ဇူလိုင်-၄၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သား ၄ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာပကဖအဖွဲ့က ပြောပါတယ်။
ဇူလိုင်(၃)ရက်က မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကစစ်မှုထမ်းခေါ်ခံရတဲ့ တပ်သား ၄ ယောက်ဟာ မုံရွာမြို့နယ် ပကဖ ၊ တိုက်နယ် ၂ ပကဖ တိုက်ခိုက် ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာတာဖြစ်ကြောင်း မုံရွာပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
သူတို့ ၄ ဦးဟာ ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေကိုယ်စား စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးက အစားထိုးထည့်လိုက်တာဖြစ်ကြောင်း၊ PDF ဆီထွက်ပြေးရင်လည်း အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ကြားကနေ ထွက်ပြေးလာတာဖြစ်ကြောင်း မုံရွာပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“မြေပြင်ချိတ်ဆက်မှုနဲ့ပါ။နမခကင်းရက်ရှည် အခြေပြုတဲ့ ကျေးရွာတခုမှာ တာဝန်ကျတဲ့အချိန် ထွက်လာကြပြီး ကျွန်တော်တို့ရဲဘော်တွေက ရန်သူအခြေပြုကျေးရွာအနီးထိ သွားပြီး ခေါ်ထုတ်လာကြတာပါဗျ။”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။
သူတို့၄ ဦးကMA 1တလက်၊ MA3 နှစ်လက်နဲ့ ကျည်တချို့ ယူဆောင်လာလို့ ဆုကြေးငွေချီးမြှင့်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ကြိုဆိုနေတယ်လို့ မုံရွာပကဖက ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၂၉ ဦးထိရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ တတိယပတ်အတွင်းမှာတင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ဝ ဦးအနက် ၆ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။
