ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring
အာရက္ခတပ်တော်(AA) နှင့်ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် ရေကြည်မြို့နယ်မှ ရှောပြာ နှင့်စက်စက်ယိုရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ငါးသိုင်းချောင်း -ဂွလမ်းပိုင်းရှိ ရေနံ့သာရွာအနီး နှင့် အမြောက်တပ် ၃၄၄ ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေသည်။
ပုသိမ်-မုံရွာလမ်းပိုင်းမှရေကြည်မြို့နယ်စက်စက်ယိုကျေးရွာနှင့် ရှောပြာ ကျေးရွာကို ပြီးခဲ့သည့် ဧပြီလက တိုက်ပွဲများတွင် AA က ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲက ရေနံသာနား နဲ့ ၃၄၄ နားမှာ ဖြစ်နေတာပါ။ လေယာဉ်ရော၊လက်နက်ကြီးရောနေ့ရော၊ညပါ ပစ်ပါတယ်။ ညဘက် ပိုပစ်ပါတယ်။ ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရတာပါ” ဟု ငသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
ရေနံ့သာရွာသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကိုချိတ်ဆက်ထားသည့် ဂွ-ငသိုင်းချောင်းလမ်းပိုင်း၌ တည်ရှ်ိသည်။
၂၀၂၄ ဒီဇင်ဘာလ ၂၉ရက်ကရခိုင်ပြည်နယ်ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက်ဖေဖော်ဝါရီလမှစ၍ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အနီးရှိ အမြောက်တပ်(၃၄၄)အား ဦးတည်သည့်တိုက်ပွဲများတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမြောက်တပ်(၃၄၄)၏ကာကင်းစခန်းချို့ကိုသိမ်းယူထားနိုင်သော်လည်း AAကအသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ရေကြည်မြို့နယ် နှင့်ဆက်စပ်နေပြီး ဟင်္သာတခရိုင်အတွင်းပါဝင်သည့် လေးမျက်နှာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်နေသည်။လေးမျက်နှာမြို့နယ်အတွင်းမှ ကျေးရွာအချို့ကိုလည်း AAနှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားကြောင်းသတင်းများရှိသည်။
၎င်းတို့လက်လွှတ်ခဲ့ရသည့်ကျေးရွာများကို စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက တိုက်ပွဲပြင်းထန်ခဲ့သည့် ရွှေသောင်ယံ နှင့်သာပေါင်းမြို့နယ်တွင်မူ လတ်တလောတိုက်ပွဲငြိမ်သက်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းများဖြင့်အင်အားတိုးထားသည်။
မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်သွားသော ငလျင်ကြောင့် စစ်ကောင်စီကရော AAပါဝင်သည့်မဟာမိတ်သုံးဖွဲ့အပစ်ရပ်ထားသည်။
လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးသော်လည်းဧပြီလ ၅ရက်နေ့က နောက်ဆုံးထုတ်ပြန်ရာတွင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကို စစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
