ဖျားသွေး
ခုလိုညထဲမှာ ခြင်ဆေးခွေအကြောင်းပြောရတာ ရယ်ဖို့တော့ကောင်းတာပေါ့။ ခြင်ဆေးခွေလို့ အစချီလိုက်လို့ ခြင်ဆေးခွေကထွက်တဲ့ အနံ့တွေက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောဖို့တော့ မဟုတ်ဘူး။ ညက အိပ်မက်က အင်မတန်မှ မက်လို့ကောင်းနေတာ။ အိပ်မက်ထဲမှာ ကျနော်က တခါမှမစီးဖူးတဲ့ ဇိမ်ခံကားကြီးနဲ့ ခရီးသွားနေတာဆိုလားပဲ။ အဲမှာပဲ ဖြုတ်ခနဲ နိုးသွားလို့ ဒေါသက ထွက်သွားရတာ။ လက်စသတ်တော့ နဖူးကို ခြင်ဆော်လို့ နိုးသွားတယ်ဆိုတာ သိလိုက်တယ်။ ကျနော်က ခြင်ထောင်နဲ့ရယ်လို့လည်း မအိပ်တတ်သလို အခန်းကလည်း ခြင်လုံခန်းမှ မဟုတ်တော့ ညနေမိုးချုပ်ချုပ်ဆိုရင် ဝီခေါ်သံတွေ ပလူပျံလို့ သဲနဲ့များ ပက်လိုက်တဲ့အတိုင်းပဲ။
မီးဖွင့်ထားရင်လည်း ခြင်က သိပ်မလာတာမှန်ပေမဲ့ မီးရောင်ကြီးနဲ့ မအိပ်တတ်တာလည်း ပါတယ်။ အဲတော့ ခြင်ဆေးခွေက မဝယ်လို့ မဖြစ်တော့။ ခြင်ဆေးခွေ တံဆိပ်တွေကလည်း ဝယ်ချင်အောင် ပရိုမိုးရှင်းအမျိုးမျိုးနဲ့။ အချို့ခြင်ဆေးခွေတွေက အပေါ်မှာ ဆပ်ပြာမှုန့်ထုပ်တွေက ပါသေးတယ်။ တကယ်က နားလှည့်ပါးရိုက်ပါပဲ။ အဲသလို ဆပ်ပြာမှုန့်ပါတဲ့ ခြင်ဆေးခွေဘူးတွေက အတွင်းထဲမှာပါတဲ့ ခြင်ဆေးခွေ အရေအတွက်ကိုကျ လျှော့ချထားလိုက် တာရယ်။ ပြီးတော့ သိပ်လည်းမကောင်းလှဘူး။ အထွန်းလည်းမခံသလို ခြင်တွေပြေးတယ်လို့လည်း မထင်ရ။ ထွန်းထားလည်း တဝီဝီနဲ့ ကိုက်နေတာ ။ ခြင်ဆေးခွေ ထားသိုပုံကလည်း ပုံစံအမျိုးမျိုးပါပဲ။ အချို့ဘူးတွေက ခြင်ဆေးခွေ အရေအတွက်များများနဲ့ ခြင်ဆေးခွေလုံးပတ်ဆိုက်ကို သေးထားတာ။ ဘွားခနဲ ကြည့်ရင်တော့ ကြာကြာထွန်းရမယ်ပေါ့။ ဒါပေမဲ့ အထွန်းမခံဘူး။ ရှဲခနဲ ရှဲခနဲ မြန်မြန်ပြာကျသွားတာ။ အချို့ကျ ခြင်ဆေးခွေက နည်းနည်း လုံးပတ်ကြီးကြီးနဲ့ ရေရှည်ခံနိုင်အောင် စီမံထားတာ။ သို့ပေတဲ့လည်း များတာနဲ့ နည်းတာ ယှဥ်လိုက်ရင် ကုန်တာမြန်တဲ့ အရေအတွက်ကာလကတော့ သိပ်ကြီးမထူးပါဘူး။ ထပြီး ခြင်ဆေးခွေအသစ်လဲ မီးညှိဖို့အတွက် အချိန်ပေးရတာ မပေးရတာဘဲ ကွာမယ်ထင်ပါရဲ့။
