အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ထောက်ပံ့ရေး ရန်ပုံငွေတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုတ်တရက် ဖြတ်တောက်ပစ်လိုက်တဲ့အခါ ပြည်တွင်းစစ်ဒဏ်ကြောင့် ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ မြန်မာစစ်ရှောင် အများအပြားဟာ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ လက်လှမ်းမီဖို့ အရမ်းခက်သွားပါတယ်။
Guardian သတင်းဌာနဟာ ထိုင်းနိုင်ငံရဲ့ တက်ခ်ပြည်နယ်ထဲက ဒုက္ခသည် စခန်းတွေမှာ USAID ရန်ပုံငွေ ဖြတ်တောက်မှုတွေ နောက်ပိုင်း ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မှတ်တမ်း ဓာတ်ပုံတချို့ကို စုစည်း ဖော်ပြထားခဲ့ပါတယ်။
USAID ရန်ပုံငွေတွေကို ထရမ့်က ဖြတ်တောက်ခဲ့တဲ့ နောက်ပိုင်းကစလို့ ထိုင်းနယ်စပ်မှာရှိတဲ့ သာဆောင်ယန် ဆေးရုံထဲမှာ လက်ခံပေးထားရတဲ့ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်နေခဲ့ပါတယ်။
တက်ခ်ပြည်နယ်ရဲ့ သာဆောင်ယန် ဆေးရုံထဲမှာ မိခင်နဲ့အတူ ဆေးဝါးကုသမှု ခံယူနေတဲ့ ကရင် ကလေးငယ် တစ်ဦးဖြစ်ပါတယ်။ USAIDရဲ့ ရန်ပုံငွေတွေ ဆိုင်းငံ့သွားချိန်မှာ ဒုက္ခသည် စခန်းတွေကို အဓိက ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC)က ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို ပိတ်ခဲ့ရပါတယ်။

Public Service Announcement
IRCရဲ့ ဆေးခန်းတွေ လုပ်ငန်းရပ်နား ထားရတဲ့အခါ သာဆောင်ယန် ဆေးရုံဟာ မယ်လ ဒုက္ခသည် စခန်းမှာရှိတဲ့ စစ်ရှောင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါး အထောက်အပံ့ ကိစ္စတွေကို လုံးလုံးလျားလျား တာဝန်ယူလာရပါတော့တယ်။ အဲဒီ စခန်းမှာ စစ်ရှောင် ၃၀၀၀၀ လောက် မှီခိုနေထိုင်ပါတယ်။ အများစုကတော့ ကရင်တိုင်းရင်းသားတွေပါ။
အဘီဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ဗုံးစထိမှန်ခဲ့တဲ့ ဒဏ်ရာနဲ့ သာဆောင်ယန် ဆေးရုံမှာ တက်ရောက်နေသူပါ။ ဆေးရုံအုပ် တာဝက်ချိုင် ယင်တာဝီဆက်က လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးဖို့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ ဝန်ခံခဲ့ပြီး စစ်ရှောင် စခန်းတွေမှာ အကူအညီပေးဖို့ မူဝါဒတွေနဲ့ အထောက်အပံ့တွေ ကင်းမဲ့နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။
