နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တိုက်ပွဲများဆက်ဖြစ်နေ
ဇွန်-၆၊၂၀၂၅။ ထားမြတ်/People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားသော နောင်ချိုမြို့ စျေးရပ်ကွက်ကိုစစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAကထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ဇွန်လ ၄ ရက်တွင်ကနောင်ချိုစျေးရပ်ကွက်အား လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ် ၂လုံး နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ဟုဖော်ပြသည်။

Public Service Announcement
“၄ရက်(ဇွန်).နေ့က လက်နက်ကြီးတွေ မြို့ထဲကို တော်တော်ကျတယ်။အမျိုးသား၂ဦးသေတယ်လို့တော့ သတင်းကြားတယ်။ဒရုန်းတွေနဲ့လည်း ဗုံးကြဲတယ်”လို့ မြို့တွင်းနေထိုင်သူတဦးကပြောသည်။
လက်ရှိနောင်ချိုမြို့နှင့် ၁၀မိုင်ပတ်လည်တွင် တိုက်ပွဲ များဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က လက်နက်ကြီး၊လေကြောင်း၊ဒရုန်းများသုံး၍ ထိုးစစ်ဆင် နေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
“အခြေအနေကတော့ မကောင်းဘူး။အကုန်အသင့်ပြင်ထားရတယ်။သတင်းတွေလည်းသိပ်မသိရဘူး။အင်တာနက်ရော၊ဖုန်းလိုင်း ရောမရဘူး”ဟု မြို့ခံတဦး က ဇွန် ၆ ရက်တွင်ပြောသည်။
စစ်ကောင်စီသည်ဇွန်လဆန်းတွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် နှင့် စဉ့်ကူးမြို့နယ်များကို လေကြောင်းမှ ဗုံးကြဲရာတွင်လည်းဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
ထိုအပြင်စစ်ကောင်စီသည် ဇွန်လ ၃ရက်ကလည်းနောင်ချိုမြို့နယ် ၊ဂန့်ဂေါကျေးရွာအတွင်းသို ဒရုန်းဖြင့် ဗုံး(၆)လုံးချခဲ့ပြီး ညနေပိုင်းတွင် ကန်ကြီးရွာကို ဒရုန်းဖြင့် ၁ကြိမ် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
TNLA၊ MNDAA၊ AA ညီနောင်မဟာမိတ် (၃)ဖွဲက ငလျင်ဒဏ်သင့်ပြည်သူများ နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား ဇွန်လကုန်အထိ သက်တမ်းတိုးကြောင်း ဇွန်းလဆန်းတွင်ကြေညာထားသည်။သို့သော်လည်း စစ်ကောင်စီကမူနောင်ချိုမြို့ကိုဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
ညီနောင်သုံးဖွဲ့ကအပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီကထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း၊ စစ်ကောင်စီက ရပ်စောက်-ကျောက်ဂူမှ တဆင့် နောင်ချိုဘက်သို့ စစ်အင်အားဖြည့်တင်းနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“လေကြောင်းကနေတဆင့်လက်နက်ခဲယမ်းဖြည့်တင်းတာမျိုးတွေလည်းရှိပါတယ်” ဟု လွေးယေဦးကပြောသည်။
တောင်းခမ်းဒေသတွင်လည်း တဖက်နှင့်တဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏ ရှိနေပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည်ဟုလည်း လွေးယေဦးက ပြောကြားသည်။
စစ်ကောင်စီအနေဖြင့်လည်းဇွန်လကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်းကြေညာထားသော်လည်း နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်သည်ဟု TNLAက သတိပေးသည်။ ထို့ပြင် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။
