ယူကရိန်းဆီ အမေရိကန်က စစ်လက်နက်တွေ ပြန်လည် ပေးပို့နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ယူကရိန်းဆီ စစ်လက်နက်တချို့ ပေးပို့မှုကို ဆိုင်းငံ့ထားကြောင်း အိမ်ဖြူတော်က ကြေညာပြီး ရက်ပိုင်းအကြာမှာ အဲဒီ အခြေအနေကနေ အပြောင်းအလဲ ပြန်ဖြစ်လာတယ် ဆိုတာကို ဇီလန်စကီးက အတည်ပြုခဲ့တာပါ။ အခု သီတင်းပတ်ထဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ အစိုးရနဲ့ NATO စစ်မဟာမိတ် အဖွဲ့တို့ဟာ ယူကရိန်းဆီ လက်နက် တင်ပို့ရေးနဲ့ ပတ်သက်လို့ သဘောတူညီမှု အသစ်တစ်ခု ရရှိခဲ့တယ်လို့ NBCနဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။
ထရမ့်ရဲ့ အဆိုအရ အမေရိကန်ဆီက စစ်လက်နက်တွေကို NATOက လက်လွှဲဝယ်ယူပြီး ယူကရိန်းဆီ ခွဲဝေ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ လက်နက်တွေ ပို့ဆောင်မှုကို ဆိုင်းငံ့ထားတဲ့ ကာလအတောအတွင်း ဇီလန်စကီးက အမေရိကန်ရဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းအတွက် အခက်အခဲတွေ ကြုံလာရစေနိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ဇူလိုင် ၁၁ ရက်နေ့မှာတော့ ဇီလန်စကီးက အမေရိကန်ဟာ ယူကရိန်းဆီ ရောက်လာမယ့် စစ်လက်နက်တွေကို ပုံမှန်ပြန်လည် ပို့ဆောင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဇီလန်စကီးဟာ အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး စနစ် ၁၀ ခု ဖြည့်တင်းပေးဖို့လည်း NATOကို မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

Public Service Announcement
ဇူလိုင် ၁၀ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့ဆီ ရောက်ရှိနေချိန်မှာ ဇီလန်စကီးက Patriot စနစ် နှစ်ခုအတွက် ဂျာမနီက ငွေပေးချေဖို့၊ နောက်တစ်ခုအတွက် နော်ဝေးက စရိတ်စိုက်ပေးဖို့ သဘောတူခဲ့သလို တခြားဥရောပ မဟာမိတ် နိုင်ငံတွေကလည်း ဝိုင်းကူကြမယ်လို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ ဂျာမနီနဲ့ စပိန်တို့လို နိုင်ငံတွေဟာ သူတို့ပိုင်ဆိုင်ထားတဲ့ Patriot စနစ်တွေကို ယူကရိန်းဆီ လွှဲပေးဖို့ တိုက်တွန်းထားကြောင်း၊ ဒါဆိုရင် ယူကရိန်းမှာ ခပ်မြန်မြန် စတင်ဖြန့်ကျက် အသုံးပြုနိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ မြို့ပြတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး အရှိန်မြှင့် တိုက်ခိုက်လာချိန်မှာ အဲဒီ လက်နက်ခဲယမ်းတွေကို ကြားဖြတ် ပစ်ချဖို့အတွက် Patriotလိုမျိုး အစွမ်းထက် လေကြောင်းကာကွယ်ရေး စနစ်တွေကို ယူကရိန်းက အပူတပြင်း လိုအပ်လာနေတာ ဖြစ်ပါတယ်။
ကိုးကား: BBC
