close
Connect with us

Hi, what are you looking for?

ဘာသာပြန်

မြန်မာ့စိုက်ပျိုးရေးကဏ္ဍရဲ့ မ​ရေရာတဲ့အနာဂတ်

၂၀၂၃ ခုနှစ်တုန်းက မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍဟာ ၂ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့ဖူးတယ်။ အဲဒါကလည်း နောက်ကွယ်က အကြောင်းတရား တချို့ကြောင့် ဖြစ်ပါတယ်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍရဲ့ မ​ရေရာတဲ့အနာဂတ်
မြန်မာ့စိုက်ပျိုးရေးကဏ္ဍရဲ့ မ​ရေရာတဲ့အနာဂတ်

-Jared Bissinger ရေးသားသည်။

စိုက်ပျိုးရေး လုပ်ငန်းဟာ မြန်မာနိုင်ငံ အတွက်ရော၊ ပြည်သူတွေ အတွက်ပါ အသက်သွေးကြော ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရေးကနေ လူသန်းပေါင်းများစွာအတွက် အလုပ်အကိုင် နေရာတွေရော၊ စားနပ်ရိက္ခာ ဖူလုံမှုကိုပါ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းက ဆက်တိုက် ကျဆင်းခဲ့တဲ့ စိုက်ပျိုးရေး ကဏ္ဍဟာ ၂၀၂၃ ခုနှစ်မှာတော့ နလန်ပြန်ထူခဲ့ပါတယ် ။ ဒါပေမဲ့ ၂၀၂၄ မှာတော့ စိန်ခေါ်မှုတွေက ပိုပြီး ကြီးထွားလာနေပါပြီ။

အာဏာသိမ်း စစ်တပ်က စစ်မှုမထမ်းမနေရ စနစ်ကို ပြဋ္ဌာန်းလိုက်တဲ့အခါ လူငယ်အများအပြား ပြည်ပကို ထွက်ပြေးကုန်တာကြောင့် လုပ်သားရင်းမြစ် ရှားပါးလာပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ စိုက်ပျိုးရေး ထုတ်ကုန် စျေးနှုန်းတွေကို ကန့်သတ် ထိန်းချုပ်တာ၊ စိုက်ပျိုးရေး ချေးငွေ အမျိုးအစား တချို့ကို ဆိုင်းငံ့တာတွေ လုပ်ဆောင်ခဲ့သလို စစ်ဘောင်ကလည်း ဒီနှစ်ထဲမှာ ပိုပြီး ကျယ်ပြန့်လာပါတယ်။

စက်တင်ဘာလထဲမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ ကြုံတွေ့တဲ့အခါ ရှိရင်းစွဲ အရှုပ်အထွေးတွေကို ဆိုးသထက် ဆိုးသွားစေပါတော့တယ်။ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၇၀ မှာ ရေကြီးမှုတွေ ကြုံခဲ့ရပြီး လယ်သမားတွေ အများအပြား အပါအဝင် လူ ၁ သန်းလောက် ရေဘေးကြောင့် ရုန်းကန်ခဲ့ရတယ်။၂၀၂၃ တုန်းက အထိုက်အလျောက်လေး နာလန်ပြန်ထူသလို ရှိလာခဲ့တဲ့ စိုက်ပျိုးရေး ကဏ္ဍဟာ အဲဒီအကြောင်းတရားတွေကြောင့် ၂၀၂၄ မှာရော၊ အဲဒီအလွန် ကာလတွေမှာပါ ထိခိုက်ကျဆင်းမယ့် အလားအလာတွေ မြင်နေရပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၃ ခုနှစ်တုန်းက မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍဟာ ၂ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့ဖူးတယ်။ အဲဒါကလည်း နောက်ကွယ်က အကြောင်းတရား တချို့ကြောင့် ဖြစ်ပါတယ်။ စိုက်ပျိုးရေး ထုတ်ကုန် စျေးနှုန်းတွေ အတက်ပြလာတာ၊ လုပ်အားရင်းမြစ် တိုးပွားလာတာ၊ ဓာတ်မြေဩဇာ ထိထိရောက်ရောက် အသုံးချနိုင်မှု မြင့်တက်လာတာတွေက စိုက်ပျိုး

