-People’s Spring
ထိုင်းစစ်တပ်က ညှင်းပန်းနှိပ်စက်လို့ မြန်မာနိုင်ငံသားတစ်ဦး အခုနှစ်ဆန်းပိုင်းတုန်းက သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Fortify Rights ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံသားဖြစ်တဲ့ စေတနာ့ဝန်ထမ်း အသက် ၃၇ အရွယ် အောင်ကိုကိုဟာ ထိုင်းစစ်သားတွေရဲ့ ဖမ်းဆီးမှုခံရပြီး သူ့ကို စစ်ကြောမေးမြန်းချိန်မှာ သစ်သားတုတ်နဲ့ ရိုက်နှက် ခံခဲ့ရပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ခဲ့တာလို့Fortify Rightsက ဆိုပါတယ်။
Fortify Rightsက အဲဒီ ဖြစ်စဉ်ကို မျက်မြင်သက်သေ ထွက်ဆိုချက်တွေ၊ အခင်းဖြစ်တဲ့ နေရာရဲ့ ဓာတ်ပုံမှတ်တမ်းတွေ၊ ရင်ခွဲစစ်ဆေးမှု မှတ်တမ်းတို့နဲ့အတူ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

အဲဒီလို ထိတ်လန့်တုန်လှုပ်စရာ ကိစ္စမျိုးကို ထိုင်းစစ်တပ်က ဇန်နဝါရီ ၁၂ ရက်နေ့တုန်းက နယ်စပ်မြို့ မဲဆောက်မှာ ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း၊ အောင်ကိုကိုဟာ အပြင်းအထန် ရိုက်နှက် ခံရမှုတွေကြောင့် ဆိုးရွားပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး နာရီပိုင်း အကြာမှာ သေဆုံးခဲ့ကြောင်း Fortify Rightsက ဆိုပါတယ်။
အောင်ကိုကို သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် မရှိဘဲ မျက်နှာလွှဲပေးလိုက်ဖို့ မဖြစ်နိုင်ကြောင်း၊ ထိုင်းစစ်တပ် အနေနဲ့ အခုလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ စစ်သားတွေကို စစ်ဆေးဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း Fortify Rightsရဲ့ အမှုဆောင်ချုပ် မက်သရူး စမသ်စ်က ပြောပါတယ်။
ဒါတင်မကသေးဘဲ အဲဒီလုပ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့တဲ့ တခြား အသက် ၂၄ နှစ်အရွယ် မြန်မာ တစ်ဦးဟာ အောင်ကိုကို သေဆုံးမှုအတွက် နောက်ပိုင်းမှာ စွပ်စွဲ အရေးယူ ခံခဲ့ရကြောင်း စမသ်စ်က ဆိုပါတယ်။ အဲဒီ မျက်မြင်သက်သေ မြန်မာနိုင်ငံသားကို ထောင်ဒဏ် လပေါင်း ၄၀ ချမှတ်ခဲ့ခြင်းဟာလည်း တရားဥပဒေကို အလွဲသုံးစား လုပ်ဆောင်မှုလို့ သူက ဝေဖန်ခဲ့ပါတယ်။
ထိုင်းစစ်သားတွေက နှိပ်စက်ညှင်းပန်းပြီး ဒဏ်ရာအပြင်းအထန်ရပြီးတဲ့နောက်မှာ အောင်ကိုကို နဲ့အတူလုပ်ပြီး လာခေါ်တဲ့ မြန်မာသူငယ်ချင်းကိုမြန်မာဘက်ခြမ်းသွားပို့စဥ်မှာ သေဆုံးခဲ့တာဖြစ်ပါတယ် ။မိသားစုက မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ပေမယ့် ကျူးလွန်တဲ့ ထိုင်းစစ်သားတွေဟာ ဖမ်းဆီးအရေးယူခံရခြင်းမရှိဘူးလို့သိရပါတယ် ။
အောင်ကိုကို သေဆုံးမှုက ထိုင်းစစ်မှုထမ်းတွေက ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံခြားသားတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ခဲ့ပေမယ့် ထိုက်သင့်တဲ့ ပြစ်ဒဏ် စီရင်မခံရဘဲကင်းလွတ်ခွင့် ရနေတယ် ဆိုတာကို သိသာစေခဲ့ကြောင်း သူက ဆက်ပြောပါတယ်။
ထိုင်းစစ်တပ်ကတော့ အခုစွပ်စွဲမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အချက်အလက်တွေကို စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေကြောင်း၊ ထိုင်းစစ်တပ်ဟာ လူ့အခွင့်အရေး၊ တန်းတူညီမျှရှိခွင့်တွေကို အမြဲတမ်း ဦးစားပေးကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် သာနာသစ် ဆွမ်ဆန်က ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းပိုင်နက်ဖက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးသူတွေ အများအပြား ရှိနေပြီး ထိုင်းအာဏာပိုင်တွေက ကြားဖြတ် ဖမ်းဆီးမှုတွေကို အာရုံစူးစိုက် လုပ်ဆောင်နေပါတယ်။ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မြန်မာဖက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လှေတွေကို တားမြစ်ပြီး ပင်လယ်ပြင်ဆီ ပြန်နှင်ထုတ်တဲ့ ကိစ္စတွေလည်း ရှိနေကြောင်း စွပ်စွဲခံထားရပါတယ်။
ကိုးကား: CNA
