သော်မွန်/People’s Spring
ရွေးကောက်ခံ အရပ်သား အစိုးရကို လက်နက်အားကိုးဖြုတ်ချကာ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်ကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်ထားချိန် နိုဝင်ဘာလဆန်းတွင် ၆ရက်ကြာ တရုတ်ခရီးစဥ်က စစ်ခေါင်းဆောင်အား ဘေဂျင်းအစိုးရအနေဖြင့် တစုံတရာတရားဝင်မှု ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။ တရုတ်ခရီးစဥ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မြောက်ပိုင်းညီနောင်သုံးဖွဲ့အား ရည်ညွှန်းကာ ‘ကျားသေကို အသက်ပြန်မသွင်းမိကြစေရန်’ တောင်းဆိုခဲ့သော်လည်း လက်တွေ့တွင် တရုတ်က ‘ကျားသေ(စစ်ကောင်စီ)ကို အသက်သွင်းပေးခဲ့ခြင်း’ ဖြစ်ကြောင်း ရှုမြင်သူများ ရှိနေသည်။
“ကျားသေကို အသက်သွင်းတဲ့အလုပ် တရုတ်က လုပ်နေတာပါ။ မင်းအောင်လှိုင်ကကိုယ်တပိုင်းသေနေပါပြီ။ အဲဒီအလုပ်လုပ်ပေးနေတာ တရုတ်ပဲဖြစ်တယ်။ ဒါပေမဲ့ အောင်မြင်မှာမဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က ပြောသည်။
တရုတ်အစိုးရသည်အာဏာသိမ်းစစ်အုပ်စု ရပ်တည်နိုင်အောင် ကာကွယ်ရမည်၊ ကူညီရမည်ဟု ဆုံးဖြတ်ထား၍ နိုင်ငံတဝန်း စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော မင်းအောင်လှိုင်ကို တရားဝင် သိတ္ထိတင်ပေးလိုက်ခြင်းလည်းဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

Public Service Announcement
စစ်အာဏာသိမ်းပြီး ၄ နှစ်ခန့်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်မှ ၁၀ရက်အထိ ပထမဆုံးအကြိမ် သွားရောက်ခွင့်ရရှိခဲ့သည်။ ခရီးစဥ်အတွင်း တရုတ်ဝန်ကြီးချုပ် Mr.Li Qiang နှင့် သီးသန့်တွေ့ဆုံနိုင်ခဲ့သလို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသော ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်တို့နှင့်လည်း စစ်ခေါင်းဆောင်က သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
တရုတ်ဝန်ကြီးချုပ်(Premier Li Qiang)က ဘေဂျင်းနှင့် မိုင်ပေါင်း ၁,၅၀၀ကျော်ဝေးကွာသော ကူမင်းမြို့၌စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံကာ မြန်မာ့အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီသော ဖွံ့ဖြိုးမှုလမ်းကြောင်းရွေးချယ်ရာတွင် မြန်မာကို အမြဲထောက်ပံ့ကူညီမည်ဟု ပြောဆိုခဲ့သည်။ တရုတ်သည် နိုင်ငံံရေးဆိုင်ရာအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာ၌ မြန်မာကို အားပေးထောက်ခံမည်ဟု ဆိုခဲ့သည်။
