ဇွန်-၆၊၂၀၂၅။ယောနသံ/People’s Spring
ဖားကန့်မြို့နယ်တွင် ယနေ့(ဇွန်လ၆ရက်) ည ၉နာရီကျော်ကပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး နေအ်ိမ်အဆောက်အအုံအချို့မီးလောင်နေစဉ် ငလျင်လှုပ်၍ ဒေသခံများထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။
ဖားကန့်မြို့နယ်ခွန်ဆာကုန်းကို စစ်ကောင်စီတပ်က ည ၉နာရီ ၁၀မိနစ်တွင် ပေါက်ကွဲအား ပြင်းထန်သည့် လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဟုဒေသခံအချို့ကပြောသည်။
အဆောက်အအုံအချို့မီးလောင်နေပြီး လူအချို့ ပိတ်မိနေ၍ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ငလျင်လှုပ်ခြင်းဟု ဒေသခံတဦးကပြောသည်။

Public Service Announcement
၎င်းက ” ငလျင်က ၂ စက္ကန့်လောက်ပဲကြာတယ်။ ဆွဲခါသွားတာ။ ဒီညလက်နက်ကြီးရောငလျင်ရော ကမ္ဘာကိုပျက်နေတာပဲ”ဟုပြောသည်။ငလျင်သည် ဖားကန့်ကိုဗဟိုပြု၍ ည ၉နာရီ ၄၃မိနစ်၌ ရစ်ခ်ျတာစကေး ၄ဒဿမ၁အဆင့်ငလျင် လှုပ်သွားသည်ဟု ငလျင်တိုင်းတာရေးကွန်ပျူတာမော်ဒယ်အချို့တွင် ဖော်ပြထားသည်။
လှုပ်ခတ်မှုအလွန်ပြင်းထန်သည်ဟုဒေသခံများကပြောသည်။ဇွန်လ ၅ ရက်နံနက်ကလည်းဖားကန့်မြို့အနီး တနိုင်းမြို့တွင် ရစ်ခ်တာစကေး ၄ဒဿမ၄ အဆင့် ငလျင်လှုပ်ခဲ့သည်။
ဖားကန့်၌ ယနေ့ည ပေါက်ကွဲမှုသည် စစ်ကောင်စီက တပ်မကုန်းဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။သို့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်နက်ကြီးတည့်တည့်ထိမှန်သည့် အိမ်မှ ကလေးငယ်အပါအဝင် မိသားစုလိုက်သေဆုံးသည်ဟု ကနဦးသတင်းရရှိသည်။ ကလေးငယ်အပါအဝင် ရုပ်အလောင်း ၈ လောင်း တွေ့ရှိသည်ဟုဒေသခံအချို့ကဖေစ်ဘွခ်တွင်ရေးသားထားသည်။
စစ်ကောင်စီကလမ်းများပိတ်ဆို့ထား၍ လူမှုကူညီရေးကားများ မရောက်လာနိုင်ဘဲ အနီးပတ်ဝန်းကျင်မှဒေသခံအချင်းချင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရသည်ဟုသတင်းရရှိသည်။
ရုပ်သံ-ဒေသခံ