ရေး နာလန်ထူစေမယ့် တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အာဏာသိမ်း စစ်တပ်ဟာ စိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေးပြီး ပံ့ပိုးဖို့ မဟာဗျူဟာ ချမှတ် ရွေးချယ်ခဲ့ခြင်းကလည်း အကြောင်းတစ်ခုပါပဲ။ စစ်တပ်ဟာ ဓာတ်မြေဩဇာ တင်သွင်းမှု စျေးနှုန်းတွေ လျှော့ချတာ၊ စျေးနှုန်းတွေကို ဖိအားပေး ထိန်းချုပ်တာတွေလည်း လုပ်ခဲ့တယ်။

၂၀၂၄ နှစ်ဆန်းပိုင်းလောက်တုန်းကတော့ အခုနှစ်အတွက် စိုက်ပျိုးရေး ကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမားနဲ့ စောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ပို့ကုန်ပမာဏ တိုးမြင့်လာတာ၊ လယ်ယာထွက်ကုန် စျေးတွေ တက်လာတာ၊ သွင်းကုန်တွေနဲ့ ပတ်သက်လို့ ချိန်ညှိမှုတွေ ရှိလာတာတွေကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍ နာလန်ပြန်ထူမှု အရှိန်မပျက်လောက်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။

စစ်တပ်ကလည်း ၂၀၂၄ ခုနှစ်မှာ ဓာတ်မြေဩဇာ တန်ချိန် ၁.၆ သန်း တင်သွင်းဖို့ စီစဉ်ထားကြောင်းနဲ့ ဆန်တင်ပို့မှုကနေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိဖို့ မျှော်လင့်ထားကြောင်း ကြေညာခဲ့တယ်။ မြန်မာ့ ဆန်ကွဲကလည်း အာရှရဲ့ အဓိက ပို့ကုန်နိုင်ငံတွေထဲမှာ စျေးနှုန်းအရ ပြိုင်ဆိုင်မှု အားအကောင်းဆုံး ဖြစ်လာတယ်။ အနီးစပ်ဆုံး ပြိုင်ဘက်လို့ ဆိုရမယ့် ပါကစ္စတန်ရဲ့ ဆန်ကွဲစျေးထက်ကို မြန်မာ့ ဆန်ကွဲက ၄ ရာခိုင်နှုန်း စျေးပိုသက်သာပါတယ်။

ဒါပေမဲ့လည်း ကြိုတွေးမထားတဲ့ အခြေအနေ၊ အကြောင်းအရာတွေက အခုအခါမှာတော့ အဲဒီ အကောင်းမြင် မျှော်လင့်ချက်တွေ ဘယ်လောက်ထိ မှန်နိုင်မလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ စိုက်ပျိုးရေး ကဏ္ဍရဲ့ လားရာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။ ဓာတ်မြေဩဇာ စျေးတွေ ကျလာတာဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့စျေးကျတာကြောင့်

ရော၊ စစ်တပ်က ဓာတ်မြေဩဇာ တင်သွင်းတဲ့အခါ နိုင်ငံခြားငွေ လဲနှုန်းကို လျှော့ပေါ့ သတ်မှတ်ပေးတာကြောင့်နဲ့ပါသက်ဆိုင်ပါတယ်။ နောက်ပြီး စစ်တပ်ဟာ ယူရီးယားလို ဓာတ်မြေဩဇာတွေရဲ့ ပြည်တွင်း စျေးနှုန်းတွေကိုလည်း သွင်းကုန်အရဆိုရင် အကျိုးအမြတ် မရှိနိုင်လောက်တဲ့ ပမာဏမျိုးထိ ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီလို ပုံသေ မဟုတ်တဲ့ ငွေလဲနှုန်း အပြောင်းအလဲတွေနဲ့ ကြားဝင် ထိန်းညှိမထားဘူးဆိုရင် စျေးက ၇၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားမယ့် အဓိပ္ပါယ်ပါ။

ဒါပေမဲ့ ဓာတ်မြေဩဇာစျေး အတက်အကျ ဆိုတာဟာ ပြည်တွင်းက စစ်ရေး အခြေအနေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေအပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။ ဒါ့အပြင် အရေးကြီးတဲ့ စိုက်ပျိုးရာသီတွေ ရောက်လာရင် လိုအပ်တဲ့ ဓာတ်မြေဩဇာတွေ ကြိုတင် စုဆောင်းမထားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ကြုံတတ်ပါတယ်။

