ဇွန်-၆၊၂၀၂၅။People’s Spring
ထိုင်းနိုင်ငံကချင်းမိုင်တက္ကသိုလ် (CMU)မှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၀ ယောက်ထိ တစ်နေ့တည်းနဲ့တင် ငွေကြေးလိမ်လည်တာ ခံခဲ့ရတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီဖြစ်စဉ်အပြီး CMUရော၊ရဲတပ်ဖွဲ့ကပါကျောင်းသားတွေ အနေနဲ့ လိမ်လည်မှု သားကောင် မဖြစ်အောင် သတိထားကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
မေလ ၃၁ ရက်နေ့ကနေဇွန်လ၂ရက်နေ့ထိကျောင်းပိတ်ရက် ကာလအတွင်း CMU ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်မှုတွေ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ချင်းမိုင် ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး မာနတ်ချိုင် အင်သီအန်က ဆိုပါတယ်။

Public Service Announcement
ကျောင်းသား တစ်ယောက်ဟာ ၄ သုတ်ခွဲပြီး စုစုပေါင်း ဘတ် ၂ သန်းကျော် ငွေလွှဲမိတဲ့ထိ အလိမ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ ငွေလိမ်သူတွေဟာ အွန်လိုင်းကနေ အစုအဖွဲ့နဲ့ ချိတ်ဆက် လှုပ်ရှားပြီး တက္ကသိုလ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်း အတုတွေ ပေးပို့ပြီး ငွေကြေး တောင်းခံလေ့ ရှိကြတယ်လို့ သိရပါတယ်။
အဲဒီစာရွက်စာတမ်းအတုတွေမှာတက္ကသိုလ်ရဲ့ ဖောင်ပုံစံတွေနဲ့ ကျောင်းအုပ်ကြီးရဲ့လက်မှတ်အတုတွေတောင် ပါဝင်လေ့ရှိတယ်လို့ လိမ်လည်ခံခဲ့ရသူ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက ပြောပါတယ်။
ဘတ် ၂ သန်းကျော် ငွေလိမ်ခံခဲ့ရတဲ့ ကျောင်းသားရဲ့ မိခင်ကတော့ဘတ် ၄ သိန်းနဲ့ ၆ သိန်းကြားလောက်များပြားတဲ့ ငွေတွေကို ၄ သုတ်ခွဲပြီး လွှဲပေးခဲ့မိကြောင်း၊ တချို့ငွေတွေကို ချေးငှားပြီး ပေးလိုက်ရတာဖြစ်ကြောင်း ရဲတွေဆီ ထွက်ဆိုထားပါတယ်။
တချို့ ဖြစ်စဉ်တွေမှာတော့ ငွေလိမ်ဂိုဏ်းတွေဟာ သူတို့ ပစ်မှတ်ထားတဲ့ သားကောင်ကို ဆက်တိုက် ဖုန်းဆက် ခြိမ်းခြောက်ပြီးဘယ်လိုနေထိုင်ပြုမူရမယ် ဆိုတာမျိုးထိ ဖိအားပေး ညွှန်ကြားလေ့ ရှိကြောင်းလည်း သိရပါတယ်။
ဖြစ်စဉ် တစ်ခုမှာဆိုရင် ကျောင်းသူ တစ်ယောက်ဟာနားကြပ်တပ်၊စျေးဝယ်ခြင်းတွန်းလှည်းကိုတွန်း၊ ဓားတစ်ချောင်းကို ကိုင်ပြီး ရဲစခန်းတစ်ခုဆီ သွားရမယ်လို့ ညွှန်ကြား ခံခဲ့ရပါတယ်။တာဝန်ကျရဲတစ်ယောက်က အဲဒီကိစ္စကို သတိပြုမိပြီး မိန်းကလေးကို နှစ်သိမ့် ကူညီပြီး ဓားကို သိမ်းဆည်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒုစရိုက်ဂိုဏ်းတွေကပစ်မှတ်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းစာမှာအာရုံစိုက် နှစ်မြှုပ်ထားပြီး လက်တွေ့ပြင်ပ ဗဟုသုတ နည်းပါးသူတွေ ဖြစ်လေ့ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။
အလိမ်ခံရသူတွေထဲမှာ ၅ ဦးဟာ ကျားဖြန့်လို့ခေါ်တဲ့အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီကတိုက်ရိုက် ဖုန်းဆက်တာကို ခံခဲ့ရပါတယ်။ တခြားသူတွေကတော့ အစိုးရ အရာရှိအဖြစ် ဟန်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ၊ video call ခေါ်ပြီး ငွေညှစ်တာတွေ ကြုံခဲ့ကြရပါတယ်။
အာဏာပိုင်တွေကတော့ငွေလိမ်ဂိုဏ်းတွေ အသုံးပြုတာနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေကို ချက်ချင်း ဆိုင်းငံ့ထားပြီး ငွေလွှဲပြောင်းမှု လမ်းကြောင်းတွေကို ခြေရာခံ စုံစမ်းနေပါတယ်။ အဲဒီထဲက ငွေတချို့ကို ပြန်ရပြီး တချို့ကတော့ မရသေးဘူးလို့လည်းသိရပါတယ်။ဘတ် ၂ သန်း အလိမ်ခံရတဲ့ ကိစ္စမှာတော့ မိသားစုက ဖုန်းနံပါတ် တစ်ခုနဲ့ ဘဏ်အကောင့်နံပါတ်တစ်ခုကို ရဲတွေဆီ ပေးအပ်ထားပေမယ့် ထူးခြားမှု မရှိသေးပါဘူး။
CMUကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ရဲတပ်ဖွဲ့နဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ နောက်ပြီး ကျောင်းသူကျောင်းသားတွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ တက္ကသိုလ်ဖက်ကနေ လုံခြုံရေး ကျိုးပေါက်သွားတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
ပြီးတော့ ရဲတွေရော၊ CMUကပါ ကျောင်းသားတွေရော၊ မိဘတွေပါ ငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့သတိရှိကြဖို့ တိုက်တွန်းအကြံပြုထားပြီး မသင်္ကာစရာ အခြေအနေတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာကိုချက်ချင်းအသိပေးဖို့လည်း နှိုးဆော်ထားကြောင်း သိရပါတယ်။
ကိုးကား-Bangkok Post
