မေ-၃၁၊၂၀၂၅။သတိုး/People’s Spring
စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃) အား ၁၀၇ မမရှော့တိုက်ဒုန်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။
“ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရာမှာ အင်မတန်နာမည်ကြီးတဲ့တပ်မ ၃၃ကို ခုလို လက်တုန့်ပြန်နိုင်တာရယ်၊ သူတို့ခေါင်းဆောင်ဆိုသူကိုလည်း ခြိမ်းခြောက်နိုင်တာရယ်အတွက် ကျေနပ်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို မေလ ၃၁ ရက် နေ့လည် ၂ နာရီခွဲခန့်တွင် ရှော့တိုက်ဒုန်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWM နှင့်အတူ Shadow (စစ်ကိုင်း) အဖွဲ့၊ No More Dictatorship (NMD) အဖွဲ့ ၊ စစ်ကိုင်းမြို့ပြ ပြောက်ကျား (Infinity) အဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
တပ်မ (၃၃)သည် နွေဦးတော်လှန်ရေးကာလတလျှောက် ပြည်သူများအပေါ် ညှင်းဆဲ သတ်ဖြတ် ရာတွင် အရက်စက်ဆုံးတပ်အဖြစ် နာမည်ကြီးသည့် စစ်ကောင်စီလက်ရုံးတပ်ဖြစ်ပြီး လက်ရှိတွင်လည်း တပ်မ (၃၃)၏ ဒုတပ်မမှူးဦးစီးကာ စစ်ကိုင်းမြို့နယ်ရှိကျေးရွာများမှ ပြည်သူများကိုဖမ်းဆီး၍ လူသားဒိုင်းလုပ်ကာ စစ်ကြောင်းထိုးနေ သည်ဟု BWM က ဆိုသည်။
ထို့အပြင် တပ်မ(၃၃)သို့ စစ်ကောင်စီ၏ ထိပ်သီးခေါင်းဆောင် တစ်ဦးလာရောက်မည်ဟု သတင်းရရှိထားသောကြောင့် ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင်မှ လုံခြုံမှုမရှိကြောင်း ပြသသည့်အနေဖြင့် BWM ၏ Mission 40 အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုန်းအားလုံး တပ်မ ၃၃ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေသည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
BWM အနေဖြင့် မဟာမိတ်များဖြင့် ပူးပေါင်း၍ မေလအတွင်း တောင်ငူလေတပ်စခန်း ၊ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်နယ်စခန်း နှင့် မုံရွာအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
