အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် ရာ လက်နက်တိုက်နှင့် အချုပ်ခန်း ပျက်စီးခဲ့ကြောင်း Myingyan District Drone Strike-MDDS မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
အောက်တိုဘာ ၂၇ ရက် ညနေ ၄နာရီခန့်က မိတ္ထီလာ – တောင်သာလမ်းပိုင်းရှိ ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များက Hex Copter ဒရုန်းနှစ်စီးဖြင့် 6Kg အလေးချိန်ရှိ ဗုံးသီး လေးကြိမ်ကြဲချ တိုက်ခိုက်ခဲ့ရာ သုံးပွင့်အဆင့် ဗိုလ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သား နှစ်ဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။

ထို့အပြင် ရုံးစည်ကြီးနယ်မြေရဲစခန်းရှိလက်နက်တိုက်နှင့် အချုပ်ခန်းလည်း ထိခိုက် ပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement
“နှစ်လုံးက ပစ်မှတ်ကို သေချာထိမှန်ပြီးတော့ လက်နက်တိုက်နဲ့ အချုပ်ခန်းထားတဲ့ အဆောင်ပွင့်ထွက်သွားတယ်။ လူထိခိုက်မှုကတော့ အဲဒီ ရဲစခန်းမှာ လာနေတဲ့ သုံးပွင့်အဆင့်ဗိုလ်ကြီးနဲ့ တောင်သာဘက်ကနေ အဲဒီရုံးစည်ကြီး စခန်းကို တွဲဘက်အဖြစ် တာဝန်ယူထားတဲ့ ဒုရဲအုပ်တစ်ယောက် ပြင်းထန်ဒဏ်ရာရတယ်။ ဗုံးသီးကျလို့ သူကတော့ အကြားအာရုံမရတော့ဘူး။ နောက်ထပ် ရဲနှစ်ယောက် မျက်နှာမှာ ထိခိုက်ဒဏ်ရာရတယ်။”ဟု Myingyan District Drone Strike-MDDS မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
သို့သော် ထိခိုက်မှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရုံးစည်ကြီးရဲစခန်းရှိ စစ်အုပ်စုမှာ တောင်သာ – မိတ္ထီလာလမ်းပေါ်၌ ဂိတ်ဖွင့်၍ ဖြတ်သန်းသွားလာသောပြည်သူများအား စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်းများ အများအပြား တိုက်ခိုက်ခံခဲ့ရသည်။ စစ်ကောင်စီကလည်း ကျေးရွာအများအပြားအားလေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။
ယမန်နေ့(အောက်တိုဘာ ၂၈ရက်)ညကလည်း နွားထိုးကြီးမြို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နွားထိုးကြီးမြို့တောင်ဘက် ထနောင်းပင်လဲ့ကျေးရွာအနီးရှိ တဲတစ်လုံးပေါ် ကျ၍ လင်မယားနှစ်ဦး သေဆုံးခဲ့သေးသည်။
