခြားနိုင်ငံတွေဆီ ထွက်ပြေးခဲ့ရပါတယ်။
လောလောဆယ် ထိုင်းမှာမြန်မာ ၄ သန်းလောက်ရှိနေပြီးထက်ဝက်လောက်ကတရားဝင်စာရွက်စာတမ်းတွေနဲ့ နေထိုင်နေတာ မဟုတ်ပါဘူး။
HRWဟာ အခုအစီရင်ခံစာအတွက် ဖေဖော်ဝါရီ လထဲမှာ ထိုင်းရောက် မြန်မာဒုက္ခသည် ၃၀ ကို အင်တာဗျူး မေးမြန်းခဲ့ပါတယ်။ အားလုံးက ထိုင်းရဲတွေရဲ့ ဖိနှိပ်မှုအတွက် အချိန်ပြည့် စိုးရိမ်နေရကြောင်း၊ သူတို့တွေဟာ ရဲတွေရဲ့ အမြတ်ထုတ်မှုအောက်မှာ သားကောင်တွေ ဖြစ်နေတယ်လို့ ခံစားရကြောင်း HRWကို ပြောပြခဲ့ပါတယ်။
တချို့ရဲတွေကတော့ ရဲကတ်လို့ခေါ်ပြီး တရားဝင် မဟုတ်ပေမယ့် အဖမ်းခံရရင် ပြန်လွှတ်ပေးမယ့် ကတ်တစ်မျိုးကို ငွေကြေးနဲ့ အလဲအလှယ်လုပ်ပြီး ထုတ်ပေးထားပါတယ်။ အဲဒီကတ်ဟာ အဖမ်းမခံရဖို့ ရာနှုန်းပြည့် အကာအကွယ်ပေးနိုင်တာမျိုးတော့မဟုတ်ပါဘူး။အဲဒီကတ်မျိုးရဲတွေဆီကဝယ်မထားနိုင်သူတွေဟာအပြင်ကိုတစ်စုတစည်းတည်းအတူမထွက်ရဲကြပါဘူး။
မဲဆောက်မှာ ခိုလှုံနေတဲ့ မြန်မာ ဂျာနယ်လစ် တစ်ယောက်ကအဓိကကြောက်နေရတာရဲတွေဖြစ်ကြောင်း၊ သူက ၆ ကြိမ် အစစ်အဆေး ခံခဲ့ရဖူးပြီး ၃ ကြိမ်မှာ ငွေပေးပြီး ညှိခဲ့ရကြောင်း HRWဆီကို ပြောပြခဲ့ပါတယ်။ လာဘ်ငွေ ပေးပေမယ့်၊ ရဲကတ် ဝယ်ထားပေမယ့်လည်း ဖမ်းဆီးခံရပြီး မြန်မာဖက်ကို ပြန်ပို့ခံရသူတွေ ရှိခဲ့ပါတယ်။ ဖြစ်စဉ် တစ်ခုမှာဆိုရင် အမျိုးသမီး တစ်ဦးနဲ့ သူ့ရဲ့ အသက် ၁၂ နှစ်အရွယ် တူမဟာ ဖမ်းဆီးခံရပြီး ၉ ရက်အကြာမှာ မြန်မာနိုင်ငံဆီ ပြန်ပို့ခြင်း ခံခဲ့ရပါတယ်။ သူတို့က ရဲတွေကို လာဘ်လည်းထိုး၊ ရဲကတ်လည်း ဝယ်ထားပေမယ့် နယ်နှင်ခံရတဲ့ အရေးကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
ထိုင်းမှာတော့ ဒုက္ခသည် အများအပြားဟာ ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့် ပါမစ်မျိုး ရနိုင်အောင် ကြိုးစားလေ့ ရှိပါတယ်။ အဲဒီကတ်ရဖို့ အလုပ်ရှင်ဆီက ထောက်ခံ ပံ့ပိုးပေးမှု လိုပါတယ်။ ဒါပေမဲ့ ပွဲစားတွေက အဲဒီကတ်ရအောင် စျေးတွေမြှင့်ပြီး တောင်းဆိုတာ၊ တကယ်မရှိတဲ့ အလုပ်ရှင်တွေကို အချက်အလက် အတုတွေ ဖြည့်ထားတာတွေ လုပ်လေ့ရှိပါတယ်။ အဲဒီကတ်ကြောင့် အဖမ်းခံရနိုင်ခြေက လွတ်နိုင်ပေမယ့် တကယ့် ဒုက္ခသည် အခွင့်အရေးနဲ့ အကာအကွယ်တွေတော့ မရပါဘူး။
ထိုင်းဟာနိုင်ငံတကာဒုက္ခသည်များဆိုင်ရာသဘောတူညီမှုတွေမှာ ပါဝင်လက်မှတ် ရေးထိုးမထားသလိုဒုက္ခသည်တွေနဲ့ဆိုင်တဲ့ဥပဒေတွေလည်း မရှိပါဘူး။၂၀၂၃ ခုနှစ်မှာစတင်ကျင့်သုံးတဲ့ အမျိုးသား ဆန်းစစ်စောင့်ကြည့်မှု ယန္တရား အစီအမံမှာလည်း မြန်မာဒုက္ခသည် အများအပြားကို အကာအကွယ်ပေးမှုကနေ ချန်လှပ်ထားပါတယ်။
HRWကတော့ အစီရင်ခံစာထဲမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံသားတွေကို ယာယီ ကူညီပေးမယ့် စနစ်တစ်ခု ဖန်တီးပေးဖို့၊ သူတို့ရဲ့အခွင့်အရေးတွေကို လေးစားပေးဖို့ တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီဖြစ်တဲ့ (UNHCR)ကလည်း ဒုက္ခသည်တွေကို မြန်မာဖက် အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်ဖို့ ထိုင်းကို မေတ္တာရပ်ခံထားပါတယ်။
ထိုင်းဟာ မြန်မာ ဒုက္ခသည်တွေအပေါ် အမြတ်ထုတ်နေတာတွေ ရပ်တန့်ပြီး သူတို့အတွက် တကယ့်စစ်မှန်တဲ့ အကာအကွယ်မျိုး ပေးသင့်နေပါပြီလို့ ဟတ်ဒ်မန်းက ပြောကြားသွားပါတယ်။
ကိုးကား- HRW
