ပြီးခဲ့တဲ့လက ပျက်ကျခဲ့တဲ့ အိန္ဒိယ ခရီးသည်တင် လေယာဉ်ဟာ ပျက်မကျခင်မှာ လေယာဉ်ဆီ ပို့ဆောင်မှု စနစ်မှာ အဖွင့်အပိတ် ဖြစ်သွားခဲ့တယ်လို့ စစ်ဆေး တွေ့ရှိလာခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့က အမာဒါဘက်မြို့မှာ လေယာဉ်ကွင်းကနေ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ကနဦး ရလဒ်တွေကို တစ်လအကြာမှာ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ လေကြောင်း မတော်တဆမှု စုံစမ်းရေးဗျူရိုက လေယာဉ်ဟာ ပျက်မကျခင်မှာ ဆီပို့ဆောင်မှု စနစ် နှစ်ခုစလုံးကို ‘စီးဆင်း’ဆိုတဲ့ settingအစား ‘ဖြတ်တောက်’အဖြစ် ခဏတာ ပြောင်းလဲထားခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ အဓိပ္ပါယ်ကတော့ အဲဒီအချိန်မှာ အင်ဂျင်တွေဆီကို လောင်စာဆီ မရောက်တော့ပါဘူး။
ဗျူရိုရဲ့ ထုတ်ပြန်ချက်မှာ အဲဒီတွေ့ရှိချက်ကို ဖော်ပြထားပေမယ့် ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုတော့ အသေးစိတ် ကောက်ချက်ဆွဲထားတာ မရှိဘူးလို့ ဆိုပါတယ်။
Boeingရဲ့ 787-8 Dreamliner အမျိုးအစား လေယာဉ်ဟာ ဗြိတိန်ရဲ့ လန်ဒန်မြို့တော်ဆီ ဦးတည်ပျံတက်သွားရာက လူနေဧရိယာထဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဆိုးရွားလှတဲ့ လေကြောင်း မတော်တဆမှုမှာ လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၄၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးသာ အသက်ရှင်ခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်ပေါ်ရှိနေသူ ၁၉ ဦးလည်း အသက်ဆုံးရှုံးခဲ့ကြပါတယ်။

Public Service Announcement
လေယာဉ်ဟာ အမြင့်ဆုံး မြန်နှုန်းဆီ ရောက်ရှိနိုင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ အင်ဂျင် ၁ နဲ့ ၂ ဆီကို လောင်စာဆီ ပို့လွှတ်တဲ့ စနစ်တွေဟာ တစ်စက္ကန့်ရဲ့ ၁၀ ပုံ ၁ ပုံသာခြားပြီး ပိတ်သွားခဲ့တယ်လို့ စာမျက်နှာ ၁၅ မျက်နှာပါတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လေယာဉ်မှူး အခန်းထဲက အသံမှတ်တမ်းတွေမှာတော့ တစ်ဦးက ဘာကြောင့် အဲဒီလို ဆီစီးဆင်းမှုကို ပိတ်လိုက်သလဲလို့ လှမ်းမေးပြီး နောက်တစ်ယောက်က သူလုပ်တာ မဟုတ်တဲ့အကြောင်း ပြန်ဖြေခဲ့တာကို ကြားခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ အဲဒီနောက် ချက်ချင်းပဲ လေယာဉ်ဟာ အရှိန်နဲ့ နိမ့်ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
နောက်တော့ အင်ဂျင်တွေဆီ ဆီရောက်အောင် စနစ်ကို ပြန်ဖွင့်လိုက်ပေမယ့် အဲဒီအချိန်မှာပဲ လေယာဉ်မှူး တစ်ဦးက အရေးပေါ် အကူအညီ တောင်းခံမှု မေဒေး အချက်ပြ သတင်းစကားကို စတင် ပေးပို့ခဲ့ပါတယ်။ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က ဘာပြဿနာ ဖြစ်လို့လဲဆိုတာ ပြန်မေးခဲ့ပေမယ့် အကြောင်းပြန်မှု မရတော့ဘဲ လေယာဉ်ကွင်းနဲ့ မလှမ်းမကမ်းမှာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ဟာ ခဏတာ ဆီပြတ်တောက်တဲ့ အချိန်အတွင်းမှာတင် အင်ဂျင်တွေရဲ့ လည်ပတ်မှုကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်သွားစေခဲ့တယ်လို့ ယူဆရပါတယ်။ အင်ဂျင်တွေဆီ ဆီစီးဆင်းမှုကို ဖြတ်တောက်တာ လေဆိပ်မှာ လေယာဉ်ကို ဘေးကင်းကင်းနဲ့ ရပ်နားပြီးချိန် အင်ဂျင်တွေကို ရပ်နားထားတဲ့အခါ၊ ဒါမှမဟုတ် အင်ဂျင် မီးစွဲလောင်တာမျိုး အရေးပေါ် အခြေအနေတွေမှာပဲ အဲဒီလို ဆီဖြတ်တောက်မှုမျိုးကို လုပ်လေ့ရှိပါတယ်။
ဆယ်စုနှစ် တစ်ခုအတွင်း ကမ္ဘာပေါ်မှာ အသေအပျောက် အများဆုံး လေကြောင်းမတော်တဆမှုတွေထဲက တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုကို အိန္ဒိယ အရပ်ဖက် လေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ခံ ဗျူရိုက အဓိက တာဝန်ယူ စုံစမ်းနေတာ ဖြစ်ပါတယ်။
လေယာဉ်ကို ထုတ်လုပ်ခဲ့တဲ့ အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingကတော့ အခုထွက်ပေါ်လာတဲ့ ကနဦး အစီရင်ခံစာနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးဘူးလို့လည်း သိရပါတယ်။
ကိုးကား: Reuters