တဆက်တည်းပြောရရင် ခြင်ဆေးခွေတွေက အရောင်တွေလည်း မတူကြ။ အချို့က အနက်ရောင်။ အချို့ကျ ပန်းရောင်။ အချို့ကျလည်း အစိမ်းရောင်။ နနွန်းတက်နံ့နဲ့ မသိရင် နံ့သာခဲလို အရောင်နဲ့ ခြင်ဆေးခွေတွေက ရှိသေးတယ်။ အနံ့ထွက်ပုံတွေကလည်း မတူလှဘူး။ အချို့အခွေတွေက အနံ့ထွက်မှန်း မသိရ။ မီးခိုးလည်း သိပ်မထွက်။ တတိတိကလေး လောင်နေတာ။ ပန်းရောင်နဲ့ ခြင်ဆေးခွေကတော့ အခန်းထဲ တောမီးများလောင်နေသလား အောက်မေ့ရတယ်။ မီးခိုးကတလူလူ အနံ့ကလည်း ပြင်းသလားမမေးနဲ့။ ခြင်ကိုက်လို့မသေဘဲ ရင်ကြပ်ပြီး သေနိုင်တယ်။
နောက်ပြီး ခြင်ဆေးခွေတွေမှာ တွေ့ရတဲ့ပြဿနာက ခြင်ဆေးခွေတွေက တခုနဲ့တခု ပူးကပ်နေတတ်တာတွေ။ မသိရင် ဗူးသီးပေါင်းကြော်တွေလို့တောင် ထင်ရတယ်။ အဲဒါတွေကို မကျိုးအောင် တခုချင်းခွာရတာကလည်း လက်အားငြိမ်ဖို့လိုသလို လောလို့လည်း မရ။ အားအရမ်းသုံးလို့လည်း မဖြစ်ပြန်ဘူး။ မဆိုသလောက် အားလေးများ သုံးမိတာမျိုးတို့၊ စိတ်မရှည်သလို ဖြစ်သွားတာမျိုးတို့ဆို ကိုရွှေခြင်ဆေးခွေက ဂျွတ်ခနဲ ကျိုးသွားတော့တာပဲ။ မသိရင် တမင်များ လုပ်ထားသလားတောင် အောက်မေ့မိတာပဲ။ အဲသလို ခွာရခက်ပြီး မြန်မြန်ကျိုး မြန်မြန်ကုန်တော့။နောက်ထပ်လာဝယ်ရနဲ့ စီးပွားရေးအကွက်မြင်မှု တမျိုးပဲ မဟုတ်လား။ ကိုယ်က သုံးစွဲသူအနေနဲ့ ခင်ဗျားတို့ ခြင် ဆေးခွေတွေက ခွာရခက်လိုက်တာဗျာလို့ သွားပြောလည်း မင်း ဒါလေးမှ မခွာတတ်ဘူးလားလို့ ပြန်ပြောရင် ကိုယ် က ဘာတတ်နိုင်မှာတုန်း။ ကုန်ပစ္စည်းတိုင်းက ရာနှုန်းပြည့် ပါဖက်တော့ ဘယ်ဖြစ်နိင်မလဲဆိုတဲ့ ဒစ်ဖနေးရှင်းကြီးကလည်း ရှိနေသေးတာကို။

Public Service Announcement
