close
Connect with us

Hi, what are you looking for?

ဆောင်းပါး

တရုတ်နှင့်စစ်​ကောင်စီ၏ အတားအဆီးများကို ပြည်သူ့​တော်လှန်​ရေးဘယ်လို​ဖောက်ထွက်မလဲ

အာဏာသိမ်းစစ်တပ်က နယ်မြေ နှင့် စစ်ရေး ရှုံးနိမ့်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တဆစ်ချိုးပြောင်းလဲသွားသည်ကို တွေ့ရကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။

တရုတ်နှင့်စစ်​ကောင်စီ၏ အတားအဆီးများကို ပြည်သူ့​တော်လှန်​ရေးဘယ်လို​ဖောက်ထွက်မလဲ
တရုတ်နှင့်စစ်​ကောင်စီ၏ အတားအဆီးများကို ပြည်သူ့​တော်လှန်​ရေးဘယ်လို​ဖောက်ထွက်မလဲ

သော်မွန်/People’s Spring

မြန်မာပြည်သူများကခါးခါးသီးသီးမုန်းတီးသည့် အာဏာသိမ်းစစ်ကောင်စီဘက်တွင် တရုတ်အစိုးရကရပ်တည်ပြသလာခြင်းသည် ‘မြန်မာပြည်သူ တရပ်လုံးကို မျက်နှာမူသည်’ဆိုသော ၎င်း၏မူဝါဒကို တရုတ်ကိုယ်တိုင်ချိုးဖောက်နေကြောင်း သက်သေပြနေသည်။

အာဏာသိမ်းစစ်တပ်က နယ်မြေ နှင့် စစ်ရေး ရှုံးနိမ့်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တဆစ်ချိုးပြောင်းလဲသွားသည်ကို တွေ့ရကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။

စစ်​ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခု ကျရှုံးသွားအပြီး သီတင်းနှစ်ပတ်မပြည့်မီတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာခဲ့သလို တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများ ဒီရေပမာတိုးလာနေချိန်တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်သို့သွားရောက်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းခေါင်းဆောင်သည် လာမည့် နိုဝင်ဘာ ၆-၇များတွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခေါင်းဆောင်များ GMS(Greater Mekong Subregion) ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ရှိနေကြောင်း သိရသည်။ စစ်အုပ်စုအာဏာသိမ်းပြီး ၄နှစ်နီးပါးအတွင်း မင်းအောင်လှိုင်၏ ပထမဆုံး တရုတ်ခရီးစဥ်ဖြစ်ပြီး ဘေဂျင်းအစိုးရက စစ်ခေါင်းဆောင် အလိုချင်ဆုံး တရားဝင်မှု(legitimacy)ကိုလည်း ပေးအပ်ခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိနေသည်။

“တရုတ်ကစစ်ကောင်စီဘက်ကရပ်တည်ထောက်ခံတယ်၊ သူ့ကိုကာကွယ်မယ်၊ သူ့လုပ်ငန်းစဥ်တွေကို အကူအညီပေးသွားမယ်ဆိုတဲ့ သဘောထားဖော်ပြပြီးတဲ့နောက်မှာ အရင်တုန်းကလို မင်းအောင်လှိုင်ကို တရုတ်ပြည်မဖိတ်တာတို့၊ ရှောင်ရှားတာတို့ သိပ်မလုပ်တော့ဘူး” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးသန်းစိုးနိုင်က တရုတ်၏ ပြောင်းလဲလာမှုခြေလှမ်းများအပေါ် မှတ်ချက်ပြုသည်။

အိမ်နီးချင်းအင်အားကြီးတရုတ်နိုင်ငံသည် ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီကို သိသာစွာ မျက်နှာသာမပေးခဲ့သော်လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအကြီးအကျယ်အောင်မြင်မှုနှင့်အတူ နိုင်ငံတဝန်း တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းသိမ်း၊ မြို့သိမ်း စစ်ရေးအောင်မြင်မှုများ ရရှိလာချိန် ၂၀၂၄ နှစ်လယ်ပိုင်းတွင် နေပြည်တော်စစ်ကောင်စီအပေါ် ဘေဂျင်း၏ ဆက်ဆံရေးက သိသိသာသာ ပြောင်းလဲလာခဲ့သည်။