ဓာတ်မြေဩဇာစျေးကို စစ်တပ်က ကြားဝင် ထိန်းထားလိုက်တာဟာ လယ်သမားတွေအတွက် အကျိုးကျေးဇူး ရှိပေမယ့် တခြား စျေးနှုန်း ထိန်းညှိမှု တစ်ခုမှာတော့ နစ်နာ ထိခိုက်ကြပြန်တယ်။ စစ်တပ်က စိုက်ပျိုးရေး ထုတ်ကုန် တချို့ရဲ့ရောင်းစျေးတွေကို ကန့်သတ်ထားတာကြောင့်ပါ။ အထူးသဖြင့် စပါးစျေးအတွက် ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ဧည့်မထ ဆန်ကြမ်းရဲ့ တင်းတစ်ရာ ပေါက်စျေးဟာ ၁၃ သိန်းနဲ့ ၁၅ သိန်းကြား ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာတော့ အဲဒီ ဆန်အမျိုးအစားအတွက် စျေးကို ကျပ်ငွေ ၉ သိန်း ၆ သောင်းသာ သတ်မှတ်ခဲ့ပါတယ်။

စစ်တပ် လက်အောက်ခံ စီးပွားရေး ဝန်ကြီးဌာနဟာ ဆန်လက်လီ ရောင်းစျေးတွေကို ထိန်းချုပ်ခဲ့ပြီး စျေးတင်ရောင်းတာ အပါအဝင် တခြား စည်းမျဉ်း ချိုးဖောက်မှုတွေဟာ ဒဏ်ငွေ တပ်ရိုက်တာ၊ အခွန်ဆောင်ခိုင်းတာနဲ့ တရားစွဲဆို​ထောင်ချတာမျိုး အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတော့ မြန်မာ စူပါမားကက် လုပ်ငန်း Aeon Orangeရဲ့ ဂျပန်နိုင်ငံသား အမှုဆောင် တစ်ဦး အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးကိုလည်း သတ်မှတ်နှုန်းထားထက် ဆန်စျေးတင်ရောင်းချလို့ဆိုပြီး စစ်တပ်က ဖမ်းဆီးပြခဲ့ပါတယ်။

စစ်တပ်ဟာ စားအုန်းဆီအတွက် သတ်မှတ် နှုန်းထားတွေလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီလိုမျိုး ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ လက်လီလက္ကား ရောင်းစျေးတွေ ကန့်သတ်တာတွေ စစ်တပ်က ဘယ်လိုပဲလုပ်လုပ် အချိန်တန်တော့လည်း အဲဒီစျေးနဲ့ ရောင်းချတဲ့ ကုန်စည်တွေဆိုတာ ရှားပါး ပြတ်တောက်တဲ့ အခြေအနေဆီ ပြန်ဆိုက်ရောက်သွားတာပါပဲ။

နောက်ပြီး ထုတ်ကုန် သီးနှံ အမျိုးအစားအလိုက် စျေးနှုန်း​တွေကိုလည်းသတ်မှတ်​ဈေးနှုန်းနဲ့​စောင်း​ခိုင်းတဲ့အခါ တောင်သူလယ်သမားတွေက ဘယ်သီးနှံ စိုက်ပျိုးမလဲဆိုပြီး ရွေးချယ်မှုအပေါ် သက်ရောက်မှုတွေ ရှိလာစေတယ်။ စပါးဟာ ဆန်အဖြစ် ရိတ်သိမ်းနိုင်တဲ့ အဆင့်ရောက်အောင် ၄ လလောက် စိုက်ပျိုးရတယ်။ ဒါဟာ အနာဂတ်မှာ စျေးနှုန်း မူဝါဒနဲ့ ပတ်သက်လို့ ဘယ်လို မရေရာတဲ့ အပြောင်းအလဲတွေ ဖြစ်လာမလဲ ဆိုတာကို တွေးတော စိတ်ပူစေဖို့ လုံလောက်တဲ့ ကာလမျိုးပါပဲ။

အကျိုးဆက် အနေနဲ့ တချို့ လယ်သမားတွေဟာ အခုနှစ်မှာ ပုံမှန်ထက် စိုက်ပျိုးမြေ အကျယ်အဝန်းကို လျှော့ချပြီး စပါးစိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ စစ်တပ်ရဲ့ ဆန်စျေး ကန့်သတ်ချက်ကို စိုးရိမ်တာကြောင့်ပါ။ အဲဒီအခါ များများစိုက်လေ၊ အဆုံးအရှုံးများလေ ဖြစ်သွားနိုင်တာကြောင့်ပါပဲ။

