မေ-၁၈၊၂၀၂၅။သတိုး/People’s Spring
ကျောင်းသား ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပဲခူးတိုင်း၊တောင်ငူမြို့ရှ်ိ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာစာသင်ကျောင်းက ကလေးတွေကိုဗုံးကြဲသတ်ဖြတ်ခဲ့တဲ့အပေါ် လက်တုန့်ပြန်ခြင်းလည်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
တောင်ငူလေတပ်စခန်းကို မေလ ၁၈ရက် နံနက် ၁ နာရီ ၄၈ မိနစ်တွင် ၁၀၇ မမရှော့တိုက်ဒုန်း ၁၁လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုန်း ၈လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လေတပ်စခန်းတွေကတော့ တော်လှန်ရေးအင်အားစုတွေအတွက်တင်မကဘူး၊ ပြည်သူတွေအတွက်ပါ အတော်ဒုက္ခပေးနေတဲ့ ရန်သူတပ်ဖွဲ့တွေဖြစ်တယ်။ သူတို့ကို တိုက်ခိုက်နှိမ်နင်းခြင်းက ပြည်သူကို ကာကွယ်ပေးရာရောက်သလို တော်လှန်ရေးအောင်နိုင်ခြင်းရဲ့သော့ချက်လည်းဖြစ်တယ်၊ အဲဒါကြောင့် ကျနော်တို့က နိုင်တဲ့ဘက်ကနေ ပြည်သူ့ရန်သူတပ်ဖွဲ့ကို ဖြိုလှဲဖို့ ကြိုးစားပေး နေတာပါ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုရှိကြောင်း ၎င်းက ဆိုသည်။
ယင်းစစ်ဆင်ရေးသည် BWM ၏ (၃၇)ကြိမ်မြောက်စစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
“နွေဦးတော်လှန်ရေးအောင်မြင်ရန် စကစ လေတပ် ကို ပြိုလဲအောင် လေတပ်များ၊ တိုက်လေယာဉ် များ၊ pilot များ၊ လေယာဉ်ဆီ၊ ဗုံးသီးတန်ဆာတို့ ထုတ်လုပ်သည့် စက်ရုံ အပါအဝင် လေတပ်ကိုအားဖြည့် သည့် ဒေါက်တိုင်မျိုးစုံတို့ကိုနှိမ်နင်းရန်လက်လှမ်းမှီသည့် တော်လှန်ရေးအင်အားစုများ၊ပြည်သူများမှ နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရန် မေတ္တာရပ်ခံ လိုပါသည်။”ဟု BWM ကထုတ်ပြန်ထားသည်။
BWM နှင့် မဟာမိတ်အဖွဲ့များသည် ဧပြီ ၃၀ ရက်ကလည်း တောင်ငူလေတပ်စခန်း နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ရာထိခိုက်မှုများကြောင်း သတင်းထုတ်ပြန်ထားသည်။
