ကမ္ဘာ့စူပါ ပါဝါ အမေရိကန်ပြည်ထောင်စုရဲ့သမ္မတရွေးကောက်ပွဲဟာ မနက်ဖြန်(နိုဝင်ဘာ ၅ရက်)မှာ ကျင်းပပါမယ်။ ဒီမိုကရေစီဆိတ်သုဥ်းပြီး အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုမျိုးစုံကိုရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့အနောက်ခြမ်းက အမေရိကန်သမ္မတရွေးကောက်ပွဲက အလှမ်းဝေးပေမယ့် သက်ရောက်မှုနဲ့ ဆက်စပ်မှုတော့ ရှိပါတယ်။
အခုကျင်းပနေတဲ့အမေရိကန်သမ္မတရွေးကောက်ပွဲမှာထုံးစံအတိုင်း ဒီမိုကရက်တစ်ပါတီ နဲ့ ရီပက်ဘလစ်ကန်ပါတီတို့သာ အဓိကယှဥ်ပြိုင်ကြရမှာဖြစ်ပေမယ့် တခြားပါတီတွေလည်းရှိပါတယ်။ လစ်ဘာတားရီးယန်းပါတီ၊ ဂရင်းပါတီ၊ ဆိုရှယ်လစ်ဇင်နဲ့ လစ်ဘရေးရှင်းပါတီ၊ ကွန်စတီကျူးရှင်းပါတီအပါအဝင် တသီးပုဂ္ဂလဝင်ရောက်ယှဥ်ပြိုင်သူတွေလည်း အများအပြားရှိပါတယ်။ဒါပေမဲ့ဒီမိုကရက်တစ်သမ္မတလောင်း လက်ရှိ ဒုတိယသမ္မတ ကမ်မလာဟာရစ်နဲ့ ရီပက်ဘလစ်ကန်သမ္မတလောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ထဲက တစ်ဦးက အမေရိကန်ပြည်ထောင်စုရဲ့(၄၇)ကြိမ်မြောက်သမ္မတဖြစ်လာမှာပဲဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲ ၁ ရက်အလို နောက်ဆုံးရသတင်းတွေအရ အာရှနဲ့ အာဖရိကန်နွယ်ဖွား ကမ်မလာဟာရစ်က ဒေါ်နယ်ထရမ့်ထက် လူထုစစ်တမ်းတွေမှာ အနည်းငယ်အသာစီးရရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်သတင်းအချို့မှာတော့ ထရမ့်က အသာနေတယ်လို့ဆိုပါတယ် ။သေချာတာကတော့ နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲဟာဘယ်သူနိုင်မယ်ဆိုတာကို ကြိုပြောဖို့ ခက်တဲ့ ၊အကြိတ်အနယ်ရှိတဲ့ရွေးကောက်ပွဲ ဖြစ်နေပါတယ်။ ‘အမေရိကန်ကို တဖန်ကြီးကျယ်ခမ်းနားစေရမယ်’လို့ ကြွေးကြော်ထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း နောက်တစ်ကြိမ်သမ္မတထပ်ဖြစ်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ (၄၅)ကြိမ်မြောက်သမ္မတဖြစ်ခဲ့သူ ဒေါ်နယ်ထရမ့်ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်မီ ရက်ပိုင်းအလိုမှ သမ္မတသက်တမ်း ၄နှစ်ပြီးဆုံးခဲ့တာပါ။ အဲဒီအချိန်က သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲကို ထပ်မံအရွေးခံခဲ့ပေမယ့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်(လက်ရှိသမ္မတ)ကို ရှုံးနိမ့်ပြီး သမ္မတသက်တမ်း ၂ကြိမ်ဆက် ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။
သမ္မတဂျိုးဘိုင်ဒန် ရာထူးလက်ခံအပြီး သီတင်းနှစ်ပတ်မပြည့်မီမှာပဲ မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူရွေးချယ်တင်မြှောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကိုလက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက ချက်ချင်းကန့်ကွက်ရှုတ်ချခဲ့ကြပြီး သမ္မတဂျိုးဘိုင်ဒန်က မြန်မာ့ဒီမိုကရေစီတိုးတက်မှု နောက်ကြောင်းပြန်လှည်စေခဲ့တဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုအပေါ် သင့်တော်တဲ့ အရေးယူမှုများ လုပ်ဆောင်မယ်လို့ ဖေဖော်ဝါရီ ၂ရက်မှာပဲ ကြေညာခဲ့ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုတိယသမ္မတကမ်မလာဟာရစ်တို့ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ၎င်းရဲ့ မိသားစုဝင်များ၊ အာဏာသိမ်းမှုနှင့်ပတ်သက်ဆက်နွှယ်သူများ၊ အဖွဲ့အစည်းများကို အရေးယူပိတ်ဆို့ခဲ့ရာ လူပုဂ္ဂိုလ်ပေါင်း ၉၀ ဦးခန့်နဲ့ အဖွဲ့အစည်းပေါင်း ၄၀ခုခန့်အထိ ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်တဲ့၊ သာမန်ထက်လွန်ကဲတဲ့ ခြိမ်းခြောက်မှုအဖြစ် ဘိုင်ဒန်-ဟာရစ် အစိုးရက သတ်မှတ်ခဲ့ပါတယ်။
