ဧပြီ ၂၉၊ ၂၀၂၅။Scorpio၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့ရဲတပ်ဖွဲ့က ရဲတပ်သားတစ်ဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဧပြီ ၂၆ ရက်က မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊ တောင်သာမြို့ပေါ်က ရဲတပ်သားတစ်ဦးဟာ Myingyan Black Tiger (MBT)တပ်ဖွဲ့ကို Facebook pageကနေတဆင့် ဆက်သွယ်ပြီး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲက ပြောပါတယ်။
“မြို့ပေါ်ကနေ သွားခေါ်ရတာဆိုတော့ အခက်အခဲတော့ရှိတယ်။ မြင်းခြံခရိုင်တပ်ရင်း၃ကနေ အဓိက ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာပါ။”လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

Public Service Announcement
လက်နက်နှင့်တကွ ပူးပေါင်းလာတဲ့ အဆိုပါ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
အဲဒီရဲတပ်သားဟာ ၂၀၂၁ခုနှစ်မှာ တော်လှန်ရေးလုပ်ငန်း တွေလုပ်ခဲ့ပြီး ၂၀၂၂ခုနှစ်မှာ အမှတ်(၅) မှော်ဘီရဲတပ်ရင်းကို တပ်သားအဖြစ် ဝင်ရောက်ခဲ့တာလို့ အလင်းဝင်လာတဲ့ ရဲက ဆိုပါတယ်။
“ကျွန်တော်လက်နက်လိုချင်လို့ စဝင်ပြီးကတည်းက ရှေ့တန်းရောက်ပို့လို့ လက်နက်ရပြီးတာနဲ့ထွက်ဖို့ စီစဉ်ထားတာ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄အတွင်းကလည်း တောင်သာမြို့ပေါ်က ရဲတပ်သားတချို့ ဒေသတွင်း တော်လှန်ရေးတွေထံ အလင်းဝင်ရောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ယခုလက်ရှိ တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုတချို့ရှိခဲ့ပြီး ဧပြီ ၂၇ ရက်ကတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမောက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
