▪︎ဖိအားပေးရုံဖြင့် စစ်တပ်က အရပ်သားပြည်သူလူထုအပေါ် သတ်ဖြတ်နေခြင်းများ ရပ်တန့်သွားမည်မဟုတ်ကြောင်း NUG ပြော
အီယိုရီ/People’s Spring
အမေရိကန်သမ္မတနှင့် အင်ဒိုနီးရှားသမ္မတတို့သည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ရေး နိုင်ငံအဆင့်တွေ့ဆုံဆွေးနွေးပွဲ(national dialogue)အတွက် အခြေအနေများ ဖန်တီးရန် အာဏာသိမ်းစစ်ကောင်စီကို ပူးတွဲတောင်းဆိုလိုက်သည်။
အမေရိကန်-အင်ဒိုနီးရှားသံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံသမ္မတများ၏ ပူးတွဲကြေညာချက်ကို နိုဝင်ဘာ ၁၂ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာ့အရေးနှင့်ပတ်သက်၍ ဖော်ပြထားပြီး အမေရိကန်သမ္မတဘိုင်ဒန်က မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံ၏ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးထောက်ခံကြောင်း ထုတ်ဖော်ပြောကြားသည်။
နှစ်နိုင်ငံခေါင်းဆောင်များက အာဆီယံ၏ဗဟိုအခန်းကဏ္ဍနှင့် အာဆီယံ တူညီချက်ဆန္ဒ ၅ရပ်အကောင်အထည်ဖော်ရေးအတွက် အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ကာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုများကို ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားသည်။

Public Service Announcement
“အရပ်သားများအပေါ် ဆက်လက်အကြမ်းဖက်လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပြီး အဲဒီလုပ်ရပ်တွေကို ခေါင်းဆောင်နှစ်ဦးက ရှုတ်ချပါတယ်” ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
သမ္မတဘိုင်ဒန်နှင့် သမ္မတဆူဘီယန်တိုတို့သည် ဘက်အားလုံးကို အတတ်နိုင်ဆုံးထိန်းသိမ်းလုပ်ဆောင်ရန်၊ အရပ်သားများအားကာကွယ်မှုအပြည့်ပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေနိုင်ရေးအတွက်အခြေအနေကောင်းများ ဖန်တီးပေးရန် အချက်များကိုလည်း တိုက်တွန်းထားသည်။
သို့သော် စစ်ကောင်စီက အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်နေမှုများ ရပ်တန့်ရန် အချက်အပါအဝင် အမေရိကန်သမ္မတနှင့် အင်ဒိုနီးရှားသမ္မတတို့၏ ပူးတွဲကြေညာချက်ပါ တောင်းဆိုမှုများမှာ အများပြည်သူသိရှိအောင် ပြောဆို၊ ထုတ်ပြန်ခြင်းဖြစ်၍ တစုံတရာဖိအားပေးမှုဖြစ်သော်လည်း ထိုမျှဖိအားပေးရုံဖြင့် စစ်တပ်ကအရပ်သားပြည်သူလူထုအပေါ် သတ်ဖြတ်နေခြင်းများ ရပ်တန့်သွားမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
“အာဆီယံ၊ အမေရိကန်အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့လိုအပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများသည် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပိတ်ပင်ထားခြင်း လုံးဝမရှိကြောင်းနှင့် ပြီးခဲ့သည့် စစ်အာဏာသိမ်းမှု ၃နှစ်ပြည့်တွင် ထုတ်ပြန်ခဲ့သော တော်လှန်ရေးအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ကြေညာချက်ပါ နိုင်ငံရေး ဦးတည်ချက် ၆ရပ်ကို လက်ခံပါက စကားပြောဆိုရန် အဆင့်သင့်ရှိကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်သည်။
“ခြုံပြီးပြောရရင်တော့ dialogue ဆိုတာ မကောင်းဘူးမဟုတ်ဘူး၊ ကောင်းတယ်။ ကျွန်တော်တို့ ပိတ်ထားတာ မဟုတ်ဘူး။ ဒီ ကျွန်တော်တို့ပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် အဲဒီအတွက် အကောင်အထည်ဖော်ဖို့အတွက် တကယ် စစ်မှန်တဲ့ dialogue တွေ ဖြစ်သွားမှာဖြစ်တယ်။ အဲဒီအခြေအနေရောက်ဖို့အတွက် နိုင်ငံတကာကလည်း ဒေသဆိုင်ရာ အာဆီယံရယ် ပူးတွဲပြီး ဆောင်ရွက်၊ facilitate လုပ်၊ ဖိအားပေး အကြမ်းဖက်စစ်ကောင်စီကို ဖိအားပေးတာတွေ ပိုပြီးလုပ်ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။
