အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချ ခံရမှုဟာ ကမ္ဘာအနှံ့မှာ လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် အကျပ်အတည်းတွေ ကြုံတွေ့လာစေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် USAIDအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေကို ပမာဏ အလုံးအရင်း ဖြတ်တောက်ခဲ့သလို အေဂျင်စီ တစ်ခုလုံးကို ဖျက်သိမ်းဖို့ထိ စီစဉ်လာခဲ့ပါတယ်။ နောက်ပြီး WHOကနေ အမေရိကန် နုတ်ထွက်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။
ပုံမှန်ဆိုရင် အမေရိကန်ဟာ ကုလသမဂ္ဂ လက်အောက်ခံ အကြီးဆုံး ကျန်းမာရေး အေဂျင်စီဖြစ်တဲ့ WHOအတွက် နှစ်စဉ် ထောက်ပံ့ကူညီငွေ အများဆုံး ထည့်ဝင်တဲ့ နိုင်ငံဖြစ်ပြီး အများစုကို USAIDကနေတဆင့် လွှဲပေးလေ့ရှိပါတယ်။ ၂၀၂၄ အတွက် အမေရိကန်က ကတိပြုထားတဲ့ လှူဒါန်းမှုတွေကို အခုထိ WHOဆီ မပေးအပ်သေးဘဲ ၂၀၂၅ ခုနှစ်မှာရော ဆက်ပြီး ကူညီပံ့ပိုးမလား ဆိုတာကိုလည်း မသိရသေးပါဘူး။
WHOဟာ ရန်ပုံငွေ အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရပြီး အသုံးစရိတ်ကို ၅ ပုံ ၁ ပုံထိ လျှော့ချရဖို့ ရှိနေပါတယ်။ အကျိုးဆက်အဖြစ် WHOဟာ ဝန်ထမ်းအများအပြားကို အလုပ်ရပ်နားရဖို့ ရှိနေသလို နိုင်ငံတချို့က မစ်ရှင်တွေကိုပါ အနားပေးရမယ့်သဘော ဖြစ်နေပါတယ်။

Public Service Announcement
WHOရဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဇုန် ဒါရိုက်တာ ဟာနန် ဘာလ်ခီက WHOနဲ့ မိတ်ဖက် အဖွဲ့အစည်းဟာ ကမ္ဘာအနှံ့က ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ တည်မြဲရေး၊ ပြန်လည်ထူထောင်ရေးအတွက် အရမ်းအရေးပါတဲ့ အခန်းကဏ္ဍကနေ အကူအညီ ပေးခဲ့ကြောင်း၊ လိုအပ်တဲ့ ဆေးဝါးကျွမ်းကျင် အဖွဲ့တွေ စေလွှတ်ပေးတာမျိုးတွေနဲ့ တခြား အထောက်အပံ့ပေါင်းစုံကို လုပ်ဆောင်ပေးခဲ့ကြောင်း ပြောပါတယ်။
ဒါပေမဲ့ အဲဒီ အစီအစဉ်တွေထဲက အများအပြားဟာ အခုအခါ လုံးဝ ရပ်တန့်သွားတာ၊ ဒါမှမဟုတ် ဆက်ပြီး လုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာတွေ ကြုံနေကြောင်း သူက ဆိုပါတယ်။
USAIDရဲ့ အထောက်အပံ့ ဖြတ်တောက်မှုတွေ အပါအဝင် ကြုံနေတဲ့ ရန်ပုံငွေ အကျပ်အတည်းကြောင့် WHOဟာ အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ အင်တိုက်အားတိုက် ပေးပို့နိုင်ရေးမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်လာရကြောင်းလည်း ဘာလ်ခီက အတည်ပြုခဲ့ပါတယ်။
နောက်ပြီး WHO အဖွဲ့ဝင်အဖြစ်ကနေ အမေရိကန် နုတ်ထွက်ခြင်းဟာ ကမ္ဘာ့ လူသားချင်းစာနာမှု အစီအမံတွေနဲ့ ပတ်သက်ရင် ပိုပြီး ထိခိုက်နစ်နာမှုတွေ ကြုံလာစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အမေရိကန်သာ နုတ်ထွက်သွားရင် WHOနဲ့ အမေရိကန် အခြေစိုက် ကမ္ဘာ့ထိပ်တန်းအဆင့် သုတေသန ဌာနတွေ၊ တက္ကသိုလ်တွေ၊ ကျန်းမာရေး ဌာနတွေကြား နှစ်ပေါင်းများစွာ တည်ဆောက်ယူထားတဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်သလို ဖြစ်သွားမယ်လို့ သူက ပြောပါတယ်။
ဒီအခါ ကိုဗစ် ကပ်ရောဂါတုန်းကလို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေတစ်ခု ပေါ်ပေါက်လာရင် အရေးကြီးတဲ့ သုတေသန အချက်အလက်တွေ ထိထိရောက်ရောက် ဝေမျှနိုင်မှုကို အကြီးအကျယ် အဟန့်အတား ဖြစ်စေမယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ဆိုတာက နိုင်ငံတွေရဲ့ နယ်နိမိတ်တွေ၊ နယ်ခြားမျဉ်းတွေကို ဘာမှ နားလည်နေမှာ မဟုတ်ဘူးလို့ ဘာလ်ခီက ပြောကြားသွားပါတယ်။
ကိုးကား: AFP