ဘေဂျင်းအစိုးရက အပြောင်းအလဲနှစ်ခုကို တပြိုင်နက်လုပ်ဆောင်ခဲ့ရာ ပထမတစ်ခုမှာ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို ကန့်သတ်တင်းကျပ်မှုများပြုလုပ်ခဲ့ပြီး ဒုတိယတစ်ခုမှာ အာဏာသိမ်းစစ်ကောင်စီအသက်ဆက်ခွင့်ရရေး(သို့မဟုတ်) အသက်ရှုချောင်ရေးအတွက် နည်းပညာ၊ ငွေကြေးနှင့် စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့မှုများပေးအပ်ခဲ့သည်။

၂၀၂၂ နှစ်လယ်ပိုင်းက ပုဂံမြို့သို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ခရီးစဥ်တွင် မိုင် ၁၆၀ကျော်သာကွာဝေးသည့် နေပြည်တော်သို့ မသွားရောက်ခဲ့သလို ယင်းခရီးစဥ်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလည်း မတွေ့ဆုံခဲ့ပေ။ သို့သော် ၂၀၂၄ သြဂုတ်လယ်တွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်သို့ ရောက်ရှိလာကာ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းခြင်းကို အခိုင်အမာ ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

ထိုမျှမက တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီးကျွင်းက သြဂုတ်လကုန်ပိုင်းတွင် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်တွေ့ဆုံချိန်၌ တရုတ်အစိုးရသည် မြန်မာစစ်တပ်၏ အနေအထားကို သမိုင်းက သတ်မှတ်ထားကြောင်းနှင့် ယုံကြည်ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

“မြန်မာ့တပ်မတော်ဟာ တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့အဖွဲ့အစည်းလည်းဖြစ်၊ မြန်မာနိုင်ငံအခင်းအကျင်းတည်ဆောက်ပုံထဲမှာ အရေးအကြီးဆုံး အင်အားစုလည်းဖြစ်တယ်။ NLD က (ဒေါ်)အောင်ဆန်းစုကြည်ကသော်လည်းကောင်း၊ NUG သော်လည်းကောင်း မြန်မာနိုင်ငံရေးအခင်းအကျင်းမှာတပ်မတော်ရဲ့နေရာကို ဘယ်လိုမှ အစားမထိုးနိုင်ဘူး။ ကျွန်တော်အထူးကိုယ်စားလှယ်ဖြစ်လာပြီးကတည်းက ဒီစကားကို မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပြောခဲ့တယ်” ဟု တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီးကျွင်းက ‘ဝ’ပြည်နယ်ဗဟိုခေါင်းဆောင်များနှင့်တွေ့ဆုံစဥ် ပြောခဲ့သည်။

တရုတ်၏ ရှုမြင်ချက်မှာ မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်ကောင်စီဆက်ရှိနေရန် လိုအပ်ပြီး မြောက်ပိုင်းသုံးဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့များအနေဖြင့် နေပြည်တော်အာဏာကို မခြိမ်းခြောက်နိုင်ရေးအတွက် နည်းမျိုးစုံ ဖိအားပေးနေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုထိုက်နိုင်ကျော်က သုံးသပ်သည်။

တရုတ်သည် မြောက်ပိုင်းညီနောင်အဖွဲ့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်များကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုလက်ခံသော်လည်း စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) လားရှိုးမြို့ကျရှုံးမှုကိုမူ Redline(မကျော်လွန်ရမည့် အနီရောင်မျဥ်း)ကျော်သည်ဟု တရုတ်ကသတ်မှတ်ပုံရသည်ဟု ၎င်းကဆိုသည်။

