တူရကီ အစိုးရကို ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင် ဆန့်ကျင်ခဲ့တဲ့ ကာ့ဒ်ပြောက်ကျားအဖွဲ့ဖြစ်တဲ့ ကာ့ဒ်အလုပ်သမားပါတီ (PKK)ဟာ အလုံးစုံ လက်နက်စွန့်လွှတ်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်ပါတယ်။
ဇူလိုင် ၁၁ ရက်နေ့က အီရတ်နိုင်ငံ မြောက်ပိုင်းက ကာ့ဒ်မျိုးနွယ်စုတွေ နေထိုင်ရာ ဆူလိုင်မာနီယာ ဒေသမှာ PKK တပ်ဖွဲ့ဝင် ၃၀ လောက်ဟာ သူတို့ရဲ့ ရိုင်ဖယ်သေနတ်တွေကို မီးတင်ရှို့တဲ့ အခမ်းအနားလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ဟာ အန်ကာရာ မြို့တော်မှာရှိတဲ့ တူရကီ အာဏာပိုင်တွေဆီ လက်နက်ချမယ့်အစား သူတို့ရဲ့ လက်နက်တွေကို ဖျက်ဆီးပစ်ဖို့ ရွေးချယ်ခြင်းကို ပြသဖို့ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနားကို ပြုလုပ်ချိန်မှာတော့ လုံခြုံရေးကို တိုးမြှင့်ထားခဲ့ပါတယ်။ တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ကတော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ခွာဖို့ PKKရဲ့ ဦးတည်နေမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ PKKရဲ့ လက်နက်ကိုင် တော်လှန်ရေး ပြီးဆုံးသွားခြင်းဟာ ဆက်စပ်ဒေသ အားလုံးကို အကျိုးရှိစေလိမ့်မယ်လို့ သူက ဆိုပါတယ်။
၁၉၇၈ ခုနှစ်မှာ ပါတီထူထောင်ခဲ့ပြီး ၁၉၈၄ မှာ အစပြုလာခဲ့တဲ့ PKKရဲ့ ရှည်လျားတဲ့ လက်နက်ကိုင် တော်လှန်ရေး သမိုင်းကြောင်း တလျှောက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် လူ ၄၀၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။

Public Service Announcement
မကြာသေးခင်ကတော့ PKKဟာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို စွန့်လွှတ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ PKKကို တူရကီ အစိုးရသာ မကဘဲ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း အကြမ်းဖက် အဖွဲ့အစည်း တစ်ခုလို့ စွပ်စွဲ သတ်မှတ်ထားပါတယ်။
တူရကီက ဖမ်းဆီးထားတဲ့ PKKခေါင်းဆောင် အက်ဘ်ဒူလာ အိုကာလန်က သူ့ရဲ့ အဖွဲ့အစည်းဟာ လက်နက်ကိုင် လမ်းစဉ်အစား ဒီမိုကရေစီ နိုင်ငံရေးနဲ့ ဥပဒေဘောင်အတွင်း ခိုဝင်ခြင်းတွေကို ရွေးချယ်သွားမှာဖြစ်ပြီး တစ်ဆင့်ချင်းစီ အကောင်အထည် ဖော်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
PKKရဲ့ လက်နက်စွန့်လွှတ်ရေး အကောင်အထည် ဖော်မှုတွေကို နောက်ထပ် တူရကီ ကာ့ဒ်နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ DEMနဲ့ တူရကီ မီဒီယာတွေကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။ လာမယ့် အဆင့်တွေမှာတော့ ကာ့ဒ်တွေရဲ့ နယ်မြေသတ်မှတ်ရေး ကိစ္စအတွက် တူရကီ၊ အီရတ် အစိုးရတွေနဲ့ အီရတ်မြောက်ပိုင်းက ကာ့ဒ်ဒေသ အုပ်ချုပ်ရေး အာဏာပိုင်တွေကြား ဆွေးနွေးမှုတွေ ရှိလာနိုင်ကြောင်း သိရပါတယ်။
ကိုးကား: Al Jazeera