ဒါကတော့ ထိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခု ကလေးငယ် တစ်ဦးပါ။ ထိုင်း-မြန်မာ နယ်စပ် စစ်ရှောင်စခန်း ၉ ခုမှာ လူ ၉၀၀၀၀ လောက် နေထိုင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဆရာဝန်ပြဖို့ စောင့်ဆိုင်းနေတဲ့ လူနာတွေ ဖြစ်ပါတယ်။ နေရာကတော့ မယ်တော် ဆေးခန်းမှာပါ။ မယ်တော် ဆေးခန်းဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ ဆေးရုံလေး တစ်ခုဖြစ်ပြီး အစိုးရ ဆေးရုံ ဆေးခန်းတွေဆီမှာ ဆေးဝါးကုသဖို့ ခက်ခဲနေတဲ့ ရွှေ့ပြောင်း လုပ်သားတွေ၊ နေရပ်စွန့်ခွာလာသူတွေ၊ နိုင်ငံမဲ့ လူတန်းစားတွေနဲ့ နယ်စပ်တလျှောက်က တိုင်းရင်းသား မျိုးနွယ်စုတွေကို ဆေးဝါး စောင့်ရှောက် ကုသပေးနေပါတယ်။
ဒုက္ခသည် စခန်းတစ်ခုမှာ ခနော်နီ ခနော်နဲ့ ဆောက်လုပ်ထားတဲ့ တဲလေးတချို့ပါ။ ဒုက္ခသည် စခန်း ၉ ခုဟာ မြန်မာနဲ့ ထိစပ်ရာ ထိုင်းနယ်စပ် ပြည်နယ် ၄ ခုဖြစ်တဲ့ မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနာဘူရီနဲ့ ရတ်ချနာဘူရီတို့မှာ ပျံ့နှံ့ တည်ရှိနေပါတယ်။
တနင်္ဂနွေ တစ်နေ့မှာ ဒုက္ခသည် စခန်းတစ်ခုထဲ ဝတ်ပြုနေတဲ့ ခရစ်ယာန် ဘာသာဝင် ကရင်စစ်ရှောင် ပြည်သူတွေ ဖြစ်ပါတယ်။
မယ်တော် ဆေးခန်းမှာ လာပြတဲ့ မိခင်တစ်ဦးနဲ့ ကလေးကို ဆေးခန်း ဝန်ထမ်းတွေက လိုအပ်တာတွေ ရှင်းပြနေတာပါ။ ကရင် တိုင်းရင်းသူ ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါ်စင်သီယာမောင်ဟာ မြန်မာနိုင်ငံကနေ စွန့်ခွာ ထွက်ပြေးခဲ့တဲ့နောက် ကိုယ်တိုင် ကမကထပြုပြီး မယ်တော် ဆေးခန်းကို ၁၉၈၈ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
IRCရဲ့ ဆေးခန်းတွေက ထရမ့်ရဲ့ ဘတ်ဂျတ် ဖြတ်တောက်မှုကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီးတဲ့အခါ လူနာတချို့ကို သာဆောင်ယန် ဆေးရုံဆီ လွှဲပေးခဲ့ရပါတယ်။ IRCရဲ့ ဆေးခန်းတွေ ဆက်မဖြည့်နိုင်တော့တဲ့ ဟာကွက်ကို ကူဖြည့်ဖို့ တက်ခ်ပြည်နယ်ထဲက မဲဆောက်နဲ့ မဲရမတ်မြို့ ဆေးရုံ တချို့ကလည်း ပြင်ဆင်စီမံမှုတွေ စတင်နေပါပြီ။
ဦးတီ (အမည်လွှဲ)ဟာ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတစ်ခုမှာ နေထိုင်နေသူပါ။ လေဖြတ်ထားပြီး ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ပါဘူး။ အရင်ကတော့ IRCရဲ့ ဆေးခန်းတွေဟာ ဦးတီကို ဒုက္ခသည် စခန်းအပြင်ဖက်က အစိုးရ ဆေးရုံတွေကို လိုက်ပို့ပေးပြီး စရိတ်စကလည်း အကုန်အကျ ခံပေးလေ့ ရှိခဲ့တယ်လို့ မိသားစုက ပြောပြပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အစိုးရက အသုံးစရိတ်တွေ ဖြတ်တောက်စေခဲ့တဲ့နောက် ဦးတီလိုမျိုး ကြီးကြီးမားမား ကျန်းမာရေး ပြဿနာ ရင်ဆိုင် ကြုံတွေ့နေတဲ့ လူနာတွေကို တခြားဆေးရုံတွေဆီ ပို့ဆောင်ပေးတာမျိုး IRC အနေနဲ့ မလုပ်နိုင်တော့ပါဘူး။
ကိုးကား: Guardian