“အမေရိကန်က အာဏာသိမ်းနောက်ဆက်တွဲ အခြားနိုင်ငံတွေနဲ့ယှဥ်ရင် ဥပမာ အိမ်နီးချင်းနိုင်ငံတွေက ဒီမိုကရေစီလို့ ပြောတဲ့ အိန္ဒိယနိုင်ငံက မြန်မာ့ ဒီမိုကရေစီအရေးကို ဆောင်ရွက်တဲ့လုပ်ငန်းတွေထက် အမေရိကန်ရဲ့ မူဝါဒတွေနဲ့ ယှဥ်မယ်ဆိုရင်တောင် အမေရိကန်က သာပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အထူးသဖြင့် ပြည်သူနဲ့အတူ ရပ်တည်မှုပိုင်းတွေမှာ ရှေ့ရောက်တယ်” လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံမှာ NLD အရပ်သားအစိုးရလက်ထက် တချိန်တည်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုများ၊ စေ့ဆော်မှုများ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်များအပေါ် သမ္မတထရမ့်ရဲ့နိုင်ငံခြားရေးမူဝါဒများက အလေးထားမှုမရှိခဲ့ဘူးလို့မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“ပြောရမယ်ဆိုရင် (ဒေါ်နယ်ထရမ့်က)မြန်မာနိုင်ငံ ဘယ်မှာမှန်းတောင် သိချင်မှ သိမယ်။ အဲဒီလို အစိုးရ၊ အဲဒီလိုခေါင်းဆောင် တက်လာထက်စာရင် ကျွန်မတို့ နိုင်ငံ ဘယ်လောက်ပဲ သေးငယ်ပါစေ ဒီမိုကရေစီအရေးအတွက်ဆိုရင် အခြားနိုင်ငံက ဒီမိုကရေစီအရေးအတွက်ပါ စိတ်ဝင်စားတဲ့ ၊ စဥ်းစားပေးတဲ့ခေါင်းဆောင်တွေကိုကျွန်မတို့ အလိုရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးဟာ နိုင်ငံတဝန်းလက်နက်ကိုင်တော်လှန်ရေး အားကောင်းနေပေမယ့် နှစ် ၇၀ကျော်တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပါအဝင် ၂၀၂၁ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားတဲ့တိုင်းပြည်ဖြစ်ပေါ်လာရေးဖြစ်တယ်လို့ ထုတ်ဖော်ကြေညာထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း ဒီမိုကရေစီဘိုးအေနိုင်ငံကြီးဖြစ်တာကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)အထွေထွေလုပ်ငန်းကော်မတီဝင် ဒေါက်တာလွမ်းဝေက သုံးသပ်ပါတယ်။
“ဒီမိုကရေစီအရေးကို ထွန်းကားဖို့သို့တည်းမဟုတ် ဒီမိုကရေစီနဲ့အညီ နေထိုင်နိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုအတွက် ဒီလို နိုင်ငံတွေရဲ့ အားရုံစိုက်မှု၊ ဒီလိုနိုင်ငံတွေရဲ့ အပြောင်းအလဲက တော်တော်လေးကြီးမားတဲ့သက်ရောက်မှုဖြစ်တာပေါ့။ အဲဒီတော့ US Election က သေချာ စောင့်ကြည့်သင့်တယ်။ ဒီမှာ ဘာတွေ အပြောင်းအလဲဖြစ်လာမလဲ။ ငါတို့ရော ဘာတွေ ပြင်ဆင်ထားရမလဲ။ ဒါမျိုးတွေ သေချာစဥ်းစားသင့်တယ်။ လက်ရှိတော်လှန်ရေးထဲမှာ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ မြင်တယ်။ အရေးလည်းကြီးတယ်။ လွှမ်းမိုးမှုလည်း များနိုင်တယ်လို့ မြင်တယ်”လို့ ၎င်းက ဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ BURMA ACT ကို အတည်ပြုပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရ အသုံးစရိတ်မှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁သန်း