close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီ သမ္မတရဲ့ အဓိကပြိုင်ဘက် ဖမ်းဆီးခံရမှုဟာ အာဏာသိမ်းတဲ့ လုပ်ရပ်မျိုးလို့ အတိုက်အခံတွေ ဝေဖန်

တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်ရဲ့ အဓိက နိုင်ငံရေး ပြိုင်ဘက် အဖမ်းခံရခြင်းဟာ အာဏာသိမ်းမှုနဲ့ မခြားဘူးလို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။

REUTERS/Tolga Uluturk

တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်ရဲ့ အဓိက နိုင်ငံရေး ပြိုင်ဘက် အဖမ်းခံရခြင်းဟာ အာဏာသိမ်းမှုနဲ့ မခြားဘူးလို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။

တူရကီရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်ရဲ့ မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်နေသူ အက်ခ်ရမ် အီမမ်ဂလူဟာ အဂတိ လိုက်စားမှု၊ အကြမ်းဖက် ထောက်ပံ့အားပေးမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ သူဟာ ၂၀၂၈ ရွေးကောက်ပွဲမှာ အာဒိုဝမ်ကို အနိုင်ရမယ့် ပြိုင်ဘက်အဖြစ် ထင်ကြေးပေး ခံထားရသူ ဖြစ်ပါတယ်။ တူရကီရဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကတော့ သူတို့ရဲ့ သမ္မတလောင်းကို မတရား ဖမ်းဆီးတာဟာ အာဒိုဝမ်ရဲ့ အာဏာသိမ်းမှုမျိုးလို့ ပြောကြားခဲ့ပါတယ်။

မတ်လ ၁၉ ရက်နေ့တုန်းက နောက်ထပ် လူ ၁၀၀ လောက်နဲ့အတူ အီမမ်ဂလူဟာ အဂတိ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံခဲ့ရပြီး အဲဒီ အခြေအနေက တူရကီ နိုင်ငံရေး ကဏ္ဍမှာ ကြီးကြီးမားမား ဂယက်ထမှုတွေ ပေါ်ပေါက်လာစေပါတယ်။ သူ့ကို ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP)က ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲဝင် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် သတ်မှတ် ကြေညာပြီး ရက်ပိုင်းအကြာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အာဒိုဝမ်က ဝန်ကြီးချုပ်နဲ့ သမ္မတ ရာထူးတွေကို ပြောင်းယူပြီး ၂၂ နှစ်လောက် အုပ်ချုပ်လာခဲ့တဲ့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံထဲမှာ အခုဖြစ်ရပ်ကို အကြောင်းပြုပြီး နိုင်ငံရေးအရ စိုးရိမ်မှုတွေ မြင့်တက်လာသလို တူရကီ လိုင်ယာငွေ တန်ဖိုးဟာလည်း အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် သမိုင်းတလျှောက် အနိမ့်ဆုံးအဖြစ် တစ်ဒေါ်လာကို ၄၂ လိုင်ယာနှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၄ နှစ်အရွယ် အီမမ်ဂလူဟာ ရွေးကောက်ပွဲအတွက် အကြိုကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတချို့မှာ လူကြိုက်အများဆုံးအဖြစ် ရပ်တည်နေခဲ့သူပါ။ အခုတော့ သူဟာ စွဲချက်နှစ်ခုအတွက် အမှုရင်ဆိုင် ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ သူဟာ ဒုစရိုက်ဂိုဏ်း တစ်ခုကို ဦးဆောင်နေပြီး တင်ဒါ စနစ်မှာ လိမ်ညာတာတွေနဲ့ အဂတိမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

ဖမ်းဆီး ခံရပြီးတဲ့နောက် အီမမ်ဂလူရဲ့ လက်ရေးနဲ့ စာတစ်စောင်ဟာ လူမှုကွန်ရက်ပေါ် ရောက်လာပြီး သူက တူရကီ နိုင်ငံသားတွေ အနေနဲ့ သူ့အပေါ် ပစ်မှတ်ထား လိမ်ညာ၊ ထောင်ချောက်ဆင်၊ လှည့်စားထားတာတွေကို သေချာပေါက် တုံ့ပြန်ကြလိမ့်မယ်လို့ ရေးသားထားပါတယ်။

တူရကီ တရားရေးဝန်ကြီး ယီလ်မက်ဇ်တန့်ခ်က အီမမ်ဂလူ အဖမ်းခံရတာဟာ သမ္မတ အာဒိုဝမ်နဲ့ လုံးဝ မပတ်သက်ဘူးလို့ ငြင်းဆိုခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြတာတွေလည်း မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။ အာဏာပိုင်တွေက အစ္စတန်ဘူလ်မြို့ရဲ့ လမ်းတချို့ကို ယာယီပိတ်ပြီး လုံခြုံရေး အစီအမံတွေ တိုးမြှင့်ခဲ့ပေမယ့် မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ရာ ရဲစခန်းရှေ့မှာ ရာနဲ့ချီတဲ့ ပြည်သူတွေ စုဝေးပြီး နောင်တစ်ချိန်မှာ ဒီလုပ်ရပ်အတွက် အာဏာရ AKပါတီက တာဝန်ခံရစေမယ်လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၁၉ ရက် ညနေပိုင်းမှာတော့ အစ္စတန်ဘူလ်ရဲ့ ဆာရာချာနီ မြို့နယ်ထဲမှာ လူတွေ ထောင်သောင်းချီ စုဝေးခဲ့ပြီး CHP ခေါင်းဆောင် အော့ဇ်ဂူအာ အိုဇဲလ်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာ ကြောက်လာတဲ့ အာဒိုဝမ်ဟာ အီမမ်ဂလူကို ရန်လို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း စွပ်စွဲသွားပါတယ်။ လောလောဆယ် အဖမ်းခံထားရတဲ့တိုင် အီမမ်ဂလူဟာ CHPရဲ့ ရွေးကောက်ပွဲဝင် သမ္မတလောင်းအဖြစ် ဆက်ရှိနေမယ်လို့လည်း သူက ဆိုပါတယ်။

အသက် ၇၁ နှစ်အရွယ် အာဒိုဝမ်ဟာ ၂၀၂၄ ခုနှစ်တုန်းက သူ့ရဲ့ နိုင်ငံရေး သက်တမ်းတလျှောက် အဆိုးဆုံး ရွေးကောက်ပွဲ ရလဒ်ဆိုးတွေနဲ့ ကြုံခဲ့ရပါတယ်။ နိုင်ငံအနှံ့က မြူနီစီပယ် ရွေးကောက်ပွဲတွေမှာ CHPဟာ အဓိက မြို့ကြီး အများအပြားမှာ အာဏာရ AKပါတီကို နောက်ကောက်ချနိုင်ခဲ့ပြီး အာဒိုဝမ်ရဲ့ ပါတီဟာ အရင်က အခိုင်အမာ မဲဆန္ဒနယ် ဖြစ်ခဲ့တဲ့ မြို့တချို့မှာပါ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တူရကီနိုင်ငံ မြောက်ပိုင်းက လူသိများတဲ့ နှင်းလျှောစီး စခန်း တစ်ခုမှာ ဟိုတယ်မီးလောင်မှုကြောင့် လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စကားစစ်ထိုးရင်း အမတ်တွေ လက်သီးစွမ်း ပြကြလို့ တူရကီ လွှတ်တော်ကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရားရေးဝန်ကြီး ယီလ်မက်ဇ် တွန်းခ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးတွေကြောင့် တူရကီရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အားထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သူက ကြုံးဝါးသွားခဲ့ပါတယ်။