ဒါတင်မကသေးဘဲ လုပ်ခလစာနဲ့ လုပ်သားငှားရမ်းခတွေကလည်း ထင်သာမြင်သာ မြင့်တက်လာပါတယ်။ အထူးသဖြင့် စစ်တပ်က စစ်မှု မထမ်းမနေရ စနစ်ကို အသက်သွင်းလိုက်တဲ့ နောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ ဒေသအလိုက် လယ်ယာ အငှားလိုက်တဲ့ စျေးတွေ မြင့်တက်လာတာကို ဒေသခံမီဒီယာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။ ဥပမာ မကွေးတိုင်းမှာဆိုရင် ပုံမှန် ၈၀၀၀ ကျပ်လောက် ငှားရမ်းခတွေက ၂၀၀၀၀ ကျပ်လောက်ထိ မြင့်တက်သွားပြီး မွန်ပြည်နယ်မှာတော့ ၁၀၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်လောက်ကို စျေးခုန်တက်သွားပါတယ်။ အဲဒီ လုပ်သား ငှားရမ်းခ မြင့်တက်မှုတွေကလည်း တချို့ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးမြေ ပမာဏကို အခုနှစ်မှာ လျှော့ချလိုက်တာ၊ လုပ်သားတွေအပေါ် တိုက်ရိုက် မှီခိုရမှု နည်းပါးတဲ့ နည်းလမ်းတွေဆီ ပြောင်းလဲတာမျိုးတွေကို မဖြစ်မနေ ရွေးချယ်လာရပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် စစ်ရေး ပဋိပက္ခ ထူပြောရာ ဧရိယာတွေမှာတော့ စိန်ခေါ်မှုတွေက ပိုလို့တောင် ကြီးမားပါသေးတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ရဲ့ ကျောက်ဖြူမြို့မှာ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပစ်ခဲ့တယ်။ လတ်တလောမှာတော့ ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်တောင်ပိုင်းဆီစားနပ်ရိက္ခာတွေသယ်ယူခွင့်ကို စစ်တပ်က တားမြစ်ထားပြန်တယ်။ အကျိုးဆက်ကတော့ ဒေသတွင်းမှာ စျေးတွေ ခေါင်ခိုက်အောင် မြင့်တက်ကုန်တော့တာပါပဲ။

မြင်သာတဲ့ ဥပမာ တစ်ခုအဖြစ် ရခိုင်ပြည်နယ်မှာ အရင်ကထက် ဓာတ်မြေဩဇာစျေး ၃ ဆ တက်သွားပါတယ်။ စက်သုံးဆီ စျေးတွေလည်း အလားတူ မြင့်တက်ခဲ့ပြန်ပါတယ်။ အဲဒီ ပိတ်ဆို့မှုတွေဟာ ဒေသအလိုက် ထင်ရှားမြင်သာတဲ့ ထိခိုက် သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရခိုင် စိုက်ပျိုးရေး အဖွဲ့တစ်ခုရဲ့ အဆိုအရ ရခိုင်ပြည်နယ်ရဲ့ စိုက်ပျိုးဧရိယာဟာ ၂၀၂၃ နဲ့ယှဉ်ရင် တစ်နှစ်အတွင်း ဟက်တာ ၂ သိန်းလောက် လျော့ကျသွားကြောင်း သိရပါတယ်။ ဒါ့အပြင် ရေကြီးမှုတွေကြောင့်လည်း စိုက်ပျိုးမြေတွေ ပျက်စီးတာမျိုး ဖြစ်ခဲ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ လယ်သမား တချို့ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှု ဆိုးသထက် ဆိုးလာမှာကို စိုးရိမ်နေကြပါပြီ။ ပြင်းထန်တဲ့ စစ်ပွဲတွေကြောင့် မျိုးစပါး မလုံလောက်တဲ့ ပြဿနာက ပိုကြီးထွားလာတာကြောင့်ပါ။ ကရင်ပြည်နယ်ထဲက ဒေသတချို့မှာလည်း အဲဒီလို ပူပန်မှုမျိုး တူညီစွာ ရှိနေပါတယ်။ တချို့လယ်သမားတွေကတော့ ဆန်အစား သီးပင်တွေနဲ့ နှစ်ရှည်ခံပင်တွေကို ပြောင်းလဲ စိုက်ပျိုးလာပါတယ်။ အဲဒီ ရွေးချယ်မှုဟာ စရိတ်သက်သာပြီး အမြတ်လည်း မြန်မြန် ရတတ်ပါတယ်။