တဆက်တည်းတွင် တရုတ်ဝန်ကြီးချုပ်က အဆင့်မြင့်ရပ်ဝန်းနှင့် လမ်းကြောင်း(Belt and Road)ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးစဥ်ဆက်မပြတ်မြှင့်တင်ရေးအတွက် မြန်မာနှင့် အတူတကွလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို သတိပေးခဲ့သည်။ သို့သော် တရုတ်ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်တို့ ရှေ့မှောက်၌ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခုတို့ကို ချုပ်ဆိုလဲလှယ်ခဲ့ကြသည်။
“တရုတ်အစိုးရက စစ်ရှုံးနေတဲ့ရာဇဝတ်ကောင် စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာစစ်ကောင်စီကို သူတို့မှာကင်းမဲ့ငတ်မွတ်နေတဲ့ legitimacyတစုံတရာပေး ဆက်ဆံလိုက်တာဟာ သူ့ပထဝီနိုင်ငံရေးစဥ်းစားချက်အရ အမေရိကန်မှာ ထရမ့်အစိုးရတက်လာရင် ဖြစ်နိုင်ခြေတွေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံနိုင်ခြေကို ကြိုတင်နှစ်ကွက်ကျော်စားဖို့ ကစားကွက်ရွှေ့လိုက်တာ ဖြစ်နိုင်ပါတယ်” ဟု မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာနိုင်ငံတဝန်းရှိ BRIစီမံကိန်းများ၊ စီမံကိန်းသက်ရောက်ရာဒေသများကို ဆယ်စုနှစ်ချီ မြေပြင်လေ့လာခဲ့သူ မငြိမ်းငြိမ်းပြည့်က သုံးသပ်သည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်က မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်အစိုးရအပြောင်းအလဲဖြစ်စဥ်တွင် အမေရိကန်၏ အခန်းကဏ္ဍကြောင့် မြန်မာ့အရေးတွင် တရုတ် ပိုမိုပါဝင်လာရန် တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားကြောင်း မငြိမ်းငြိမ်းပြည့်က ရှုမြင်သည်။
ဆက်လက်၍ တရုတ်၏ မြန်မာ့အရေးမူဝါဒပြောင်းလဲလာမှုအပေါ် “အင်ဒိုပစိဖိတ် ဒေသတွင်းအခြေအနေတွေကလည်း သိတဲ့အတိုင်းပါပဲ။ အဲဒါ့အပြင် မရှေးမနှောင်းမှာ ထရမ့်တက်လာမှာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေတွေကို ကြိုတွက်ပြီး မြန်မာ့အရေး(သုံးနှစ်ကျော် စောင့်ကြည့်ရာကနေ) အခု ဆုံးဖြတ်ချက်ချ၊ ရွှေ့လိုက်တာ ဖြစ်နိုင်ခြေရှိပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
ပြည်တွင်းစစ်ရေးလေ့လာစောင့်ကြည့်သူများကမူ ဘေဂျင်းအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီ ပိုမိုနီးကပ်သည့် ထိတွေ့ဆက်ဆံမှုများ ရှိလာခြင်းမှာ သြဂုတ်လဆန်းတွင် ကိုးကန့်တပ်မတော်(MNDAA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းက အစပြုသည်ဟု ရှုမြင်ကြသည်။ လားရှိုးရမခကျရှုံးခြင်းသည် စစ်တပ်၏ စစ်တိုင်းဌာနချုပ် ၁၄ ခုအနက် တစ်ခု စတင်ကျရှုံးခြင်းဖြစ်ပြီး စစ်စခန်းပေါင်း ထောင်နှင့်ချီ၊ မြို့ပေါင်း ဒါဇင်နှင့်ချီ လက်လွှတ်ဆုံးရှုံးခဲ့ရသော အာဏာသိမ်းစစ်တပ်အတွက် အထိနာသည်မှာ ထင်ရှားသည်။
