ရဲခေါင်၊ဟန်နွေ/People’s Spring
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရုံးချုပ်က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက်တွင် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ စခန်းများကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲလက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂)တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း(၉)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟု အသိပေးထားသည်။
ထို့အပြင် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ပဲ သွားရောက်ခြင်းများမပြုရန် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“စခန်း ၇ခုထဲက ကျွန်တော်တို့က ၅ခုပဲ ပါ ဝင်တာပါဗျ။ စခန်း ၅ ခုကို(တိုက်ခိုက်ချိန်) မိ နစ် ၂၀ ပဲ ကြာခဲ့ပါတယ်”ဟု စစ်ရေးတိုက်ခိုက်မှုတွင်ပါဝင်သည့် Spring Worrior Column ၏ တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
ဂိတ်စခန်းတစ်ခုလျှင် စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိနေပြီး ယခုစစ်ဆင်ရေး၏ အခက်အခဲတစ်ခုမှာ ကွင်းပြင်အချို့ကိုဖြတ်သန်းသွားလာရသည်ဖြစ်၍ ရဲဘော်များအတွက် အကာအကွယ်နည်းကာ စွန့်စားရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအခြေအနေတွင် တိုက်ခိုက်ခံရသည့် ဂိတ်စခန်းများအနီးဝန်းကျင်များသို့ စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။
