မေ-၂၆၊၂၀၂၅။သတိုး/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။
“သူတို့ဘက်ကလည်း ပြန်ပစ်ပါတယ်။ဆက်တိုက် ပစ်တာ။ ဒါပေမယ့် ရဲဘော်အားလုံး ဘေးကင်းလုံခြုံပါတယ်”ဟု BWMမှ တာဝန်ရှိသူကပြောသည်။
ယင်းစစ်ဆင်ရေးကို မေလ ၂၅ ရက် ညနေ ၆နာရီ ၄၉မိနစ်တွင် ၁၀၇ မမ ရှော့တိုက်ဒုန်း ခုနစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ ခြောက်လုံးအောင်မြင်ခဲ့သည်ဟု BWMက အသိပေးသည်။

Public Service Announcement
အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)အဖွဲ့ကဦးဆောင်၍ No More Dictatorship (NMD)နှင့် Shadow (Monywa) အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နယ်မြေခံအဖွဲ့များဖြစ်သည့် Yan Gyi Aung အဖွဲ့၊ Budalin Mobile Team အဖွဲ့၊ နယ်မြေခံပကဖ၊ ရွှေတြိဂံ မဟာမိတ်တပ်ရင်း၊ Justice Brother Force အဖွဲ့တို့ကလည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
နမခသည် စစ်ကိုင်းတိုင်း ၊မကွေးတိုင်းမြောက်ပိုင်း နှင့် ချင်းပြည်နယ် ရှိ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး လက်ရုံးတပ်များကို အဓိကအမိန့်ပေးကွပ်ကဲနေသည့် ဌာနချုပ်ဖြစ်ပြီး အညာဒေသရှိ ပြည်သူများဒုက္ခပေးနေသည့် စက်တပ် ရလေထီးများ သိုလှောင်ထားသည့် ဌာနဖြစ်သည် ဟု BWMက ဆိုသည်။
ထို့အပြင် ကျောင်းသားကလေးငယ် ၂၂ဦးနှင့် ဆရာမနှစ်ဦးသေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုအပါအဝင် အညာဒေသ လေကြောင်းတိုက်ခိုက်မှုများနှင့် ပြည်သူများကို အကြမ်းဖက်ရန် အဓိကကြိုးကိုင်သည့် ဌာနချုပ်ဖြစ်သောကြောင့် BWM နှင့် မဟာမိတ်အဖွဲ့များက BWM ၏ Mission 39 အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
“ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံးများထိရောက်ပေါက်ကွဲမှုကြောင့် နမခအတွင်းမှ ချက်ချင်း တန်ပြန်ပစ်ခတ်မှုများရှိသလို နမခအတွင်းထိခိုက်မှုများရှိနိုင်ကြောင်းလည်းကနဦး စုံစမ်းသိရှိရပြီး ဆက်လက်သိရှိရသည်များကိုတင်ပြပေးသွားပါမည်။”ဟု BWMက ထုတ်ပြန်ထားသည်။
BWMနှင့် မဟာမိတ်အဖွဲ့များအနေဖြင့် နမခကို သုံးကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး မတ်လ ၂၄ ရက်က ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့သည်။
