မေ ၂၃၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးကို ဖမ်းဆီးရမိကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံကိုပါးသိုင်းက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ ရဲသုံးဦးသည် မေလ ၁၈ရက် နေ့လည် ၂နာရီခန့်က ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာစစ်ဆေးရေးဂိတ်မှ ပခုက္ကူမြို့ရှိ KTVတစ်ခုသို့ လာရောက်စဉ် လမ်းတစ်နေရာ၌ ဖမ်းမိခဲ့ခြင်းဟု ဆိုသည်။
ဖမ်းဆီးခံရသူများသည် ရဲဒုတပ်ကြပ် သီဟအောင် ၊ရဲတပ်သားလှဘုန်းနှင့် ရဲတပ်သား စည်သူလွင်တို့ဖြစ်သည်။

Public Service Announcement
၎င်းတို့နှင့်အတူ ဖုန်း သုံးလုံး၊ ကျပ် ၁၉၈,၀၀၀ကျပ်နှင့် လက်ပစ်ဗုံး နှစ်လုံး သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
“ရခ သုံးကောင်က ဘုန်းကံရွာစစ်ဆေးရေးဂိတ်ကနေ ပခုက္ကူမြို့ပေါ် KTV အသွားဗျ။ပခုက္ကူနဲ့ ဘုန်းကံ ရဲ့အကွာအဝေးက ၂ မိုင်လောက်ပဲရှိတယ်”ဟု ကိုပါးသိုင်းက ဖမ်းဆီးရမိသော ရဲသုံးဦးနှင့်ပတ်သက်၍ ရှင်းပြသည်။
ဘုန်းကံရွာစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၂၀ခန့်အထိုင်ချတပ်စွဲထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရဲသုံးဦးဖမ်းဆီးရာတွင် ပြည်သူ့အားမာန်PDF YSO ၊King Cobra၊ဒေါင်းစစ်သည်နှင့် Southern YSO PDF တပ်ပေါင်းစုက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
