ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန် အနေနဲ့ ဘာမှ ထိထိရောက်ရောက် အကူအညီ ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပယ်ချခဲ့ပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် နိုင်ငံတကာ အကူအညီပေးရေး ရန်ပုံငွေတွေကို ထုထည် အများအပြား ဖြတ်တောက် လျှော့ချခဲ့ခြင်းက အခုလို အခြေအနေတွေမှာ ထိရောက်တဲ့ ပံ့ပိုးနိုင်စွမ်း လျော့နည်းသွားစေကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ဖျက်အားပြင်း မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်သွားတဲ့နောက် အမေရိကန်က ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ BBCက ဆက်သွယ် မေးမြန်းတဲ့အခါ ရူဘီရိုက အမေရိကန်ဟာ တစ်ကမ္ဘာလုံးရဲ့ အစိုးရ မဟုတ်ဘူးလို့ တုံ့ပြန်သွားပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ အရာရှိဟောင်းတွေက ထရမ့်လက်ထက်မှာ အေဂျင်စီကို တစ်စစီ ဖြိုဖျက်ပစ်လိုက်ခြင်းက မြန်မာ့ ငလျင်အရေးလိုမျိုး နိုင်ငံတကာ ကပ်ဘေးတွေမှာ ထိရောက်တဲ့ အကူအညီ ပေးနိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲလို့ ဝေဖန်ကြပါတယ်။ ဥပမာ ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ လေ့ကျင့်ပေးထားတဲ့ ခွေးတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေကို အမေရိကန်က မြန်မာဆီ ပေးပို့နိုင်စွမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။

Public Service Announcement
ရူဘီရိုကတော့ အမေရိကန်ဟာ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ လိုက်လျောညီထွေရှိတဲ့ တခြားသော လိုအပ်ချက်တွေ၊ တခြား ဦးစားပေးရမယ့် ကဏ္ဍတွေမှာ လူသားချင်း စာနာမှု ကဏ္ဍနဲ့ ပတ်သက်လို့ ဟန်ချက်ညီအောင် လုပ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ ချမ်းသာတဲ့ နောက်ထပ် နိုင်ငံတွေ အများကြီး ရှိကြောင်း၊ သူတို့လည်း မြန်မာ့ ငလျင်အရေးလို ကိစ္စမှာ ဝင်တာဝန်ယူသင့်ကြောင်း၊ အမေရိကန်က ကိုယ့်အပိုင်းကိုယ် လုပ်မှာဖြစ်ပြီး မြန်မာဆီ အဖွဲ့သား တချို့လည်း ပို့ဆောင်ထားကြောင်း၊ နောက်ထပ်လည်း ဝန်ထမ်းတွေ ထပ်ပို့ဖို့ရှိကြောင်း ရူဘီရိုက ဆိုပါတယ်။
နောက်ပြီး မြန်မာဆိုတာ ကယ်ဆယ်ရေး အလုပ်တွေအတွက် လွယ်ကူတဲ့ နေရာမဟုတ်ဘဲ အမေရိကန်ကို သဘောမကျတဲ့ စစ်အာဏာရှင် အစုအဖွဲ့က အုပ်စိုးနေကြောင်းလည်း သူက အကြောင်းပြပါတယ်။
ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ အရေအတွက်ဟာ ၃၀၀၀ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ USAIDလို နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေကို ထရမ့်ရဲ့ အစိုးရက လျှော့ချတာ၊ ဖျက်သိမ်းတာတွေ မလုပ်ခင်တုန်းက ပုံမှန်အားဖြင့် အမေရိကန်ဟာ အဲဒီလို ကပ်ဘေးတွေ ကြုံလာတဲ့ နိုင်ငံတွေဆီ ကယ်ဆယ်ရေးခွေးတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်း ဦးရေ ၂၀၀ ဝန်းကျင်၊ ကယ်ဆယ်ရေး ပစ္စည်းတွေ စေလွှတ်ပေးဖို့ အသင့်ရှိနေတတ်ပါတယ်။ အမေရိကန်ရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လေ့ကျင့်မှုနဲ့ နည်းပညာပိုင်းအရ မြေပြင်မှာ အထိရောက်ဆုံး အကူအညီတွေ ပေးနိုင်တဲ့ ယူနစ်တွေ အဖြစ်လည်း နာမည်ကျော်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးတဲ့ အချိန်မှာတော့ အမေရိကန် အစိုးရဟာ ဒေါ်လာ ၂ သန်း အကူအညီ ပေးမယ်လို့ ကြေညာခဲ့ပြီး နောက်ထပ် ရက်ပိုင်းလောက် ကြာပြီးမှသာ အကြံပေး ၃ ဦးပါဝင်တဲ့ အဖွဲ့ကို အခြေအနေတွေ လေ့လာဖို့ဆိုပြီး မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ NATO ထိပ်သီး အစည်းအဝေးမှာ ရူဘီရိုက မြန်မာနိုင်ငံဆီ ချိတ်ဆက် ဝင်ရောက်လို့ မရအောင် စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အခု သီတင်းပတ် အစောပိုင်းမှာ ကတည်းက သူ့ရဲ့ ဝန်ကြီးဌာနရဲ့ ကြေညာချက် တစ်ခုမှာတော့ မြန်မာဖက်က တရားဝင် အကူအညီ တောင်းခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။
USAID ဝန်ထမ်းဟောင်းတွေကတော့ အခုကိစ္စမျိုးကို နိုင်ငံရေး ရှုထောင့်က ကြည့်နေလို့ မရကြောင်း၊ အမေရိကန်ရဲ့ ကယ်ဆယ်ရေး မစ်ရှင်တွေဟာ အရင်ကလည်း နိုင်ငံရေးအရ အမေရိကန်နဲ့ ပြဿနာ ရှိတယ်လို့ ယူဆရတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ခဲ့ကြကြောင်း ပြောပါတယ်။
အမေရိကန်က နှောင့်နှေးနေချိန်မှာ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကတော့ မြန်မာဆီကို ကယ်ဆယ်ရေး အဖွဲ့တွေ အစောဆုံး စေလွှတ်ပေးခဲ့ပါတယ်။
ရူဘီရိုကတော့ အင်အားတောင့်တင်းတဲ့ အမေရိကန် ကယ်ဆယ်ရေး အဖွဲ့တွေ နိုင်ငံတကာကို ဖြန့်ကျက် ပို့ဆောင်နိုင်စွမ်း မရှိတော့တာဟာ USAIDကို ဖြတ်တောက် လျှော့ချမှုတွေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အမေရိကန်မှာ ထရမ့်ရဲ့ အစိုးရ အာဏာရလာချိန် ကတည်းက အစိုးရ ဘတ်ဂျတ်တွေကို လျှော့ချမယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့ နိုင်ငံတကာ အကူအညီပေးရေး ရန်ပုံငွေတွေကို ပမာဏ အမြောက်အမြား ဖြတ်တောက်ခဲ့သလို အစိုးရ ဝန်ထမ်း အရေအတွက် တော်တော်များများကိုလည်း ရာထူးကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ်။
ကိုးကား: BBC