“ညီနောင်သုံးဖွဲ့ရဲ့ လွတ်မြောက်ရေးအတွက် (တရုတ်က)အထိုက်အလျောက် အသိအမှတ်ပြုတာတော့ ရှိတယ်။ ဗဟိုချုပ်ကိုင်မှုပျက်ယွင်းတာ(decentralize)မျိုးကို အဲဒီအခင်းအကျင်းကို သူတို့ မကြိုက်ဘူး။ (တရုတ်က) state နဲ့ people ဆိုရင် တရုတ်ရဲ့ပေါ်လစီက state အားကောင်းစေချင်တာ။ state ဆိုတာ ဒီနေရာမှာပြောရင် ဗမာစစ်တပ်။ ဗမာစစ်တပ်အားကောင်းစေချင်တယ်ဆိုတာ ဒီမိုကရေစီပြောင်းတဲ့အခင်းအကျင်းမျိုးသူတို့ မကြိုက်ဘူး။ strong state ဖြစ်နေသရွေ့ သူတို့ လုပ်ရကိုင်ရ အဆင်ပြေတယ်ဆိုတဲ့ အနေအထားမျိုး။ ပြည်နယ် ရလို့ရတယ်။ ဒေသ ရလို့ရတယ်။ ဒါပေမဲ့ strong state အောက်မှာ တစုတဝေးတည်းရှိရေးဆိုတဲ့အချက်ကို သူဦးတည်တာပေါ့ဗျ”ဟု ကိုထိုက်နိုင်ကျော်က မှတ်ချက်ပြုသည်။

တရုတ်သည် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့် ဒေသတွင်းခေါင်းဆောင်များနှင့်တွေ့ဆုံမှုများ၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်မှုကို ခိုင်မာစွာရပ်တည်ထောက်ခံ ထုတ်ဖော်ပြောဆိုသည်။ တချိန်တည်းတွင် လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် (တရုတ်ကို)စိတ်ပူပန်ရစေကြောင်း နိုင်ငံခြားရေးဝမ်ယိကဝန်ခံသည်။

မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမည်ဟု ဒေသတွင်းနိုင်ငံအချို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိအားပေးသည်။ ယင်းစည်းသုံးခုမှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်ခြင်းနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်သည်ဟုဆိုသည်။

သို့သော် ဘေဂျင်းသည် မြန်မာ့အရေးတွင် တရုတ် စွက်ဖက်သည်ဟု ပြောဆိုမှုများကို ‘အကြောင်းမဲ့ပြစ်တင်မှု’ အဖြစ် ငြင်းဆိုတုန့်ပြန်သည်။ မြန်မာ့အရေးတွင် တရုတ် ဝင်ရောက်စွက်ဖက်နေသည်မှာ ‘လယ်ပြင်မှာ ဆင်သွားသလို’ ရှင်းလင်းလှကြောင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူအများက ရှုမြင်ထားကြသည်။

“အားလုံးသိတဲ့အတိုင်းပဲ​ အကြမ်းဖက်စစ်တပ်ဟာ စစ်ခေါင်းဆောင်၊ အာဏာရူး၊ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့အမိန့်အောက်မှာ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတာ၊ လူမဆန်စွာသတ်ဖြတ်

နေတာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘုတလင်မှာဖြစ်သွားတဲ့ ဖြစ်ရပ်ကို ကြည့်ရင် တကယ်ကို ဘယ်လောက်ရက်ရက်စက်စက်နဲ့ သက်ကြီးရွယ်အိုမကျန်၊ အရပ်သားပြည်သူလူထုတွေ သတ်ဖြတ်တဲ့အပြင် အရေပြားစုတ် ပြောစရာမကျန်အောင် ရက်စက်တဲ့ အဲဒီလိုမျိုး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကောင်ကို လက်ခံလာပြီးတော့ အစည်းအဝေးတက်တာ လက်ခံတယ်ဆိုတာ မြန်မာပြည်သူလူထုတွေရဲ့ အမြင်မှာ တရုတ်နိုင်ငံကို အထင်လွဲစရာတွေ ဖြစ်သွားမှာကို ကျွန်တော်တို့ စိတ်ပူမိပါတယ်။ စိုးရိမ်မိပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မှတ်ချက်ပြုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာပြည်သူလူထုနှင့် ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေး၊ နိုင်ငံနှင့် နိုင်ငံ ဆက်ဆံရေးများတွင် မြန်မာပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်သော ဆက်ဆံရေးဖြစ်ရန်အတွက် ကြိုးစားမည်ကိုလည်း ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“ဒါပေမဲ့ ဒီလိုအချိန်မှာ ဒီလိုမျိုး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားခြင်းသည် မြန်မာပြည်သူလူထုရဲ့အမြင် တရုတ်နိုင်ငံအပေါ် အမြင်ပြောင်းသွားမှာ ကျွန်တော်တို့အနေနဲ့ စိတ်ပူမိတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ထို့အပြင် မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒနှင့် ဆန့်ကျင်ဘက်လုပ်နေသော တရုတ်၏ လုပ်ရပ်ကိုမူ မြန်မာပြည်သူလူထုက မည်သို့မျှ သဘောကျစရာမရှိဘဲ ယင်းသို့ လုပ်ဆောင်မှုများကြောင့် မြန်မာပြည်သူလူထုက တရုတ်ကို ပိုမို မုန်းတီးလာခြင်းမျိုး ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ထောက်ပြသည်။