အဲဒါဆို ထွန်းလို့ အဆင်မပြေတော့။ ခြင်ဆေးခွေအကျိုးတွေကို အလဟဿမဖြစ်အောင် ဒေါက်တိုင်မှာ ညှပ်ထွန်းရတာကလည်း ရေရှည်မှာ အဆင်မပြေလှဘူး။ ပြီးတော့ ခြင်ဆေးခွေ ဒေါက်တိုင်တွေက အပျော့တွေ။ အဖျားပိုင်းက ခြင်ဆေးခွေအပူများပြီး ကျိုးသွားလို့ စိုက်မရတာမျိုးလည်းဖြစ်ရင် အဲဒီ မီးညှိလက်စ ခြင်ဆေးခွေကြီးကို ဘယ်လိုထားလို့ ထားရမှန်း စဥ်းစားရတာလည်း အလုပ်တလုပ်ပဲ။ ဒေါက်တိုင်အပိုတွေ ရှိနေရင်တော့ တမျိုးပေါ့လေ။ မရှိရင် အဆင်မပြေတော့။ စီးပွားရေးသမားတွေကလည်း ဒါမျိုးကျ အကွက်က အမြင်သားပဲ။ ခြင်ဆေးခွေထွန်းတဲ့ဘူးဆိုပြီး သပ်သပ်ရောင်းတာလည်း တွေ့သေးတယ်။ တကယ်ဆို ဘူးထဲမှာ သံသားကောင်းကောင်းလေးနဲ့ ထည့်ပေးရင် အဆင်မပြေဘူးလားပေါ့။ သုံးစွဲရသူတွေမှာ အရာရာပေးနေရတာချည်းပဲ။
အဲဒီအရာတွေထက် အခက်ခဲဆုံးက အထက်ကဆိုခဲ့တဲ့ ခြင်ဆေးခွေတွေကို တခုချင်း ခွာထုတ်ရတဲ့ ပြဿနာပဲ။ ကျနော် ဒေါ်ကြီးအိမ် ကပ်နေတုန်းက ဒေါ်ကြီးက စေးကုပ်တတ်တဲ့ ရှေးလူကြီးဆိုတော့ ခြင်ဆေးခွေ ထွန်းတာက စလို့ သေချာခိုင်းတာရယ်။ အဲဒီမှာ ခြင်ဆေးခွေထွန်းဖို့ ခြင်ဆေးခွေတွေကို တစ်ခုချင်း ခွာထုတ်ချိန်မှာများ ကျိူးတာမျိုး ဖြစ်လို့ကတော့ နဖူးကို ဒေါက်ခနဲနေအောင် လာခေါက်တော့တာပဲ။ ကျနော့်မှာ ခြင်ဆေးခွေထွန်းရင်းနဲ့တောင် ခုနေများ ယောက္ခမလောင်းကြီးက သူ့သမီးရှေ့မှာ ကျနော့်ရဲ့ လက်ရုံးရည် နှလုံးရည် စမ်းသပ်တဲ့အနေနဲ့ ခြင်ဆေးခွေကို ခွာပြီး ထွန်းပြခိုင်းရင် သောက်ကျိုးတော့ နည်းပါပြီလို့တောင် တွေးမိသွားသေးတယ်။
ကျနော်ကလည်း တောကလာတဲ့ တောသားစစ်စစ်ဆိုတော့ ခြင်ထောင်ကြီးနဲ့ လုံးဝမအိပ်တတ်။ ငယ်ငယ်က ကိုယ့်ရွာဘက်က ကလေးတစ်ယောက် သူ့အမေနဲ့ ပခုက္ကူသွားတော့ ခြင်ထောင်နဲ့ အိပ်ရသတဲ့။ အဲဒီမှာပဲ သူက အမေဖြစ်သူကို မေးရှာပါရော။ အမေရေ မနက်ကျရင် ဒီထဲကနေ ဘယ်လို ထွက်ရမှာတုန်း ဆိုပြီးတဲ့။ ကျနော့်မှာလည်း အဲဒီဗီဇ ပါတယ်ထင်ပါရဲ့။ အခုထက်ထိ ခြင်ထောင်ကြီးနဲ့ အိပ်ကို မအိပ်တတ်ဘူး။ မွန်းသလိုလို လှောင်ပိတ်သလိုလို စိတ်က ဆောက်တည်ရာကို မရတော့တာ။
