မြန်မာနိုင်ငံရဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေရင်းမှာပဲ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်း ၃ ဦးဟာ အလုပ်ထုတ်ပယ်ခံရမယ် ဆိုတဲ့ အကြောင်းကြားမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ဒေါ်နယ်လ်ထရမ့်က သမ္မတအဖြစ် တာဝန်ယူချိန် ကတည်းက USAIDကို ဖျက်သိမ်းဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး ဝန်ထမ်းအရေအတွက် အများအပြားကို ထုတ်ပယ်တာ၊ နိုင်ငံတကာ ပရောဂျက်တွေကို ရပ်ဆိုင်းစေတာတွေ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ထရမ့်လက်ထက်မှာ USAIDရဲ့ ပရောဂျက် စုစုပေါင်း ၈၄ ရာခိုင်နှုန်းကို ဖြတ်တောက် လျှော့ချခဲ့ပြီး ဖြစ်ပါတယ်။
အခုကိစ္စမှာတော့ ငလျင်ဘေးသင့် အရှေ့တောင်အာရှ နိုင်ငံဆီ စေလွှတ်ခံရတဲ့ ဝန်ထမ်းသုံးဦးဟာ အခုသီတင်းပတ်ကုန်ကျမှ သူတို့တွေ အလုပ်ထုတ် ခံရတော့မှာ ဖြစ်တယ်ဆိုတဲ့ အသိပေး အကြောင်းကြားမှုကို ရရှိခဲ့တာ ဖြစ်တယ်လို့ USAIDရဲ့ အရာရှိဟောင်း တစ်ဦးဖြစ်သူ မာစီယာ ဝေါင်က ပြောပါတယ်။
အဲဒီ အဖွဲ့ဟာ အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူတွေ လက်ထဲကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ရောက်ရှိနိုင်ရေးအတွက် ကြိုးကြိုးစားစားနဲ့ အာရုံစိုက် လုပ်ဆောင်ခဲ့ကြကြောင်း၊ အဲဒီလို အခြေအနေမှာ အလုပ်ထုတ်စာ ကြိုရောက်လာတော့ ဘယ်သူမဆို စိတ်ဓာတ်ကျကုန်မှာဖြစ်ကြောင်း USAIDရဲ့ လူသားချင်း စာနာမှု ဗျူရို ဒုတိယ ကြီးကြပ်ရေးမှူးဟောင်း ဝေါင်က ဆိုပါတယ်။ ဝေါင်ရဲ့ အဆိုအရ လမ်းဘေးတွေမှာ ဖြစ်သလိုအိပ်ရင်း ကယ်ဆယ်ရေးအတွက် အစွမ်းကုန် ကြိုးစားပေးနေတဲ့ အဲဒီသုံးယောက်ဟာ လပိုင်းအတွင်း သူတို့ရဲ့ အလုပ်တာဝန်တွေကနေ ဖယ်ရှားခံရမယ်လို့ သိရပါတယ်။

Public Service Announcement
ထရမ့်ဟာ မတ်လ ၂၈ ရက်နေ့တုန်းက မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၉ သန်းထိ ထောက်ပံ့ ကူညီသွားမယ်လို့ ပြောကြားထားပါတယ်။ အဲဒီ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၃၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ USAIDရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ပိုင်ခွင့်တွေကို အကြီးအကျယ် ဖြတ်တောက် လျှော့ချခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ရဲ့ အကူအညီ ပေးနိုင်စွမ်းမှာ နှေးကွေးမှု၊ နှောင့်နှေးမှုတွေ ကြုံနေပါတယ်။
တခြားတစ်ဖက်မှာတော့ စစ်ကောင်စီနဲ့ ဆက်ဆံရေး နွေးထွေးပြီး အမေရိကန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ဟာ မြန်မာ့ငလျင်ဘေးသင့် ကယ်ဆယ်ရေး ကဏ္ဍမှာ အားတက်သရော ပါဝင်ကူညီနေကြပါတယ်။
ဝေါင်က သူဟာ USAIDရဲ့ လက်ကျန် ဝန်ထမ်းတွေနဲ့ အဆက်အသွယ် ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံကို ရောက်နေသူတွေ အပါအဝင် ကွင်းဆင်း ကယ်ဆယ်ရေး ကဏ္ဍတွေမှာ ပါဝင်နေသူ တော်တော်များများကို အလုပ်ထုတ်ဖို့ ဧပြီ ၄ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး ဆက်စပ် အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ စာချုပ်ဝန်ထမ်းတွေရဲ့ စာချုပ်တွေကိုလည်း ဖျက်သိမ်းစေခဲ့ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ထုတ်စာ ပေးပို့ထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး USAIDကို အဓိက ကိုင်တွယ်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ USAIDကို ဖျက်သိမ်းခြင်းကြောင့် အမေရိကန်ဟာ မြန်မာ့ ငလျင်ဘေးသင့် ကယ်ဆယ်ရေး ကဏ္ဍမှာ ထိထိရောက်ရောက် အကူအညီ ပေးနိုင်စွမ်း ကင်းမဲ့သွားပြီဆိုတဲ့ စွပ်စွဲချက်တွေ ပယ်ချထားပါတယ်။
ကိုးကား: Reuters
