သတိုး/People’s Spring
“ဂျစ်ကား စီးဖူးသလား ဂျာကစ်စာဘူးသရီး” ရုပ်ရှင်သည် ဟိန္ဒူဘာသာဝင်များ၏ ရိုးရာအဝတ်အစားများကို ဝတ်ဆင်ကာ အပျော်အပျက်သရုပ်ဖော်ထားသောကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယမျိုးနွယ်စု ဟိန္ဒူနွယ်ဝင် အားလုံး ကိုယ်စား အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာဟိန္ဒူသမဂ္ဂ က ထုတ်ပြန်အသိပေးသည်။
“တစ်ပါးသူတို့၏ ယဉ်ကျေးမှု အဆင်တန်ဆာ တန်ဖိုးများကို စံနှုန်းမထားဘဲ ဗရမ်းဗတာ လုပ်ကာ ဟာသ ပြုလုပ်ခြင်းသည် အရာမရောက်ဘဲ အလွန်ပင် အကျည်းတန်လှပေသည်။ ဟိန္ဒူ လူ့အဖွဲ့အစည်းအား ပြက်ရယ်ပြုကာ ဟာသဇာတ်ကားအဖြစ် သရုပ်ဖော်ပြသသော ဤ ရုပ်ရုင်ဇာတ်ကားသည် မိမိတို့၏ ယဉ်ကျေးမှုကို နိမ့်ချ လှောင်ပြောင်ရုံ သာမက ဟိန္ဒူ လူမျိုးစုတို့အား တိုက်ရိုက် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ “ဟု အထက်ပါအဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ယင်းဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိသူ နှင့် ဇာတ်ကားအားခွင့်ပြုကြောင်း လက်မှတ်ထိုးပေးခဲ့သည့် စစ်တပ် အလိုတော်ရိ နှစ်ဘက်ခွ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ကိုလည်း ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

Public Service Announcement
” ဂျစ်ကား စီးဖူးသလား ဂျာကစ်စာဘူးသရီး” ရုပ်ရှင်ကို Perfect ထုတ်လုပ်ရေးက ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းဇာတ်ကားကို ခွင့်ပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်အတွင်းရေးမှုး ဦးကျော်သူက လက်မှတ်ထိုးပေးခဲ့ကြောင်း သိရသည်။
“နောက်နောင်တွင် Minorities လူနည်းစုလူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် minorities လူမျိုးစုများအား တိုက်ရိုက်စော်ကားမှုများကို လုံးဝ လက်မခံ၊ ခွင့်ပြုမည်မဟုတ်ကြောင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါသည်။”ဟု မြန်မာဟိန္ဒူသမဂ္ဂက အသိပေးထားသည်။
ယင်းဇာတ်ကား၏ အမည်နှင့် ပိုစတာတွင် ဝတ်စားဆင်ယင်ထားသည့် ဟိန္ဒူအအဝတ်အစားများသည် မျိုးနွယ်စုတစ်စုကို ချိုးနှိမ်ကာဟာသပြုလုပ်ထားခြင်းဖြစ်၍ ကန့်ကွက်ကြောင်း ဟာဆယ်ယွန် အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက အောက်တိုဘာ ၂၄ရက်တွင် ရေးသားထားသည်။
ထို့နောက်နှစ်ရက်အကြာတွင် ဟာဆယ်ယွန်အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်သည် ပျောက်ဆုံးနေပြီး လေးရက်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
ကိုရှိုင်းထက်အောင် ပျောက်ဆုံးနေသည့်အပေါ် ယင်းဇာတ်ကားဝေဖန်သည့်ကိစ္စနှင့် ပတ်သက်နိုင်ကြောင်း မှတ်ချက်များရေးသားထားသည်။
“ဂျစ်ကား စီးဖူးသလား ဂျာကစ်စာဘူးသရီး” ရုပ်ရှင်ကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကရိုက်ကူးထားပြီး လွင်မိုး ၊ ခန့်စည်သူ ၊ ခိုင်သင်းကြည် နှင့် ရွှေမှုံရတီတို့ပါဝင်သရုပ်ဆောင်ထားသည်။