သတ်မှတ်လျာထားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု ၃နှစ်အတွင်း မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရရဲ့ အသုံးစရိတ် သန်း ၄၀၀ အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ စစ်လက်နက်ပစ္စည်းအကူအညီကလွဲလို့ ဒီမိုကရေစီမြှင့်တင်ရေးအတွက်နဲ့ လူသားချင်းစာနာမှု အကူအညီတွေကိုပဲအဓိက ပံ့ပိုးကူညီပေးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အမေရီကန် အပါအဝင် အနောက်နိုင်ငံတွေက ရုရှားကျူးကျော်စစ်ကိုရင်ဆိုင်နေရတဲ့ ယူကရိန်းကိုပေးတဲ့စစ်ရေး အကူအညီရဲ့ ၁၀၀ ပုံ ပုံရင် ၁ ပုံလောက်သာပေးရင် အာဏာလုစစ်ကောင်စီ ဟာစစ်ရာဇဝတ်ခုံရုံးရောက်နေမှာကြာပြီလို့သုံးသပ်သူတွေများစွာလည်းရှိပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အယုတ်ညံဆုံး ကိုယ်ပြည်သူကို ကိုယ်ပြန်သတ်နေတဲ့ စစ်တပ်ကို ခုခံတော်လှန်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ထိထိရောက်ရောက်မကူညီဘူးလို့ မြင်နေသူတွေလည်းများစွာရှိပါတယ် ။
ဒါ့အပြင် သမ္မတဟောင်း ဒေါ်နယ်ထရန့်မတိုင်မီ သမ္မတသက်တမ်း ၂ဆက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတဟောင်း အိုဘာမားလက်ထက်တုန်းကလည်း မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်လို့ တက်တက်ကြွကြွပံ့ပိုးကူညီခဲ့ပြီး အဲဒီတုန်းက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ နေအိမ်ကို လာရောက်ခဲ့သလို မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ အမေရိကန်သမ္မတလာရောက်ခဲ့ပါတယ်။
လက်ရှိ ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ကြီးထွားရေး၊ အမေရိကန်ပြည်သူ၊ ပြည်သားများအရေးကို ပိုမိုအာရုံစိုက်လုပ်ဆောင်တဲ့သဘောတွေ့ရတယ်လို့ GSCB အထွေထွေလုပ်ငန်းကော်မတီဝင် ဒေါက်တာလွမ်းဝေက ဆိုပါတယ်။ “ဒေါ်နယ်ထရမ့်တက်လာရင် သေသေချာချာ အာရုံစိုက်မှု သိပ်မရနိုင်တော့ဘူး။ အတိုင်းအတာတစ်ခုအထိ မြန်မာနိုင်ငံအရေးက မှေးမှိန်သွားနိုင်တယ်” လို့ာသူ့မြင်ကိုပြောပါတယ်။
အကယ်၍ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကမ်မလာဟာရစ် အနိုင်ရပါက မြန်မာနိုင်ငံအတွက် အမှန်တကယ်အကျိုးပြုမလားဆိုတာကို သေချာမသိပေမယ့် လက်ရှိ ပေးနေတဲ့ အမေရိကန်အစိုးရ ရဲ့အကူအညီတွေ ရုတ်လျော့မသွားနိုင်ကြောင်းနဲ့ ဒီမိုကရက်တစ်ဘက်မှ ပိုမိုထိတွေ့(engage)နိုင်ကြောင်း ဒေါက်တာလွမ်းဝေက သုံးသပ်ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း အမေရိကန်အစိုးရက လက်ရှိပေးနေတဲ့ အကူအညီမှာ အခြားနိုင်ငံများထက် အဆပေါင်းများ နည်းပါးပြီး သိသားထင်ရှားတဲ့အကူအညီများ ဘာကြောင့်မရသလဲဆိုတာ မြန်မာတော်လှန်ရေးအဖွဲ့များက ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ၎င်းက ထောက်ပြပါတယ်။
“အမေရိကန်ဆီက ကြီးမားတဲ့ အကူအညီမျိုးရဖို့ NUG ဆီမှာရော၊ NUCC ထံမှာရော ဒီလိုမူဝါဒမျိုး မတွေ့ရဘူး။ ဒီလို ထိတွေ့ ဆက်ဆံမှုမျိုး မတွေ့ရဘူး။ ဘယ်သူမဆို စိတ်ဆိုးမှာကြောက်နေတဲ့ ပေါ်လစီ ။ တရုတ်စိတ်ဆိုးမှာလည်း ကြောက်၊ အမေရိကန် စိတ်ဆိုးမှာလည်း ကြောက်။ ဘယ်နိုင်ငံကမဆို စိတ်ဆိုးမှာ ကြောက်နေတဲ့ ပေါ်လစီမျိုးတွေပဲ ထုတ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းပြောချင်တယ်။ အဲဒီအတွက် အများကြီး ပြင်ဆင်ဖို့လိုတယ်” လို့ ဒေါက်တာလွမ်းဝေက ပြောပါတယ်။
