တူရကီမှာ ငလျင်လှုပ်ခတ်ချိန်အတွင်း တိုက်အမြင့်တွေကနေ ကြောက်လန့်တကြား ခုန်ချကြရာက လူပေါင်း ၁၅၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တူရကီရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ် မြို့နားမှာ မဂ္ဂနီကျု ၆.၂ အဆင့် ပြင်းထန်တဲ့ ငလျင်တစ်ခု ဧပြီ ၂၃ ရက်နေ့က လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အစ္စတန်ဘူလ် ကမ်းလွန်မှာရှိတဲ့ မာမာရာ ပင်လယ်ပြင်ကို ဗဟိုပြုပြီး အဲဒီငလျင် လှုပ်ခတ်ခဲ့တဲ့နောက် နာရီအနည်းငယ်အတွင်း ပြင်းအား အမျိုးမျိုးနဲ့ နောက်ဆက်တွဲငလျင်ပေါင်း ၁၃၀ လောက် ဆက်လှုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက အပြင်းဆုံး တစ်ခုဟာ မဂ္ဂနီကျု ၅.၉ အဆင့် ရှိပါတယ်။
အစ္စတန်ဘူလ်မှာ ငလျင်ဒဏ်ကြောင့် အရမ်းပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ပေမယ့်လည်း ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေတဲ့ အချိန်အတောအတွင်း ဆောက်တည်ရာမရ ပြေးလွှားကြရင်း၊ အထပ်မြင့်တွေကနေ ခုန်ချကြရင်း ဒဏ်ရာရသူ ၁၅၁ ဦးထက်မနည်း ရှိခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ငလျင်ကြီး လှုပ်ခတ်ချိန်ဟာ နေ့လယ်ပိုင်း ဖြစ်တာကြောင့် လူတွေ နိုးနိုးကြားကြား ရှိနေပြီး လမ်းတွေပေါ် ပြေးဆင်းခဲ့ကြပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေသေးတာကြောင့်လည်း မြို့ခံ အများအပြားဟာ ညပိုင်းမှာ အိမ်ထဲ ပြန်ဝင်အိပ်ဖို့ တွန့်ဆုတ်နေကြပါတယ်။

Public Service Announcement
အာဏာပိုင်တွေကတော့ ငလျင်အတွင်း နေအိမ်တွေရဲ့ ကြံ့ခိုင်မှု အပိုင်းကို ထိခိုက်သွားတယ်လို့ ယူဆရင် လုံးဝ အိမ်ထဲ ပြန်မဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဆေးရုံရောက်နေသူ ၁၅၁ ဦးထဲက အားလုံးနီးပါးဟာ တိုက်တွေရဲ့ ဝရန်တာတွေကနေ ခုန်ချခဲ့ကြရာက ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ အစ္စတန်ဘူလ် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီ ၂၂ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ အစ္စတန်ဘူလ်နဲ့ ကီလိုမီတာ ၄၀ လောက်အကွာ ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာ ဝန်းကျင်လောက် အတိမ်ပိုင်းကို ဗဟိုပြုခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ရဲ့ သက်ရောက်မှုကို အစ္စတန်ဘူလ် ဆင်ခြေဖုံး ဧရိယာတွေဖြစ်တဲ့ တက်ခ်ရီဒက်ဂ် ယာလိုဗာ၊ ဘာလီကက်ဆာတို့အပြင် အစ္စတန်ဘူလ်ရဲ့ တောင်ဖက် ကီလိုမီတာ ၅၅၀ အကွာမှာရှီတဲ့ အစ်ဇ်မာမြို့မှာပါ အတော်ကြီး ပြင်းပြင်းထန်ထန် သိရှိ ခံစားခဲ့ရပါတယ်။
တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က ဘုရားသခင် ကျေးဇူးတော်ကြောင့် ပြဿနာ ကြီးကြီးမားမား မဖြစ်တာကို ကျေးဇူးတင်မိကြောင်း၊ နိုင်ငံကို ကျရောက်မယ့် ဘေးဆိုးတွေ၊ အန္တရာယ်တွေ၊ မတော်တဆမှုတွေ၊ ဒုက္ခတွေကနေ ဘုရားသခင်က ကူညီ ကာကွယ်ပေးဖို့ ဆုတောင်းကြောင်း ပြောပါတယ်။
ပညာရှင်တွေက အစ္စတန်ဘူလ်ဟာ မြေပြင် အနေအထားအရ ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်ခတ်တဲ့ အခြေအနေမျိုး ကြုံလာနိုင်တဲ့ ငလျင် အန္တရာယ်ဇုန် တစ်ခုအဖြစ် နှစ်ရှည်လများ သတိပေးထားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး တူရကီမှာ လူပေါင်း ၆၀၀၀၀ လောက် သေဆုံးခဲ့ပြီး ဆီးရီးယားဖက်မှာ ၈၀၀၀ လောက် အသေအပျောက် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Guardian
https://www.theguardian.com/world/2025/apr/23/turkey-people-hurt-jumping-from-buildings-amid-earthquake-near-istanbul-say-authorities
