“ဒီနေ့ ဝေါလေစခန်းကိုပစ်ခတ်မှုမှာသူတို့ဆီကခဲယမ်းတိုက်ပေါက်ကွဲတယ်လို့ ယူဆရတယ်။ ကြီးမားသော ပေါက်ကွဲသံနဲ့အတူ မီးခိုးလုံးကြီးတက်လာတယ်”
— ကရင်စစ်ရေးသတင်းရင်းမြစ်
ဇူလိုင်-၁၁၊ ၂၀၂၅။ People’s Spring
မြန်မာ-ထိုင်းနယ်စပ်အနီးဝေါလေဗျူဟာကုန်းတိုက်ပွဲပြင်းထန်ပြီး ဒီကနေ့(ဇူလိုင် ၁၁ရက်)မှာ ဝေါလေဗျူဟာရဲ့ ခဲယမ်းတိုက်ပေါက်ကွဲမှုဖြစ်တယ်လို့ယူဆရပြီးကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
“ဒီနေ့ ဝေါလေစခန်းကိုပစ်ခတ်မှုမှာသူတို့ဆီကခဲယမ်းတိုက်ပေါက်ကွဲတယ်လို့ ယူဆရတယ်။ ကြီးမားသော ပေါက်ကွဲသံနဲ့အတူ မီးခိုးလုံးကြီးတက်လာတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ၁၀ရက်ကလည်း ဝေါလေဗျူဟာကုန်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ ဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါလေမြို့ရဲ့တောင်ဘက်မှာရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဧပြီလကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။
နယ်စပ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကို ထိုင်းစစ်တပ်ကလည်းစောင့်ကြည့်နေပြီး KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်စခန်းထဲမှာ ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ရုပ်သံမှတ်တမ်းနဲ့တကွရေးသားဖော်ပြထားပါတယ် ။
မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဝေါလဗျူဟာ ၊ဥကရစ်ထစခန်း နဲ့ တိသဲလယ်ကာကင်းစခန်းတို့ပဲကျန်ရှိတော့တာဖြစ်ပါတယ်။ ဥကရစ်ထ နဲ တိသဲလယ်စခန်းတွေကိုလည်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပါတယ် ။
တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝေါလေဗျူဟာကုန်းစခန်းရှိရာ ဝေါလေမြို့ကိုပြီးခဲ့တဲ့ ဇူလိုင် ၄ရက်မှာ စစ်တပ်က ၁၂၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာအရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြန်မာ – ထိုင်းနယ်စပ်မျဉ်းအနီးက ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေမြို့ခံ ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၊ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