ပဋိပက္ခတွေ အရှိန်မြင့်ပြီး စစ်ဘောင် ကျယ်လာတာ၊ သွင်းကုန်စျေးတွေ မြင့်တက်လာတာ၊ စျေးနှုန်း ထိန်းချုပ်မှုတွေ ပိုမို တင်းကျပ်လာတာ၊ စိုက်ပျိုးမြေ ဧရိယာတွေ လျော့ပါးလာနေတာဟာ မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပါပြီ။ အဲဒီ နယ်ပယ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ပို့ကုန်လိုင်စင်၊ ငွေကြေးပေးချေမှု စနစ်နဲ့ ပင်လယ်ရေကြောင်း တင်ပို့မှု စရိတ်ကြီးမားမှုတွေကလည်း မြန်မာ့ ဆန်စပါး လုပ်ငန်း ဦးမော့မှုကို အဟန့်အတားတွေ ဖြစ်နေစေဦးမယ်လို့ မှတ်ချက်ပေးထားပါတယ်။

လတ်တလောမှာတော့ ဓာတ်မြေဩဇာလို ကုန်ကြမ်းပစ္စည်း တချို့ရဲ့ စျေးတွေကတော့ တည်ငြိမ်နေမယ့် သဘော ရှိပါတယ်။ ဒါကလည်း နိုင်ငံခြားငွေကို ပေါက်စျေးထက် လျှော့ပြီး ရောင်းပေးရတဲ့ နစ်နာမှုမျိုးနဲ့ ကျားကန်ထားတာကြောင့်ပါ။ အဲဒီအတွက် ပို့ကုန်သမားတွေ ပြန်ပြီး ထိခိုက်ပါတယ်။ စစ်တပ်ဟာ နိုင်ငံ စီးပွားရေးမှာ တချို့ကဏ္ဍတွေကို ထောက်ပံ့ဖို့ တခြားကဏ္ဍတွေကို ဖိနင်းတဲ့ ပုံစံနဲ့ ရှေ့ဆက်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍရဲ့ တိုးတက်မှု အရှိန်အဟုန်ဟာ ၂ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်ဆို​ပေမယ့် ၂၀၂၄ နဲ့ နောက်ပိုင်းနှစ်တွေမှာ အဲဒီထက် ပိုကောင်းလာစရာ အလားအလာမျိုး လောလောဆယ် မမြင်နိုင်သေးပါဘူး။

အကျိုးဆက်အဖြစ် ပို့ကုန်ကဏ္ဍ၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ရွှေ့ပြောင်း အခြေချမှု အပိုင်းတွေမှာ ရှုပ်ထွေးမှုတွေ ကြုံလာစေနိုင်ပါတယ်။ အထူးသဖြင့် လယ်သမားတွေနဲ့ အလုပ်သမားတွေကတော့ ထိခိုက်နစ်နာမှု အများဆုံး ဖြစ်လာပါလိမ့်မယ်။ ။

●ဆက်စပ်​ဆောင်းပါး​တွေကို မှတ်ချက်

(Comment) မှာ ဖတ်ရှုနိုင်ပါတယ်)

(Fulcrum သတင်းဌာနမှာJared Bissinger​ရေးသားတဲ့ Myanmar’s Agricultural Sector Under the SAC: An Uncertain Future ဆောင်းပါးကို ဆီ​လျော်​အောင်ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။​ဆောင်းပါးရှင် Jared Bissinger သည် Catalyst Economics မှာ သုတေသန ဦးဆောင်သူဖြစ်ပြီး​တော့ ISEAS – Yusof Ishak Institute မှာရှိတဲ့ မြန်မာလေ့လာရေးအစီအစဉ်မှာ visiting Fellow တဦးဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာအချို့မှ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည့်ကာလ တစ်လကျော်လာ၍ စားနပ်ရိက္ခာအခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။

သတင်း

ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများအား မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။