နိုဝင်ဘာလဆန်းအထိ နိုင်ငံတဝန်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ပေါင်းအနည်းဆုံး ၈၆မြို့အထိ ရှိသည်။ ရက္ခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)မှာလည်း မကြာမီပင် အာရက္ခတပ်တော်(AA)လက်ဝယ်ရောက်ရှိရန် အခြေအနေဆိုက်နေသည်။ ထို့အပြင် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ပုလဲ၊ ချင်းပြည်နယ်ရှိ မင်းတပ်၊ ဖလမ်း၊ ရက္ခိုင်ပြည်နယ် မောင်တော၊ တောင်ကုတ်၊ ဂွမြို့သိမ်းတိုက်ပွဲများမှာလည်း ပြင်းထန်နေသည်။
ထိုအခြေအနေတွင် မြန်မာ့နိုင်ငံရေး၌ စစ်တပ် ဆက်လက်တည်ရှိရမည်ဟု အမြင်ရှိသော တရုတ်သည် အာဏာသိမ်းစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ ကူညီပံ့ပိုးမှု၊ ထိတွေ့ဆက်ဆံမှုများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာခဲ့သည်။ သြဂုတ်လလယ်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သလို မြန်မာ့အရေးတွင် မကျော်လွန်ရမည့်စည်းသုံးစည်းဟုဆိုကာ ကြေညာခဲ့သည်။ ယင်းမှာ မြန်မာစစ်အုပ်စုနှင့်အတူ တရုတ်ရပ်တည်သည်ဟူသော အဓိပ္ပာယ်ပင်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကမူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်မှာ နိုင်ငံတော်အဆင့်ခရီးစဥ်(State Visit)မဟုတ်ဘဲ ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုသွားရောက်တက်ရောက်ခြင်းသာဖြစ်သည်ဟု သတ်မှတ်ထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းသာယာဝပြောရန်၊ နယ်စပ်ဒေသတည်ငြိမ်းရေးတို့အတွက် တစိုက်မတ်မတ် ပြောကြားတိုက်တွန်းလုပ်ဆောင်နေသည်ကို တွေ့ရကြောင်းနှင့် မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်ကြောင့် NUG ၏ တရုတ်အပေါ် ဆက်ဆံရေးပြောင်းလဲမည်မဟုတ်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
“မြန်မာပြည်သူလူထုကလည်း ဒီလိုစစ်ပွဲတွေ ဘယ်ဖြစ်ချင်မလဲ၊ မြန်မာပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တာကို အကြမ်းဖက်လာတဲ့အတွက် ခုခံတော်လှန်စစ်ဆင်နွှဲနေရတာဖြစ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကလည်း တရုတ်နိုင်ငံဆန္ဒအတိုင်းပါပဲ” ဟု ၎င်းက ဆိုသည်။
သို့သော် မြန်မာပြည်သူလူထု၏ဆန္ဒကို တရုတ်နိုင်ငံအနေဖြင့် ထင်ထင်ရှားရှားမြင်အောင် ဆက်လက်လုပ်ကိုင်သွားမည်ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၄ ဇန်နဝါရီ ၁ ရက်တွင် အချက် ၁၀ချက်ပါဝင်သော ‘အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာသဘောထား’ကို ထုတ်ပြန်ကြေညာထားရာ ယင်းအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
“မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးအတွက် အနှောင့်အယှက်အတားအဆီးဖြစ်နေတာက အကြမ်းဖက်စစ်အုပ်စုဖြစ်နေတယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်နေတယ်။ အဲဒါတွေကို ကျွန်တော်တို့တတွေက အမြစ်ဖြုတ်တော်လှန်နေတာ” ဟု ဦးကျော်ဇောက ဆက်ပြောသည်။
