မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယနေ့ (မေလ ၂၃ရက်) ညနေ၅နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒေသခံ၂ ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ကန်တော်ရပ်ရှိ မိုးကုတ်ကြယ်ကားဂိတ်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားဂိတ်ထမ်းအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။
“လက်လုပ်ဗုံးပစ်သွားတာလို့ သိရတယ်ဗျ။ ဒါမျိုး နှစ်ခါရှိပြီ။ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကြောင့်လို့ထင်တာပဲ။ ရေရှည်မှာဆို စိုးရိမ်စရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement
ဒဏ်ရာရသူနှစ်ဦးလုံး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲ အသေးစားဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။
မိုးကုတ်မြို့တွင် ပြီးခဲ့သည့် မေလ၁၁ရက် ညကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားအချို့ကို TNLA က ဖမ်းဆီးထိန်းသိမ်းထားသည်။
မိုးကုတ်မြို့ကို TNLA၊ PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ရက်တွင်သိမ်းပိုက်ခဲ့သည်။
ထို့နောက် TNLA နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များပါသည့် မြို့မိမြို့ဖအဖွဲ့က အုပ်ချုပ်ရေးယန္တရားလည်ပတ်နေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိပြုနေရသလို ယခု ကဲ့သို့ ဗုံးပေါက်ကွဲမှုမကြာခဏဖြစ်မေသည့်အပေါ် စိုးရိမ်သည်ဟု ဒေသခံအချို့ကပြော သည်။