တခါတုန်းကတော့ ဘော်ဒါတယောက်အိမ်ကို လိုက်အိပ်ဖူးတယ်။ သူ့အိမ်က ပိုက်ဆံတတ်နိုင်သူတွေဆိုတော့ တအိမ်လုံးကို သံဆန်ကာတွေ အလုံကာထားတာ။ ဘယ်ခြင်မှ မဝင်နိုင်ဘူးတဲ့။ ကျနော့်မှာ သဘောတွေကို ကျလို့မဆုံးဘူး။ တညတော့ အိုက်အိုက်နဲ့ ကြီးဒေါ်ကြီးအိမ်ရှေ့က ကွပ်ပျစ်ပေါ်ပဲ ခြင်ဆေးခွေ ရှာမရလို့ ခြင်ထောင်လည်း မပါဘဲ စောင်ခေါင်းမြီးခြုံ အိပ်မယ်ကွာဆိုပြီး အိပ်ဖူးတယ်။ ခြင်တွေက လူကို မ ချီသွားမလားတောင် အောက် မေ့ရတယ်။ မျက်နှာနားကို တဝီဝီလာလို့ စောင်ကို မျက်နှာနားကပ်လိုက်ရင် လွတ်တဲ့ခြေထောက်ဘက်ကို အတင်းကိုက်တော့တာပဲ။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်တဲ့အဆုံး ကြီးဒေါ်ကြီး အိပ်တဲ့နေရာနားကို သွားပြီး ခြင်ဆေးခွေ ရှာရတယ်။ ကံအားလျော်စွာ နှစ်ခွေပူးကလေး သွားတွေ့တယ်။ တယုတယလေးကိုင်ပြီး ခွာမယ်လုပ်တုန်း ကြီးဒေါ်ကြီးက မအိပ်သေးဘူး ထင်ပါတယ်။ အိပ်ရာထဲကနေ ဟေ့ ခြင်ဆေးခွေ မကျိုးစေနဲ့တဲ့။ ကျနော့်မှာ ကျိုးရင် ဆော်ပလော်တီးခံရဦးမှာမို့ မကျိုးအောင် ခွာရတာ စွန့်စားခန်းကြီးတရပ်လိုပဲ ရင်တထိတ်ထိတ်နဲ့ပေါ့။
အခုညတော့ အိပ်မက်မက်ကောင်းတုန်း သောက်ကျိုးနည်းခြင်တွေကြောင့် နိုးလာရလို့ ဒေါသထွက်ထွက်နဲ့ ခြင်ဆေးခွေရှိရာဆီ လှမ်းကြည့်တော့ ခြင်ဆေးခွေက ကုန်နေတော့တာကို မြင်လိုက်ရတယ်။ နာရီထကြည့်တော့ မိုးလင်းဖို့က အတော်လိုသေးတယ်။ ခြင်ဆေးခွေကလည်း မရှိတော့ဘူး။ ကျနော့်မှာ အတော်စိတ်ညစ်သွားတယ်။
နောက် စားပွဲခုံအောက်တွေ ရှိလိုရှိငြား လိုက်ကြည့်မိတော့ ကျိုးလို့ဆိုပြီး ကျနော် စိတ်ပေါက်ပေါက်နဲ့ လွှင့်ပစ်ထားတဲ့ ခြင်ဆေးခွေ အကျိုးအပဲ့တွေကို မြင်လိုက်ရတယ်။ အဲဒီအခါကျမှ ကိုယ့်ရဲ့အသုံးမကျမှုတွေက တခါတရံကျတော့လည်း ကြံဖန်အသုံးဝင်ပါလားလို့ ပညာရှိဆန်ဆန် တွေးမိလိုက်သေးတယ်။ ဟုတ်တယ်မလား ။ ကျနော်သာ ခြင်ဆေးခွေတိုင်းကို မကျိုးမပဲ့ဘဲ ပကတိအတိုင်း ထွန်းဖြစ်နေခဲ့ရင် ခုလိုညကြီးထဲမှာ ခြင်ဆေးခွေမရှိ ဘာမရှိနဲ့ ခြင်ကိုက်တဲ့ဒုက္ခကို ခံနေရတာနဲ့ အိပ်ရမှာမဟုတ်တာလည်း အသေအချာပေါ့။