“နိုင်ငံတကာက မြန်မာနိုင်ငံသားတွေက သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံ သံရုံးရှေ့မှာ တရုတ်အလံကို မီးရှို့ပြီး ဆန္ဒပြတာမျိုးဖြစ်လာနိုင်တယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း တရုတ်မုန်းတီးရေး စိတ်ဓာတ်တွေ ပိုပြီးကြီးထွားလာနိုင်တယ်ဆိုတာတော့ ကျိန်းသေပေါက် ကျွန်တော်တို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ ဆောင်းပါးရှင် Otto ကမူ တရုတ်နိုင်ငံက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေမှုမှာ နှစ်နိုင်ငံအကြား Bilateral ဆက်ဆံမှုအဆင့်သို့ မရောက်ရှိသေးဘဲ ဒေသတွင်းနိုင်ငံများပါဝင်သော Multilateral ဘောင်အတွင်း၌ပင် ရှိသေးကြောင်း သုံးသပ်သည်။ ဆိုလိုသည်မှာ ဘေဂျင်းသည် နေပြည်တော်စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံမှု မပြုသေးသလို တဆင့်နိမ့်ကာ ခပ်လှမ်းလှမ်းမှ ဆက်ဆံနေခြင်းဖြစ်သည်။

လာမည့် ကူမင်းညီလာခံတွင်လည်း တရုတ်ဝန်ကြီးချုပ် Li Qiang ဦးဆောင်တက်ရောက်လာဖွယ်ရှိပြီး သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခွင့် ပေး၊ မပေးမှာ မသေချာပေ။

“LMC(လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး) ကိစ္စအောက်က လာတာဆိုရင် ရှီကျင့်ဖျင်နဲ့ တွေ့ရဖို့ မရှိလောက်ဘူး။ များသောအားဖြင့် ပရိုတိုကောအရ ဝန်ကြီးချုပ်နဲ့ပဲ တွေ့တာဆိုတော့ တွေ့ရဖို့ မရှိလောက်ဘူး” ဟု နိုင်ငံရေးလေ့လာစောင့်ကြည်သူ Otto က ပြောသည်။

၂၀၂၁ စက်တင်ဘာက (၇)ကြိမ်မြောက် မဲခေါင်ဒေသခေါင်းဆောင်များGMS(Greater Mekong Subregion)ထိပ်သီးညီလာခံကို အွန်လိုင်း(Video Link)မှ ကျင်းပရာ ထိုစဥ်က တရုတ်ဝန်ကြီးချုပ် Li Keqiang နှင့်အတူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

စစ်ကောင်စီက ၂၀၂၅တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော်ထားချိန် လာမည့်တရုတ်ခရီးစဥ်တွင် မင်းအောင်လှိုင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရုတ်သဘောကျနှစ်ခြိုက်အောင် ကြိုးစားလာနိုင်ကြောင်းနှင့် အကယ်၍ ယင်းခရီးစဥ်အတွင်း မင်းအောင်လှိုင်ကို သမ္မတရှီကျင့်ဖျင်က လက်ခံတွေ့ဆုံခဲ့ပါက ပရိုတိုကောကျော်လွန်ရုံသာမက နိုင်ငံတကာအမြင်တွင်ပါ စစ်ကောင်စီဘက်မှ ပေါ်ပေါ်တင်တင် အပြည့်အဝ ထောက်ခံမှုပေးမည့် အခင်းအကျင်းဖြစ်လာမည်ဟု နိုင်ငံရေးအကဲခတ် Otto က မှတ်ချက်ပြုသည်။

