▪︎သာမာန်အခြေအနေမဟုတ်သည့်ကာလ၌ သာမာန်ရွေးကောက်ပွဲကို မျှော်လင့်နိုင်စရာမရှိဟု သုံးသပ်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံ တင်ခြင်းမပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
SNLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး၏ သဘောထားဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
“ပါတီမှတ်ပုံမတင်တာကတော့ CEC အားလုံးရဲ့ သဘောတူညီချက်နဲ့ တညီတညွတ်တည်း ဆုံးဖြတ်ထားတာပေါ့နော်။ မတင်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နစက အနေနဲ့ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိဘူး။ မရေမရာ အခြေအနေမျိုးပဲရှိနေသေးတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပါတီများ ပြန်လည်မှတ်ပုံတင်ရန် အချိန် ၂လ သတ်မှတ်ပေးထားရာ မကြာမီရက်ပိုင်းများအတွင်း သတ်မှတ်ကာလ ပြည့်တော့မည်ဖြစ်သည်။
“အချိန်နှစ်လအတွင်းမှာ လူထုကို ပါတီဝင်ထုကို သွားရောက်တွေ့ဆုံရှင်းပြပြီးတော့မှ သူတို့ရဲ့ သဘောထားတွေ ရယူဖို့ အခက်အခဲဖြစ်တယ် အချိန်မလုံလောက်ဘူး။ အဲဒါကြောင့်မို့လို့ ပါတီဝင်ထုရဲ့ သဘောဆန္ဒ မပါဘဲနဲ့ ကျနော်တို့ဘာသာ ဆုံးဖြတ်တာမျိုး ရှေ့က ကျွံပြီးတော့မှ လုပ်တာမျိုး မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ပါတီ မှတ်ပုံမတင်သေးဘူးလို့ ဒီလိုပဲ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
စစ်ကောင်စီက သတ်မှတ်ထားသည့် ကာလအတွင်း ပါတီ မှတ်ပုံတင်ခြင်းမပြုလုပ်ပါက ပါတီ မှတ်ပုံတင် အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာထားသည်။
ယင်းနှင့်ပတ်သက်၍ ဦးစိုင်းလိတ်က “ပါတီတည်ထောင်ပြီဆိုကတည်းက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်နိုင်ငံရေးမှာ စီးမြောပြီးတော့မှ တက်နိုင်သလောက် ဥပဒေပြုရေးကို အားစိုက်ရမှာပေါ့။ အုပ်ချုပ်ရေးအပိုင်းကဏ္ဍကတော့ နောက်တစ်ပိုင်းပေါ့။ ဒါက ရေဘူယျအမြင်ပေါ့နော်။ သို့သော် ကျနော်တို့ ယုံကြည်ထားတာက နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီ မှတ်ပုံတင်ရှိမှ လွှတ်တော်နိုင်ငံရေးကလွဲပြီး တခြား လုပ်စရာမရှိဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ကျနော်တို့ လက်သင့်မခံဘူး။ ဆိုတော့ ရွေးကောက်ပွဲ နိုင်ငံရေးက ကျော်လွန်ပြီးတော့ တခြားလုပ်ဆောင်စရာ ကိစ္စတွေအများကြီး ကျနော်တို့ လုပ်သွားဖို့ လိုအပ်ပါတယ်။ လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။” ဟု ပြောသည်။
SNLD အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မပေါ်ပေါက်သေးသရွေ့ တက်နိုင်သည့်ဘက်က လုပ်ပိုင်ခွင့်ရှိသည့် ဘက်က ဆက်လက် ပါဝင်ဆောင်ရွက်နေမည်ဟု အသိပေးခဲ့သည်။
“တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေက သာမာန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့နစက ကိုယ်တိုင် အာဏာသက်တမ်းနောက်ထပ် ၆လ တိုးယူထားတာလေ။ အဲဒါကလည်း တစ်ကြိမ်တည်း တိုးမှာလား နောက်ထပ် ဘယ်နှစ်ကြိမ်ရှိအုံးမလဲဆိုတာ ဘယ်သူမှ အတိအကျ ပြောလို့ မရဘူး။ အဲဒီတော့ တိုင်းပြည်က သာမာန်အခြေအနေ မဟုတ်လို့ ကျနော်တို့ကလည်း သာမာန်ရွေးကောက်ပွဲ ကို လျှောလျှောရှုရှုနဲ့ လုပ်သွားနိုင်ဖို့ဆိုတာတော့ သိပ်ပြီး မမျှော်လင့်ပါဘူး” ဟုလည်း ဦးစိုင်းလိတ်က ပြောသည်။
စစ်ကောင်စီဘက်က သန်းခေါင်စာရင်း ကောက်ယူသည့် ကိစ္စကို ၂၀၂၄ အောက်တိုဘာ ၁ရက်တွင် စတင်လုပ်ဆောင်မည်ဟု ပြောထားရာ ရွေးကောက်ပွဲမှာ မည်မျှကြာမည်ကို ပြော၍မရကြောင်း ဦးစိုင်းလိတ်က ပြောသ်ည။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေး အစိုးရ နှင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို ယခုနှစ်အတွင်း ဘက်ပေါင်းစုံမှ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ရွေးကောက်ပွဲလုပ်လို့ရှိရင် အနည်းဆုံးအားဖြင့် ရာခိုင်နှုန်း ၅၀ကျော် တစ်နိုင်ငံလုံးအနှံ့ လုပ်ချင်တယ်လို့ပြောတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေက ကယားပြည်နယ် ကြည့်အုံးမလား၊ ချင်းပြည်နယ် ကြည့်မလား၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းကြည့်မလားတည်ငြိမ်အေးချမ်းတဲ့အရိပ်အယောင်တွေ လုံး၀မရှိဘူး။ အဲဒီတော့ တိုင်းပြည်နယ်အနှံ့ ပြည်နယ်ရော တိုင်းရော အတူတကွ ရွေးကောက်ပွဲ လုပ်ကြဖို့ဆိုတဲ့ အခြေအနေမျိုးက ဘယ်တော့လဲဆိုတာ မေးစရာဖြစ်တယ်။ ဒါကြောင့်မို့လို့ သာမန်အခြေအနေမဟုတ်သော ကာလမှာ ကျနော်တို့ကလည်း သာမန် အေးအေး ညောင်းညောင်း လုပ်နိုင်တဲ့ ရွေးကောက်ပွဲကတော့ လောလောဆယ်အားဖြင့် မျှော်လင့်နိုင်စရာ မရှိသေးဘူးလို့ပဲ သုံးသပ်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
SNLDသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တတိယ အများဆုံးအနိုင်ရခဲ့သည့် ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်သည်။
SNLD ပါတီကစစ်ကောင်စီထံပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်အပေါ် ပြည်သူများက ပါတီကိုချီးကျူးနေကြသည်။
“ မှတ်ပုံမတင်တာနဲ့တင် ကျေးဇူးတင်ရ” ဟုTime မဂ္ဂဇင်း၏ ၂၀၂၁ ခုနှစ်အတွက် သြဇာအကြီးအမျိုးသမီး၁၀၀ တွင်ရွေးချယ်ခံခဲ့ရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင်တိုင်းရင်းသူ အက်စတာဇေနော်က ဖေစ်ဘွခ်တွင်ရေးသားထားသည်။
