လက်နက်မျိုးစုံ ၉လက်နှင့် ခဲယမ်းများရဟု CDF အသိပေး
ထားမြတ်/People’s Spring
ချင်းပြည်နယ် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို အောက်တိုဘာ ၂၈ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့သည်ဟု ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၈ရက်တွင် Operation Rung အမည်ဖြင့် CDF ဟားခါး ၊ ချင်းအမျိုးသားတပ်မတော်(CNA) တို့ ပူးပေါင်း တိုက်ပွဲ ဖော်ဆောင်ခဲ့ရာ ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ ကမ်တောင်း(Kiamtlang) တပ်စခန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးကာ ဗိုလ်မှူးအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

Public Service Announcement
ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၉လက်နှင့် ကျည်ခဲယမ်းများရရှိခဲ့ဟု အသိပေးသည်။
သိမ်းရခဲ့သည့် လက်နက်များမှာ MA1 ၅လက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA11 တစ် လက်နှင့် ခဲယမ်းများဖြစ်သည်ဟု ဖော်ပြသည်။
CDF ဟားခါးအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးရှိမရှိကို ဖော်ပြမထားပေ။ ချင်းသတင်းရင်းမြစ်တစ်ဦးကမူ တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်မှ ကျဆုံးမှုမရှိဟု ယမန်နေ့က ပြောပြထားသည်။
တစ်ဖက်တွင်လည်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ထန်တလန်မြို့ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းပြီး လေကြောင်းပစ်ကူဖြင့် စစ်ကူပေးတိုက်ခိုက်ခဲ့၍ ထန်တလန်တွင် တိုက်ပွဲဆက်ရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
ထန်တလန်နှင့် ဟားခါးမြို့နယ်အကြား ချင်းပူးပေါင်းတပ်သိမ်းထားသည့် နေရာအချို့ကို စစ်ကောင်စီတပ်က ပြန်လည် ရရှိထားသကဲ့သို့ စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းလည်း ထန်တလန် မြို့ရှိ လက်ကျန်စစ်ကောင်စီတပ်နှင့် ပူးပေါင်းနိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
” ဒါပေမဲ့ ထန်တလန်ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုတာက ကောလာဟလဖြစ်တယ်။ ထန်တလန် စစ်ကောင်စီတပ်ကုန်းကလည်း ကျနော်တို့ အခုအချိန်ထိ ထိန်းချုပ်နိုင်ဆဲဖြစ်တယ်။ သူတို့က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့က ပြန်ခုခံတယ်။ အခုထိမရသေးဘူးပေါ့။ ပြီးရင် သူတို့က ထန်တလန်မြို့ပေါ် တပ်ဖြန့်တာမျိုးမဟုတ်ဘူး။ သူတို့တပ်စွဲထားတဲ့ နှစ်နေရာပေါ့ ရဲစခန်းနဲ့ NLD ရုံးမှာပေါ့။ အဲဒီမှာပဲသွားပူးပေါင်းတယ်။အဲဒီလိုမျိုး နေ့တိုင်းလိုလိုတိုက်ပွဲဖြစ်တယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ထန်တလန်မြို့၏ ၉၀ရာခိုင်နှုန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်သည်ဟုလည်း သတင်းရင်းမြစ်က ပြောပြသည်။