“တကယ်တော့ အခုကိုပဲ သက်ရောက်မှုတွေ မြင်နေရပါပြီ။ တရုတ်က အရှေ့မြောက်နဲ့ မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရှိန်ကို သိသိသာသာလျှော့ဖို့ရာ ကြိုးစားနေတာတွေ ရှိတယ်။ ရွေးကောက်ပွဲကို စစ်ကောင်စီက ကောင်းကောင်းရောင်းနိုင်မယ်ဆိုရင် ဒီထပ်ပိုပြီးတင်းကျပ်တာတွေ မြင်လာရနိုင်သေးတယ်။ အခုကို တော်တော်ကျပ်နေပြီ။ logisitics က border ကနေပဲ သွားရတာမျိုးရှိတယ်။ နောက်ပြီး လက်နက်ခဲယမ်းလိုဟာမျိုးဆိုရင် တိုက်ရိုက်မဟုတ်ပေမယ့် သူတို့ဘက်(MNDAA+TNLA)ကနေ ဝင်နေတာဆိုတော့ အဲဒါတွေကို ကျပ်လိုက်ရင် စစ်ရေးအရက အများကြီး အခက်အခဲတွေ ဖြစ်သွားမယ်” ဟု ၎င်းက သုံးသပ်သည်။

သို့​သော် အခြားနိုင်ငံ​ရေး​လေ့လာသူတစ်ဦးကမူ တရုတ်က ယခုအစည်းအ​ဝေးအတွက် မြန်မာကိုဖိတ်​​သော်လည်း အာဏာသိမ်း​ခေါင်း​ဆောင်ဟူ၍ ဖိတ်ခြင်းမဟုတ်ဘဲ မင်း​အောင်လှိုင်ကိုယ်တိုင်က တရုတ်သို့သွားလိုလှသဖြင့်သာ သွားခြင်းဖြစ်ပြီး ခရီးစဥ်တွင် ရှီကျင့်ဖျင် နှင့်​တွေ့ဆုံခွင့်ရမည်မဟုတ်ကြောင်း မှတ်ချက်ပြုသည်။

ထို့အပြင် ​​နွေဦး​​တော်လှန်​ရေးမှာ နိုင်ငံ​ရေးထက် စစ်​ရေးက ပိုမို​ရှေ့​ရောက်​နေပြီး အာရက္ခတပ်​တော်၏ ထိုးစစ်​ကြောင့် စစ်​ကောင်စီ​​၏အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)သည်ပင် ​နေ့ကျမလား၊ ညကျမလား အ​ခြေအ​နေဖြစ်နေသည်။ အလားတူ နေပြည်​တော်၊ မန္တ​လေးနှင့် ပြင်ဦးလွင်တို့သည်​ ယနေ့တိုက်ခံရမည်လား၊ မနက်ဖြန်တိုက်ခံရမည်လား အ​ခြေအ​နေဖြစ်​​နေ​သလို အာဏာလုထားပြီး မည်သူကိုမှ မယုံဖြစ်​နေသော​ကြောင့် မင်း​အောင်လှိုင်မှာ တရုတ်မသွား​တော့ဘဲ ခရီးစဥဉ်ဖျက်လိုက်ပါကလည်းအံ့ဩစရာမဟုတ်​ကြောင်း နိုင်ငံ​ရေး​လေ့လာသူတစ်ဦးက ပြောသည်။

NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက စစ်ကောင်စီသည် ပြည်သူလူထုနှင့်​တော်လှန်​ရေးအင်အားစုများကို ပိုမိုဖိနှိပ်နိုင်ရန် အတုအ​ယောင်သန်းခေါင်စာရင်းကောက်သလို အတုအယောင်ရွေးကောက်ပွဲအတွက်လည်း စိုင်းပြင်းနေသည်ကို တွေ့ရကြောင်းနှင့် အဆိုပါရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထု၏ ဆန္ဒကို လုံးဝထင်ဟပ်မှုမရှိဘဲ ပြောင်းပြန်ဖြစ်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ပြောသည်။