တဖက်တွင် မြန်မာစစ်တပ်နှင့် တရုတ်အစိုးရအကြား ဆက်ဆံရေးမှာ တစ်ဖက်နှင့်တစ်ဖက် အမှန်တကယ် ယုံကြည်မှု၊ ချစ်ခင်နှစ်သက်မှုမရှိသည့် marriage of convenience သာဖြစ်ပြီး အကျိုးစီးပွားအရ၊ မဟာဗျူဟာအရ အပြန်အလှန်အပေးအယူမျိုးဖြစ်ကြောင်း တရုတ်-မြန်မာဆက်ဆံရေး အကဲခတ် မငြိမ်းငြိမ်းပြည့်က မှတ်ချက်ပြုသည်။
“ပြိုကျနေတဲ့ မင်းအောင်လှိုင်က တရုတ်အတွက် မြန်မာဟာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်ပေးနိုင်တယ်လို့ မနေ့တနေ့ကပဲ ယူနန်ပြည်နယ်မှာပြောပြီး နိုင်ငံကိုရောင်းစားချင်တယ်။ တကယ်တော့ တရုတ်ဘက်က အဲဒါထက်အများကြီးကျော်ပြီး ကြိုစဥ်းစားထားပြီးအကွက်ရွှေ့နေတဲ့ Imperialism(နယ်ချဲ့ဝါဒ)စစ်တုရင်ခုံပေါ်မှာ ဖက်ဆစ်တပ်နဲ့တကွ မြန်မာက pawn နယ်ရုပ်လေးလိုဖြစ်နေတာပါ” ဟု ၎င်းက သုံးသပ်သည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ(EROs)၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်တကွ မြန်မာနိုင်ငံအပေါ် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ မူဝါဒ၊ လုပ်ရပ်နှင့် ပြောဆိုချက်များမှာ နယ်ချဲ့ဝါဒ(imperialism)သက်သက်သာဖြစ်ကြောင်း မငြိမ်းငြိမ်းပြည့်က ပြောသည်။
“နိုင်ငံရေးစစ်ရေးစီးပွားရေး သံတမန်ရေးလွှမ်းမိုးမှုလုပ်တာ မရရင် နယ်စပ်တလျှောက်မှာဖြတ်တောက်ပိတ်ဆို့ပြီး ဖိအားပေးတာတွေကို တရုတ်က လက်တွေ့လုပ်နေခဲ့ပါတယ်။ ဒါက မြေပြင်မှာ အကျပ်အတည်း တကယ်သက်ရောက်ပါတယ်။ မြောက်ပိုင်းက ဗမာမဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပေါ် သက်ရောက်တာတင်မကဘဲနဲ့ ဒီအဖွဲ့တွေဒီနယ်မြေတွေမှာမှီခိုနေရတဲ့ အညာက ဗမာမြန်မာတော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်း ရိုက်ခတ်ပါတယ်။ တော်လှန်ရေးအဟုန်ကိုပါ အလုံးစုံမဟုတ်သော်ငြား အတိုင်းအတာ တခုဟန့်သွားစေတဲ့အထိ အကျပ်အတည်းရိုက်ခတ်သွားတာပါ။ တော်လှန်ရေးမှာ ကိုယ့်အတွင်းအင်အားက အခရာဖြစ်သလို အပြင်အားရဲ့သက်ရောက်မှုကလည်း တော်လှန်ရေးအပေါ် ရိုက်ခတ်တာ မျက်မြင်ပါပဲ။ ပထဝီအရ နယ်စပ်တလျှောက်ထိစပ်နေရတဲ့ မြောက်ပိုင်းက EROsတွေအတွက်လည်း တရုတ်အစိုးရနဲ့ ဆက်ဆံရေးက အကြောင်းကြောင်းကြောင့် မဆက်ဆံလို့မဖြစ်လို့ ဆက်ဆံနေရတာပါပဲ။ ဒါက မြန်မာနိုင်ငံအနေနဲ့လည်း အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မဆက်ဆံလို့မဖြစ် ဆက်ဆံရတာ အတူတူပါပဲ”ဟု ၎င်းက ဆက်ပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ကူမင်းခရီးစဥ်သည် တရုတ်အစိုးရ ထုတ်ဖော်ပြောဆိုလေ့ရှိသည့် ‘မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူသည်’ဆိုသော ချစ်ကြည်ရေးမူဝါဒနှင့် “အပြောတမျိုး၊ အလုပ်တမျိုး” ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု – AJAY ဦးဆောင်သူ ကိုနန်းလင်းက ထောက်ပြသည်။ တရုတ်အစိုးရအနေဖြင့် စစ်အုပ်စုဘက်မှ ရပ်တည်လိုက်လျှင် မြန်မာပြည်တွင် ဘေဂျင်းအလိုရှိနေသော တည်ငြိမ်မှုမျိုး၊ ဘေဂျင်းအကျိုးစီးပွားကို ကာကွယ်ပေးနိုင်သည့်အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု တွက်ဆပါက ယင်းတွက်ချက်မှု၏ ‘ပြောင်းပြန်ရလဒ်’သာ ထွက်ပေါ်လိမ့်မည်ဟု ကိုနန်းလင်းက သတိပေးသည်။
“စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စု ဘယ်လိုပဲ ပရိယာယ်တွေ၊ မတရားတဲ့နည်းတွေ သုံးပြီး အသက်ဆက်ဖို့ ကြိုးစားနေပါစေ၊ မြန်မာပြည်သူတွေဆီမှာစစ်အုပ်စုအတွက် နေရာမရှိတော့ဘူး။ ကမ်းကုန်အောင်မိုက်ကမ်းတဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ၊ မတရားမှုတွေ ကျူးလွန်ပြီးတော့မှ ရွေးကောက်ပွဲလေးလုပ်၊ စစ်ယူနီဖောင်းလေးချွတ်ပြီး လွှတ်တော်မှာ တက်ထိုင်တဲ့ မြင်ကွင်းမျိုးကို မြန်မာပြည်သူတွေက လက်ခံလိမ့်ဦးမယ်လို့ ထင်ရင်တော့ သိပ်မှားပါလိမ့်မယ်”ဟု ၎င်းက တရုတ်အစိုးရကို သတိပေးသည်။
အာဏာသိမ်းစစ်အုပ်စုနှင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ ချက်ကြိုးပြတ်သွားပြီဖြစ်ပြီး အခြေအနေပေးလာသည်နှင့်တပြိုင်နက် စစ်အုပ်စုကိုရော၊ စစ်ယန္တရားတစ်ခုလုံးကိုပါ ဖြိုချပစ်လိုက်လိုသည့်ဆန္ဒမှာ မြန်မာပြည်သူတိုင်း၏ ရင်ထဲမှ တူညီဆန္ဒဖြစ်ကြောင်း ကိုနန်းလင်းက ဆိုသည်။
“ဒီဆန္ဒကို မျက်ကွယ်ပြုပြီး စစ်အုပ်စုဘက်က ရပ်တည်နေခြင်းဟာ တရုတ်မုန်းတီးရေး မျိုးစေ့ကို တရုတ်အစိုးရ ကိုယ်တိုင်က မျိုးစေ့ချပေးနေသလိုဖြစ်နေပါတယ်။ ဒါဟာ ရေရှည်မှာ တရုတ်ပြည်အတွက် သိပ်ကို အန္တရာယ်များတဲ့ လုပ်ရပ်နဲ့ အင်မတန်လွဲမှားတဲ့ မဟာဗျူဟာချဥ်းကပ်မှုဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းထပ်သတိပေးချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
အာဏာသိမ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဥ် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ MNDAA၊ TNLA၊ AA တို့ကို ‘သောင်းကျန်းသူအဖွဲ့များ’ ဟု မင်းအောင်လှိုင်က သုံံးနှုန်းကာ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစားဖြစ်သင့်သည်ကို လုပ်ဆောင်ရန်လိုသည်ဟု တရုတ်ဝန်ကြီးချုပ်အား တိုင်တန်းခဲ့သည်။
ထို့အပြင် ညီနောင်မဟာမိတ် သုံးဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် စစ်ကောင်စီ၏ ကြိုတင်ကန့်သတ်ချက်များအား လိုက်နာရမည်ဆိုပြီး အမှန်တကယ် စိတ်ဆန္ဒရှိကြောင်း ဦးစွာပြသရမည်ဟု မင်းအောင်လှိုင်က တရုတ်အစိုးရကို ဆိုခဲ့သည်။ သို့သော် အာဏာသိမ်းခေါင်းဆောင်ပြန်လာပြီး နောက်နေ့တွင်ပင် ကမ္ဘာကျော် ပတ္တမြား၊ နီလာထွက်ရာ ရတနာမြေဖြစ်သော မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲ၍ ပြည်သူ ၂၀ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရစေခဲ့သည်။ တရုတ်ခရီးစဥ်အပြီး ၂ ရက်အကြာတွင် နောင်ချိုမြို့ရှိ လမ်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲ၍ ပြည်သူ ၂၀ ဦးခန့် သေဆုံးစေခဲ့သည်။ ထို့ကြောင့် ပါးစပ်က ငြိမ်းချမ်းရေးပြောပြီး လက်က လူသတ်သောအမှုကို ကျူးလွန်နေသည်မှာ စစ်အုပ်စုဆယ်စုနှစ်ပေါင်းများစွာပြုလုပ်ခဲ့သောအလေ့အထဖြစ်သည်။
“မြို့မှာ ပြန်စည်ကားပြီး ပုံမှန်လည်ပတ်အောင်စောင့်ပြီးမှ ပြန်ဖျက်ဆီးချင်တာဖြစ်နိုင်တယ်။ နောက်ပြီး တရုတ်နဲ့ ဘာတွေညှိနှိုင်းခဲ့လည်းမသိဘူး။ ဒီနေရာက တကယ့်အဖိုးတန်နေရာဆိုတော့ စစ်ကောင်စီဘက်က မစားရတဲ့အမဲသဲနဲ့ပက်ပြီး ယုတ်မာမှာပါ။ တော်လှန်ရေးအဖွဲ့တွေကို မေးခွန်းထုတ်လိုက်တာပါပဲ”ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
အာဏာသိမ်းခေါင်းဆောင်ကတရုတ်အစိုးရကို အထက်ပါတိုင်တန်းပြောဆိုမှုများသည် လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုဖြစ်ပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့်ပတ်သက်၍ တရုတ်အစိုးရအား လက်သိပ်ထိုးတောင်းဆိုမှုများရှိနေသည်။ မင်းအောင်လှိုင်၏ တောင်းဆိုမှုများကြောင့် တရုတ်အစိုးရကလည်း ၂၀၂၄ နှစ်လယ်ပိုင်းမှစ၍ မြောက်ပိုင်းညီနောင်သုံးဖွဲ့အပေါ် ဖိအားပေးမှုများသာမက သြဂုတ်လတွင် ကိုးကန့်တပ်မတော်(MNDAA)အပေါ် ‘ဖြတ်ငါးဖြတ်’ပိတ်ဆို့ကန့်သတ်မှုများအထိ လုပ်ဆောင်လာခဲ့သည်။ တရုတ်သည် MNDAA ဦးဆောင်သိမ်းပိုက်ထားသော လားရှိုးမြို့နှင့် ရမခကို စစ်တပ်အား ပြန်လည်ပေးအပ်ရန် အလိုရှိနေကြောင်း ရှမ်းပြည်မြောက်ပိုင်း သတင်းရင်းမြစ်များက ပြောသည်။
MNDAA သည် ညီနောင်တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ အသက်၊ သွေးချွေးများနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ထားသော လားရှိုးနှင့် ရမခကို စစ်ကောင်စီလက်ကို ပြန်အပ်နိုင်ဖွယ်မရှိသလို TNLA နှင့် MDY-PDF တို့ အပြင်းအထန်တိုက်ခိုက်သိမ်းပိုက်ထားသော မိုးကုတ်မြို့ကိုလည်း ပြန်ပေးမည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အဲဒါတွေကို မင်းအောင်လှိုင်အနေနဲ့ အဲဒီနေရာတွေက ဆုတ်ပေးဖို့ အထူးသဖြင့် ရမခကနေ ဆုတ်ပေးဖို့ဆိုတာ MNDAA အနေနဲ့ လိုက်လျောနိုင်မယ့် အနေအထားမရှိဘူး။ အဲဒါတွေ မလိုက်လျောရင် စေ့စပ်ဆွေးနွေးပွဲမဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ အဲဒါကြောင့် တရုတ်မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာနိုင်စရာအကြောင်း မရှိသေးဘူး”ဟု ၎င်းက သုံးသပ်ပြောကြားသည်။
တရုတ်အစိုးရ မသိသေးသည့်အချက်မှာ မင်းအောင်လှိုင်၏ တပ်တော်ကြီးသည် ‘တိုက်တိုင်းရှုံးတပ်တော်ကြီး’ ဖြစ်နေပြီး ဘေဂျင်းအနေဖြင့် မည်သို့ပင် ကျားကန်၊ ထောက်ခံစေကာမူ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအတူ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဖျက်
သိမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာရေးဆိုတဲ့ တောင်းဆိုချက်တွေနဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုက ဆက်လက်ပြီး တိုက်ပွဲဝင်သွားကြမယ့်အလားအလာရှိတယ်လို့ပဲ သုံးသပ်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
နယ်ချဲ့ဝါဒီ နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်ရော၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အာဆီယံအပါအဝင် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံမှ တော်လှန်ရေးနှင့် ပြည်နယ်ဒေသအလိုက် ဖြစ်ထွန်းနေသည့် ပြည်တွင်းအပြောင်းအလဲအေဂျင်စီများကို တရားဝင်အသိအမှတ်ပြုကြရန် လိုအပ်ပြီး ထိုသို့အသိအမှတ်ပြုရန်လည်း လုပ်ဆောင်ကြရမည်ဟု နိုင်ငံရေးအကဲခတ် မငြိမ်းငြိမ်းပြည့်က တိုက်တွန်းသည်။
“ပထဝီနိုင်ငံရေးဗဟိုပြုတဲ့နေရာမှာ မြန်မာ့အရေးနဲ့ပတ်သက်ရင် State to State ဆက်ဆံရေးအခြေပြုတဲ့ နိုင်ငံတကာဆက်ဆံရေးအစဥ်အလာဟောင်းနဲ့ စစ်တပ်ကို State actor အဖြစ် ဆက်ဆံချဥ်းကပ်မှုအဟောင်းဟာ မအောင်မမြင်အဆုံးသတ်ရတာချည်းပဲဖြစ်သလို ကျင့်ဝတ်အရမှား
ယွင်းတဲ့အပြင် မြန်မာပြည်တွင်းအခင်းအကျင်းအရှိတရားနဲ့ အံမကိုက်ဘဲ မဟာဗျူဟာအရလည်း အပြစ်အနာအဆာများတယ်ဆိုတာကို နိုင်ငံတကာက လက်ခံအောင် ရေဆန်တွန်းရမှာပေါ့” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် တရုတ်နိုင်ငံ၏ ဖိအားနှင့် စစ်ကောင်စီပြင်ဆင်နေသော ရွေးကောက်ပွဲခြေလှမ်းတို့ကို တော်လှန်ရေးအင်အားစုများအနေဖြင့် တစ်ဖွဲ့ချင်းတုန့်ပြန်ခြင်းထက် ဘုံသဘောတူညီချက်အပေါ်တွင် အခြေခံကာ မဟာဗျူဟာတစ်ခုနှင့် စုပေါင်းတုန့်ပြန်ရန်လိုအပ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု – AJAY ဦးဆောင်သူ ကိုနန်းလင်းက အကြံပြုသည်။
“တော်လှန်ရေးအင်အားစုတွေကြားထဲက ဘုံနိုင်ငံရေးသဘေတူညီချက်နဲ့ ဘုံနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု ဒါကတော့ ဒီထက်ပိုပြီး ခိုင်ခိုင်မာမာနဲ့ပီပီပြင်ပြင်ဖြစ်ဖို့လိုနေတဲ့အချက်လို့မြင်ပါတယ်။ ဒါတွေ လုပ်နိုင်မှသာလျှင် တရုတ်ရဲ့ ဖိအားရော၊ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပါအဝင် သူရွှေ့လာမယ့် နိုင်ငံရေးရွှေ့ကွက်တွေကို သေချာရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ရန်သူရဲ့ရွှေ့ကွက်တွေထက်စာရင် ကိုယ့်အင်အားစုတွေကြားထဲက ပိုပြီးတော့ စုစည်းမှုနဲ့ ညီညွတ်မှုကသာလျှင် ကျွန်တော်တို့ရဲ့တောင့်ခံတွန်းခံနိုင်မှုသာလျှင် ဒီတော်လှန်ရေးကို အဆုံးအဖြတ်ပေးသွားလိမ့်မယ်”ဟု ကိုနန်းလင်းကပြောကြားသည်။ ။