နောက်ပြီး အာဏာသိမ်းစစ်တပ်ဟာ တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် နိုင်ငံတဝန်းရှိ စစ်စခန်းပေါင်း ထောင်နဲ့ချီ လက်လွှတ်ခဲ့ရတာ၊ မြို့ပေါင်း ၉၀နီးပါး ဆုံးရှုံးခဲ့ရတာတွေ ဖြစ်ပေါ်နေတဲ့ တပြိုင်နက်တည်းမှာပဲ ဖက်ဒရယ်ယူနစ်များ ပေါ်ထွက်လာတဲ့ အခင်းအကျင်းမှာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများရဲ့ စဥ်းစားချက်က မြန်မာ့နွေဦးတော်လှန်ရေးကို လိုက်မီစေချင်ကြောင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူမသဥ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းပါတယ်။
“နိုင်ငံရေးအရ တိုးတက်မှု ရှိလာစေချင်တယ်။ အထူးသဖြင့် အခုလို ဖက်ဒရယ်ယူနစ်တွေ အပြိုင်းအရိုင်းမြင်နေရတဲ့အခင်းအကျင်းမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ စဥ်းစားချက်ကလည်း ကျွန်မတို့ တော်လှန်ရေးကို လိုက်မီစေချင်တယ်။ အဲဒီလိုမျိုးစဥ်းစားချက်က ပြည်သူတွေနဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ အမေရိကန်မှာလည်း နိုင်ငံတွင်း အားကောင်းမှ သူများနိုင်ငံကို ကူညီနိုင်မှာဖြစ်တဲ့အတွက် သူ့နိုင်ငံမှာ ဒီမိုကရေစီစံနှုန်း၊ တန်ဖိုးတွေကို အလေးထားတဲ့ ခေါင်းဆောင်တွေ တက်လာမှသာလျှင် သူများနိုင်ငံရေးကို ပိုပြီးဆောင်ရွက်နိုင်မှာပေါ့နော်။ အဲဒီအပေါ် ကျွန်မတို့က စောင့်ကြည့်လေ့လာရမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
အညာဒေသမှာ စစ်ကောင်စီတပ်တွေကိုတော်လှန်နေတဲ့ ရေစကြိုပကဖအဖွဲ့က ရဲဘော်ဝေကြီးက”ကမ္ဘာ့စူပါ ပါဝါ နိုင်ငံကြီးရဲ့ ရွေးကောက်ပွဲဆိုတာကတော့ တကမ္ဘာလုံးကို လှုပ်ခတ် ရိုက်ခတ်မှု့တွေက တော့ မလွဲမသွေ ရှိမှာပါ။ တော်လှန်ရေးကာလ ဖြတ်သန်းနေရတဲ့ မြန်မာကိုလည်း အနည်းနဲ့ အများရိုက်ခတ်နိုင်တယ်ဆိုပေမဲ့ ထရန့်ပဲ နိုင်နိုင် ကန်မလာပဲ နိုင်နိုင် အများကြီးတော့ မသက်ရောက်နိုင်တဲ့ အနေအထားကို မြင်ရတယ်။ အဓိကကတော့ ကိုယ်တိုင်းပြည်အတွက် တော်လှန်ရေးအင်အားစုတွေစုစည်းညီညွတ်မှုကသာအဖြေပေးပါလိမ့်မယ်။”လို့ သုံးသပ်ပါတယ် ။
အညာအခြေစိုက် 96 Soldiers အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ကလည်း အမေရိကန်သမ္မတဖြစ်မှုတွေက မြန်မာနိုင်ငံအပေါ် တစုံတရာ သက်ရောက်မှုရှိပေမယ့် အရေးကြီးတာက မြန်မာပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်နဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်ပြောင်းလဲမှုအပေါ် အများကြီး မူတည်လိမ့်မယ်လို့ ယူဆကြောင်း ပြောပါတယ်။
“သေချာတာက ရီပက်ဘလစ်ကန်ကပဲ သမ္မတကဖြစ်ဖြစ်၊ ဒီမိုကရက်ကပဲ သမ္မတဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်ဖို့၊ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ရုန်းရမယ်ဆိုတာတော့ သေချာတယ်။ ကျွန်တော်တို့ အပေါ်မှာပဲ မူတည်တယ်။ ဘယ်သူပဲ သမ္မတဖြစ်ဖြစ်။ အကယ်၍ ဒီမိုကရက်က ဖြစ်ခဲ့ရင် တချို့သော လူသားချင်းဆိုင်ရာ အကူအညီတွေကိုတော့ ပုံစံတမျိုးမျိုးနဲ့ လက်ခံကောင်း လက်ခံရရှိနိုင်တယ်ပေါ့။ နည်းနည်း အာရုံစိုက်ခံရမှာ ရှိများ ရှိမလား။ ဒီလိုယူဆလို့ ရတာပေါ့” လို့ ကိုဇေယျာလွင်ကဆိုပါတယ်။ ။