“ဒါကြောင့် ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ထွက်ဖို့ အဖြေတစ်ခု၊​လမ်းကြောင်းတစ်ခု မဟုတ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပိုမိုပြင်းထန်ပြီး အကြမ်းဖက်မှုတွေ ပိုမိုများပြားလာမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးမယ့် လုပ်ရပ်တစ်ခုသာဖြစ်တယ်။​ ဒါကြောင့် စစ်ကောင်စီက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဘယ်သူကမှ အားမပေးသင့်ဘူး။ မထောက်ခံသင့်ဘူး။ ကူညီပေးမှုမပြုသင့်ဘူး။ တရုတ်နိုင်ငံက ထောက်ခံတယ်၊ ကူညီတယ်ဆိုတဲ့ သတင်းတွေ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကို ပြောချင်တာကတော့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ နိုင်ငံတကာအားလုံးကို ပြောချင်တာက ဒီစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ ထွက်ပေါက်တစ်ခု ဘယ်လိုမှ မဟုတ်ဘဲနဲ့ ပြောင်းပြန်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ပိုမိုများပြားပြီး အကြမ်းဖက်မှုတွေ တိုးပွားဖြစ်ဖို့အတွက် လုပ်မယ့် လုပ်ရပ်တစ်ခုသာဖြစ်တယ်။ မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့ပြောင်းပြန်ဖြစ်တဲ့ လုပ်ရပ်သာဖြစ်တယ်။ ဒါ့ကြောင့် စစ်ကောင်စီက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချပြီးတော့ ပူးပေါင်းဆောင်ရွက်မှုမပြုဖို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ၎င်းက ဆိသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၄ ဇန်နဝါရီ ၁ရက်တွင် အချက် ၁၀ချက်ပါသော ‘အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား’ကို ထုတ်ပြန်ခဲ့သော်လည်း NUG သည် သံတမန်ရေးအရ တရုတ်ကို မစည်းရုံးနိုင်၊​မဆက်ဆံနိုင်ခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။ ဘေဂျင်းအစိုးရနှင့်ပတ်သက်၍ NUG ၏ သံတမန်ရေးရာ ကျရှုံးမှုအဖြစ် ရှုမြင်ကြသည်။

“အခုပုံစံကတော့ တရုတ်က ဘယ်လိုဆက်ဆံမလဲဆိုတဲ့အပေါ်မှာပဲ စောင့်ရမှာ။ NUG ဘက်က reactive လုပ်လို့ရတော့မယ့်အနေအထားမျိုးဖြစ်သွားတယ်။ ကိုယ့်ဘက်က proactive initiative engagement မျိုးဆိုတာထက် တရုတ်က ကိုယ့်ကို လာဆက်ဆံတဲ့အပေါ်မှာ မူတည်ပြီး ကိုယ်က ပြန်ပြီး အလုပ်လုပ်ရမယ့် ပုံစံမျိုးဖြစ်သွားပြီပေါ့နော်။ တရုတ်ကို စောင့်ရမယ့် ပုံစံမျိုးဖြစ်သွားပြီ။ တရုတ်ကိုပဲ ပြန်စောင့်ရတော့မှာ။ တရုတ်နဲ့ပတ်သက်ရင် ဝန်ကြီးဌာန ဝန်ကြီးတွေက တယောက်တပေါက်ပြောတာထက်စာရင် ဘယ်သူက ပြောပြော key message တစ်ခုပဲ။ မက်ဆေ့ချ်ပုံစံတစ်မျိုးတည်းထွက်လာရအောင်လုပ်တာ၊ အဲဒါမျိုးတွေ စုစည်းထားတာ၊ အဲဒါမျိုးတွေ ပြင်ဆင်ထားတာ လုပ်ဖို့ လိုလိမ့်မယ်။ တယောက်တပေါက် လုပ်နေရင် အကျိုးရှိတဲ့ ဆက်ဆံရေးလုပ်ဖို့ခက်မှာ” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူ Otto က မှတ်ချက်ပြုသည်။

ထို့အပြင် တရုတ်က စစ်ကောင်စီကျင်းပဖွယ်ရှိသည့်ရွေးကောက်ပွဲကို ကူညီမည်ဆိုသည်မှာ အလားအလာများစွာရှိပြီး အချို့သော နိုင်ငံရေးပါတီကြီးများကိုလည်း ရွေးကောက်ပွဲ မဝင် ဝင်အောင် ဖိအားပေးခြင်းမျိုး လုပ်ဆောင်လာနိုင်ကြောင်း NUCC ကော်မတီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