ထုတ်ပြန်ထားသည့် ဘုံနိုင်ငံရေး ဦးတည်ချက် ၆ရပ်အား အတိုချုံးမည်ဆိုပါက သုံးချက်သာ ရှိပြီး ပထမအချက်မှာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေး၌ ပါဝင်နေမှုကို အဆုံးသတ်ရန်၊ ဒုတိယအချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုရေးဆွဲရန်၊ တတိယအချက်မှာ ပဋိပက္ခအတွင်း မတရားကျူးလွန်မှုခံနေရသူများအတွက် တရားမျှတမှုရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ ဖြစ်ကြောင်း KNUအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားထားသည်။
NUG နှင့် K2C(KNU၊ KNPP၊ CNF)တို့ ပူးတွဲထုတ်ပြန်ထားသော ဘုံသဘောထားရပ်တည်ချက်များကို အကြမ်းဖက်စစ်အုပ်စုက လက်ခံမှသာလျှင် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောအကြမ်းဖက်မှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုများ၊ အရပ်သားပြည်သူလူထုသေကြေပျက်စီးဆုံးရှုံးမှုများ၏ အရင်းခံပြဿနာ(root cause)ကို ကိုင်တွယ်ဖြေရှင်းရန် ဘုံသဘောထားရပ်တည်ချက်များက အရေးကြီးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“အဲဒါကို လက်ခံတယ်ဆိုရင် နိုင်ငံအဆင့်ပဲခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်သွားမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ တွေ့ဆုံဆွေးနွေးပွဲက ရုပ်ပြ၊ ဟန်ပြဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဖို့အတွက်၊ သက်ဆိုးရှည်ဖို့အတွက် လမ်းဖွင့်ပေးသလိုဖြစ်မှာလည်း စိုးရိမ်ရတယ်”ဟု ဦးကျော်ဇောက ပြောသည်။
ထို့အပြင် စစ်အာဏာသိမ်းမှု ၄နှစ်အတွင်း အာဆီယံက တူညီဆန္ဒ ၅ရပ်ကို လက်ကိုင်စွဲကာ မြန်မာ့အရေးဖြေရှင်းရန် ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် မည်သည့်အချက်များ အောင်မြင်ခဲ့သလဲ၊ တိုးတက်ခဲ့သလဲဆိုသည်ကို အာဆီယံခေါင်းဆောင်များ ပြန်လည်သုံးသပ်သင့်ကြောင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုသည်။
“ဒါကို ပြန်ကြည့်မယ်ဆိုရင် အချက် ၅ချက် သဘောတူညီချက်က ယနေ့အချိန်မှာ ကျဆုံးခဲ့တာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီ ၅ချက်ကို လက်တွေ့မှာ စစ်တပ်က မလိုက်နာဘူး။ မလေးစားဘူး။ မကျင့်သုံးဘူး။ ဒါ့အပြင် အဲဒီလို မလိုက်နာ မကျင့်သုံးရင်တောင်မှ ဘာမှ အရေးယူမှုကို အာဆီယံခေါင်းဆောင်တွေက မပြဌာန်းနိုင်ဘူး။ လေးနှစ်မကလို့ နှစ် ၄၀ကြာသွားလည်း ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပဲ” ဟု ၎င်းက ပြောသည်။
အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများသည် အာဆီယံကို ဗဟိုထားကာ အာဆီယံဦးဆောင်မှုနောက်မှ လိုက်ပါလုပ်ဆောင်နေခြင်းမှာလည်း မြန်မာ့အရေးကို လက်ရှောင်လိုက်ခြင်းဖြစ်သည်ဟု မသဥ္ဇာရွှန်းလဲ့ရည်က ရှုမြင်သည်။
“မြန်မာပြည်အနေအထားက အာဆီယံပဲဖြစ်ဖြစ်၊ US ပဲဖြစ်ဖြစ်၊ EU ပဲဖြစ်ဖြစ် ကျွန်မတို့ တော်လှန်ရေးကို မနှောင့်ယှက်ရင် ရပြီဆိုတဲ့အနေအထားကို လက်ခံထားတယ်။ မထောက်ပံ့ရင်နေပါ။ မနှောင့်ယှက်ပါနဲ့ပေါ့။ အခုလက်ရှိ ပြည်သူတွေက မြေပြင်မှာ ဖက်ဒရယ်ယူနစ်တွေပေါက်ဖွားဖို့ ကြိုးစားနေကြတယ်။ ဖက်ဒရယ်ယူနစ်တွေ အပြိုင်းအရိုင်းထလာတဲ့အခါကျရင် ကျွန်မတို့ ပြည်ထောင်စု ဗဟိုအဆင့်အစိုးရအဖွဲ့တွေကို ပြန်လည် ဖွဲ့စည်းမယ်။ အဲဒီကတဆင့် ကိုယ့်နိုင်ငံ အစိုးရကိုယ်တိုင် ငြိမ်းချမ်းရေးသွားဖို့လုပ်မယ်။ ဒီ နိုင်ငံရေး road map မှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှု။ အဲဒီတော့ ကျူးလွန်ခဲ့တဲ့သူ မှန်သမျှ အပြစ်ပေးအရေးယူခံရမယ်။ ဒါအခြေခံအကျဆုံးသော နိုင်ငံရေးတည်ဆောက်ရေးအတွေးအခေါ်ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
