မတ် – ၂၄ ၊ ၂၀၂၅။ ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၂ ရက် နေ့လယ် ၃ နာရီခန့်တွင် ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“၂၀၊၃၀လောက် ယာယီတပ်စွဲပြီး ၁ ရက် ၂ရက်လောက်နေပြီး ပြန်သွားလေ့ရှိပါတယ်ဗျ”ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာမှ စစ်ကောင်စီတပ်အခြေအနေကို ဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိပေးသည်။
အလားတူ မတ်လ ၁၈ ရက်ကလည်း ထား ဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ဝယ်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။
ထို့အပြင် မတ်လ ၇ ရက် တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး ဟာလီကွေ့ရှိ စစ်တပ်စစ်ရေးဂိတ်နှင့် ရေဖြူမြို့အဝင် တံတားထိပ်စစ်ဆေးရေးဂိတ်တို့ကို ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ငါးဦးသေဆုံးခဲ့သေးသည်။