သို့သော် ၎င်းက “တရုတ်က ဘယ်လိုပဲ ဘယ်လောက်ပဲ ဖိအားတွေ ပေးတာပဲ ဖြစ်စေ အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်တည်တာမျိုးပဲ ဖြစ်စေ ကိုယ့်ပန်းတိုင်၊ ကိုယ့်ရည်ရွယ်ချက်နဲ့ ဆက်သွားမှာဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ဝင်ရောက်စွက်ဖက်တာကိုမျှ အလေးထားပြီး တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ အဲဒီတော့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့၊ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကိုတော့ ကျွန်တော်တို့တတွေဟာ ညီညွတ်မှု၊ ကျွန်တော်တို့ရဲ့ တသားတည်းဖြစ်မှုတွေနဲ့ ခိုင်ခိုင်မာမာ ဆက်လက်ချီတက်သွားမှာဖြစ်တယ်။ အဲဒါကိုလည်း တရုတ်အစိုးရအနေနဲ့ နားလည်သိရှိဖို့လိုတယ်ဆိုတာ သတင်းစကားပါးလိုပါတယ်”ဟု ဆက်ပြောသည်။

တရုတ်အစိုးရက ညီ​နောင်မဟာမိတ် သုံးဖွဲ့နှင့် ​တော်လှန်​ရေးအဖွဲ့များကို စစ်​ကောင်စီအ​ပေါ်ထိုးစစ်ဆင်​နေမှုများရပ်တန့်ရန် နည်းမျိုးစုံသုံး၍ဖိအား​ပေး​နေသည်။ အထူးသဖြင့် နယ်နိမိတ်ချင်းကပ်​နေ​သော MNDAA ၊ KIA ၊ TNLAတို့မှာဖိအားပို​ပေးမှုခံရသလို ဝ တပ်ဖွဲ့(UWSA)ကိုပင်ဖိအား​ပေး​နေသည်။ သို့​သော် KIA ၊TNLA၊ AAတို့မှာ တရုတ်ဖိအား​ပေး​နေသည့်ကြားမှ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲ၍ တမြို့ပြီး တမြို့သိမ်း​နေကြသည်။ ထို့ကြောင့် တရုတ်ဖိအား​ပေးတိုင်း ​တိုင်းရင်းသားလက်နက်ကိုင်တော်လှန်​ရေးတပ်ဖွဲ့များက နား​ထောင်သည်​တော့မဟုတ်​ပေ။

‘မြန်မာပြည်သူ တရပ်လုံးကို မျက်နှာမူသည်’ဆိုသော တရုတ်၏ မူဝါဒကို တန်ပြန်ရန်(သို့မဟုတ်) နိုင်ငံတကာဖိအားများကို တုန့်ပြန်ရန် တော်လှန်ရေးအဖွဲ့များအကြား စုစည်းရန်နှင့် မြန်မာပြည်သူများ စုစည်းရန် လိုအပ်ကြောင်း နိုင်ငံရေးအကဲခတ် ကိုထိုက်နိုင်ကျော်က သုံးသပ်သည်။

“အတွင်းမှာ ရန်သူအကြီးတစ်ယောက်ကိုတိုက်နေတဲ့အချိန်မှာ အခြားအိမ်နီးနားချင်းတစ်ယောက်နဲ့ရန်ဖြစ်တာ သိပ်မကောင်းဘူး။အထူးသဖြင့်တရုတ်နဲ့ ရန်ဖြစ်လို့ သိပ်မလွယ်ဘူး။ သူတို့အာဂျင်ဒါအတိုင်း သွားလို့မရဘူးဆိုတော့ အဲဒီနှစ်ခုကြားမှာ တော်တော်လေး ကစားနိုင်တဲ့အခင်းအကျင်းမျိုးဖန်တီးနိုင်ဖို့ လိုအပ်မယ်ဗျ” ဟု ကိုထိုက်နိုင်ကျော်က တိုက်တွန်းသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးထိခိုက်၊ စစ်သုံ့ပန်းရရှိမှုနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း

ဓါးစာခံဖမ်းဆီးခံထားရသူများတွင် အမျိုးသမီး ၄၀ဦးကျော်၊ အမျိုးသား ၂၀ မှ ၃၀ခန့် အထိ ဖမ်းဆီးခံထားရပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲများက ပြောသည်။

သတင်း

စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး FAW ကားဖြင့် သယ်ယူသွားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆိုသည်။

Facebook