ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ မြို့သစ်နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်း စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၅ရက်)တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးသူများတွင် အနည်းဆုံးကလေးငယ် ၅ဦး ပါဝင်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။
ယနေ့ ညနေ ၄နာရီခန့်တွင် ကုန်းလော KBC ဘုရားကျောင်းရှိ စစ်ရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချခဲ့ခြင်းဖြစ်ရာ ဒေသခံပြည်သူ ၁၀ဦးခန့် သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
” ခုချိန်ထိ သေဆုံးသူ စာရင်း။ ကလေးက သုံးယောက်မကဘူး။ အပေါ်ပိုင်း(ကချင်ဘာသာဖြင့်ရေးသားထားသည့် သေဆုံးသူ၏ အမည်စာရင်း)က တချို့ဟာတွေက အသက်အရွယ်မထည့်ထားဘူး။ ခုချိန်ထိတော့ သေဆုံးသူ စုစုပေါင်း ၉ယောက်တော့ ကွန်ဖန်းပေါ့။ ၃၀ ဝန်းကျင်တော့ အရေးပေါ်ဆေးကုသမှုလုပ်နေတယ်။ ဘယ်နှစ်ယောက်ထပ်ဆုံးမလဲတော့ မသိသေးဘူး”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
သတင်းရင်းမြစ်က ပြသသည့် ဓာတ်ပုံတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူများ၏ ရုပ်အလောင်းများကို တန်းစီချထားရာ တနေရာတည်းတန်းစီထားသည့် အလောင်း ၇လောင်းတွင် ကလေးငယ် ရုပ်အလောင်း၅ လောင်းပါဝင်သည်ကို ရှင်းလင်းစွာတွေ့မြင်ရသည်။ သေဆုံးသူစာရင်းတွင်လည်း အသက် ၉နှစ်၊ အသက် ၁၀နှစ်၊ အသက် ၁၁နှစ်အရွယ် များ ပါဝင်သည်ကို တွေ့ရသည်။
မိုးမောက်မြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယခု လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာတွင်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ရှောင်များနေထိုင်ရာ KBC ဘုရားကျောင်းနေရာကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သည် ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း စသည့် နေရာဒေသ အသီးသီးတွင်လည်း စစ်ရှောင်များနေထိုင်ရာ ပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၁၂ရက် နေ့လည်က နောင်ချိုမြ်ု့ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရီးသွားများအပါအဝင် ပြည်သူ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၁၁ရက် ညသန်းခေါင်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ပြည်သူ ၉ဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့သည်။
