“ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့”
— သတင်းရင်းမြစ်တဦး
■တီးတိန်မြို့နယ်အတွင်း၌တိုက်ပွဲဆက်ဖြစ်နေ
ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ်(ZRA)၏ တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRA တပ်ဘက်ကသေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၉ရက် နံနက်ပိုင်းတွင် ကျီခါးမြို့နှင့် တွန်းဇံမြို့အကြားရှိ မွာလ်ကွေရွာအနီး စစ်ကောင်စီစခန်းကို CDF တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ZRA တပ်ဖွဲ့ဝင် ၂ဦး၏ အလောင်းကို ရရှိခဲ့သည်ဟုသိရသည်။

Public Service Announcement
ထိုအပြင် သေနတ် ၄လက်၊ ဒရုန်း၊ ဆိုင်ကယ်များနှင့် ကား၁စီး၊ မီးစက်၊ ခဲယမ်း ကျည်များလည်း ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“အဲဒီ ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့” ဟု ၎င်းကပြောသည်။
ZRA သည် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ၌ လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခြင်းအပါအဝင် စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်များက ထုတ်ပြန်အသိပေးထားသည်။
ထိုအပြင် ချင်းတော်လှန်ရေးတပ်များသည် ချင်းပြည်နယ်သို့အင်အားအများအပြားနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လည်း တီးတိန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
တီးတိန်မြို့နယ် သိုင်းငင်းနှင့် ကလေးမြို့ကြားရှိ မွာလ်ပီးရွာ၌ စစ်ကောင်စီတပ် ဆက်လက်တပ်စွဲနေ၍ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
“မွာလ်ပီကျေးရွာမှာပဲ စကစကအခုထိရှေ့မတိုးနိုင်သလိုနောက်လည်းမဆုတ်ဘူးပေါ့။အဲဒီရွာမှာရှိနေဆဲ” ဟု ၎င်းက ဆိုသည်။
ဇွန်လ ၈ရက်နှင့် ၉ရက်များ၌ တိုက်ပွဲဆက်ဖြစ်နေပြီး ကလေးမြို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှု ရှိသည်ဟု သိရသည်။
မေလ တတိယပတ်တွင် ချင်းတောင်သို့ အင်အားအများအပြားနှင့်တက်လာသည့် အဆိုပါ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင် နှင့် ချင်းပြည်ကောင်
စီ အဖွဲ့ဝင်တော်လှန်ရေးတပ်များ အတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါဒေသ စစ်ရေးအခြေအနေများကို နှစ်ဖက်တာဝန်ရှိသူများထံ မေးမြန်းထားရာ ချင်းညီနောင်တာဝန်ရှိသူက စစ်ရေးလုံခြုံရေးအရ တိုက်ပွဲသတင်းများ လိုအပ်မှသာ သင့်တော်သည့် အချိန်၌ ထုတ်ပြန်သွားရန် သဘောတူထားသည်ဟု အသိပေးသည်။
အဆိုပါစစ်ကြောင်းသည်တီးတိန်မြို့ကိုစစ်အင်အားဖြည့်ရန်၊ ချင်းညီနောင်သိမ်းထားသည့်ဖလမ်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ဦးတည်သည်ဟု ခန့်မှန်းရကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် CDF စီးယင်း စစ်ဦးစီးချုပ် ဦးထောင်းပူက မေလနောက်ဆုံးပတ်၌ ပြောပြထားသည်။