ခုတော့ လွှင့်ပစ်ထားတဲ့ ခြင်ဆေးခွေအကျိုးတွေထဲက အရှည်ဆုံး ခြင်ဆေးခွေ အချောင်းကလေးကိုယူပြီး ခြင်ဆေးခွေထောက်တိုင်က ကန့်လန့်ဖြတ်ထားတဲ့ အကန့်ကလေးထဲကို ညှပ်ထည့်လိုက်တယ်။ ဝိတ်မညီလို့ ခြင်ဆေးခွေထောက်တိုင်လေးက ဘေးကိုစောင်းသွားပေမယ့် အောက်ခံပြာခွက်ထဲက ပြာတွေထဲကို ပြန်တိုးလိုက်တော့ ကံအားလျော်စွာပဲ စောင်းမသွားတော့ဘူး။
မီးညှိလိုက်ရင် အနည်းဆုံး နာရီဝက်တော့ ခံမှာပဲ။ စီးကရက်သောက်တာတို့ ဓာတုဆေးဝါးနံ့တို့သည် အဆုတ်ကို ထိခိုက်စေသည် စတဲ့ ကျန်းမာရေး စိုးရိမ်ဖွယ်ရာအကြောင်းတွေကို ကျနော် သတိမရနိုင်သေးဘူး။ ကျနော်တို့လူသားတွေရဲ့ ပကတိအရေးပါမှုဟာ အဆုတ်တလုံးရဲ့ ကြာရှည်ခံဖို့အတွက်လား၊ ယင်းသို့မဟုတ်လည်း ရှိရင်းစွဲခဏမှာ အဆုတ်တွေဆီကို အငွေ့တွေလှမ်းရှို့ပြီးပဲ ခပ်မြန်မြန် အိပ်မောကျစေဖို့က အဓိကပဲလား။ ကျနော့်မှာ သေချာမစဥ်းစားနိုင်အားပါဘူး။ ခဏနေရင် ကျနော် အိပ်ပျော်ဖို့ပဲ အရေးကြီးပါတယ်။
ကျနော့်ကို ခြင်တစ်ကောင်နှစ်ကောင် လာကိုက်လည်း မနိုးဘဲ နှစ်ခြိုက်စွာ အိပ်မောကျဖို့အထိ ခြင်ဆေးခွေအကျိုးလေး မီးညှိနေဖို့ တောက်လောင်နေဖို့ပဲ အရေးကြီးလှပါတယ်။
ဒီခြင်ဆေးခွေလေးရဲ့ အကျိုးကျေးဇူးကြောင့် ခဏနေရင် ကျနော့်အိပ်မက်ထဲကို အတိတ်စိမ်းစိမ်းတွေ ရောက်လာနိုင်တာပဲလေ။ လွှတ်ချခဲ့ရတဲ့ လက်ကလေးတစ်ဖက်တို့။ စူပါမန်းလို လေပေါ်ပျံဝဲခွင့်တို့။ စောစောကလို အိပ်မက်ထဲမှာ သူဌေးကြီးဖြစ်နေတာတို့။ ပြီးတော့လည်း အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ရာ ကမ္ဘာကြီးထဲကနေ ခဏလေး လွတ်မြောက်သေဆုံးခွင့် ရဖို့ကလည်း အခုလိုလေး အိပ်မောကျသွားမှပဲ ကင်းလွတ်ခွင့်ရနိုင်တာ မဟုတ်ပါလား။ ။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ဖျားသွေး’ ရဲ့ “ခြင်ဆေးခွေ” ဝတ္ထုတို ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်)
