close
Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည် အော်တိုတောင်၌ ချင်းပြည်ကောင်စီတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီက လေယာဉ်ပစ်ကူသုံးပြီး မြေပြင်မှ ထိုးစစ်ဆင်နေဟုဆို

ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News

ထားမြတ်/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကူအင်အားဖြည့်တင်းရန်ကြိုးပမ်းနေသည့် စစ်ကောင်စီက လေကြောင်းပစ်ကူသုံးထိုးစစ်ဆင်လာနေ၍ ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ အော်တိုတောင်၌ ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ယနေ့တိုက်ပွဲတွင် ချင်းပြည်ကောင်စီတပ်ပေါင်းစုက ဇူလိုင်အတွင်းက သိမ်းပိုက်ထားသည့်အော်တိုတောင်စခန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ချင်းသတင်းရင်းမြစ်က ညပိုင်းအထိ တိုက်ပွဲဆက်ရှိနေသည်ဟု ပြောသည်။

“ဒီနေ့မှာ စကစ ဘက်ကလေကြောင်းကနေ ဗုံးကြဲတယ်။ ပြီးရင်းခြေလျင်နဲ့လည်းထိုးစစ်ဆင်တာပေါ့။ အဲဒါကြောင့် အော်တိုတောင်မှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပါတယ်။ အခုနကပဲ သူတို့သတင်းလာပို့ပေးချက်အရ အခုထိ စကစဘက်ကလည်း အော်တိုတောင်ကုန်းကို မထိန်းချုပ်နိုင်သေးပါဘူး။ ကျနော်တို့လည်း ရှိပါတယ်။ သူတို့လည်း ရှိတယ်။ အခု အော်တိုတောင်မှာပဲ နီးနီးကပ်ကပ် တိုက်ပွဲရှိနေဆဲပါ”ဟု ချင်းသတင်းရင်းမြစ်က ယနေ့ညပိုင်းတွင် ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ရက်တွင် ဟားခါးမြို့မှ ကား ၇စီးဖြင့် ထန်တလန်မြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်ကတည်းက စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အော်တိုတောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထန်တလန်မြို့ကိုလည်း Y12 လေယာဉ်ဖြင့် ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များ စုဖွဲ့ထားသည့်ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ထန်တလန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ကုန်းနေရာနှင့် မြို့တွင်းရှိစစ်ကောင်စီ ယာယီသစခန်း လိုင်ဗီလာ တည်းခိုခန်း၊ CBဘဏ် အဆောက်အဦးများကို သိမ်းပိုက်ထားသည်။ စစ်ကောင်စီ အနေဖြင့် လက်ရှိတွင်ထန်တလန် ထွေအုပ်ရုံးနေရာနှင့် NLDပါတီရုံး အဆောက်အဦး နေရာတို့၌ တပ်စွဲထားရာတိုက်ပွဲများ ဆက်ရှိနေသည့် အခြေအနေတွင် စစ်ကောင်စီက ထန်တလန်မြို့ကို စစ်အင်အားဖြည့်တင်းရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ယခု ထိုးစစ်မစမီ စစ်ကောင်စီသည် ဟားခါးမြို့သို့ ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်အင်အားများ ဖြည့်တင်းခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

” အဓိက အားဖြင့် အခု ဟားခါးဘက်ကနေလာနေတဲ့ စကစ ကား ၇စီး တပ်အင်အားက ပြည်သူ့စစ်တွေလည်း ပါမယ်ထင်တယ်။ပြည်မဘက်ကနေ ရဟတ်ယာဉ်နဲ့ အင်အားလာဖြည့်တာပေါ့နော်” ဟု ချင်း သတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် ဇူလိုင်နောက်ဆုံးပတ်မှစ၍ ထန်တလန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ ထန်တလန်-ဟားခါးအကြားရှိ စစ်ကောင်စီ တပ်စခန်းများကို ဦးစွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဟားခါးမှ လာမည့် စစ်ကူလမ်းကြောင်းကို ဖြတ်တောက်ထားခြင်းဖြစ်သည်။ စစ်ကောင်စီက ထန်တလန်တိုက်ပွဲ ကျရှုံးမည့် အခြေအနေတွင် လေကြောင်း ၊လက်နက်ကြီးပစ်ကူသုံးပြီး မြေပြင်မှ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထန်တလန်မြို့နှင့်အော်တိုတောင် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီတပ်သားနှင့် ရဲများက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ထပ်မံမီးရှို့ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

သတင်း

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။

Facebook