ဟန်နွေ/People’s Spring
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက PNLO ၏ မူ၊ ဝါဒ၊ လမ်းစဉ်တို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတို့က ပေးအပ်သော တာဝန်အရပ်ရပ်ထက် ကျော်လွန်ဆန့်ကျင်ပြီး PNLO(NCA-S) အမည်ဖြင့် PNLO ဦးဆောင် အဖွဲ့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း PNLO ဥက္ကဋ္ဌ ဟောင်း ခွန်မြင့်ထွန်းက အောက်တိုဘာ ၁၆ရက်တွင် ရှင်းလင်းချက်ထုတ်ပြန်သည်။
PNLO ကို စုဖွဲ့ရာတွင် ပါဝင်ခဲ့ပြီးPNLO ညီလာခံအဆက်ဆက်တွင် အထွေထွေအတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့သူဖြစ်သည့် ခွန်မြင့်ထွန်းက လတ်တလော PNLO အဖွဲ့တွင်း အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ခွန်မြင့်ထွန်းသည် PNLO ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်က NCA တွင် လက်မှတ်ရေးထိုးခဲ့သူဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီကို တော်လှန်နေသည့်ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသူဖြစ်သည်။

Public Service Announcement
၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သောပအိုးဝ်အမျိုးသားညီလာခံ ၏ ဆုံးဖြတ်ချက်များ ၊ညီလာခံ၏ မူ၊ဝါဒ ၊လမ်းစဥ် ၊လုပ်ငန်းစဥ် စသောခိုင်မာသည့် သမိုင်းအထောက်အထားများကိုလည်း ခွန်ထွန်းမြင့်ကရှင်းလင်းချက်တွင် ထုတ်ဖော်ပြသခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး စစ်ရေး အကျပ်အတည်းများကို ထိန်းညှိဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာ ၁၁ ရက်တွင် အဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင်ကော်မတီ အထူး အစည်းအဝေးက PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန် ဦးဆောင်ပြီး ၅ ဦး ပါဝင်သည့် ဦးဆောင်အဖွဲ့ ဖြင့် အဖွဲ့ချုပ်အား ဆက်လက်ဦးဆောင်ရန် တာဝန်ပေးခဲ့ကြောင်းသိရသည်။
PNLOအားကြီး (၅) ကြီးဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဦးဆောင်နေချိန်တွင် PNLO ၏ ဦးဆောင်အဖွဲ့ကို PNLO (NCA-S) အမည်ဖြင့် ဖွဲ့စည်းကြောင်း၊ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခွန်မင်းသိန်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး နန်းယဉ်ယဉ်စိုးတို့ဖြင့် ဖွဲ့စည်းကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက အောက်တိုဘာ ၉ရက်တွင် ထုတ်ပြန်ခဲ့ရာ အဆိုပါလုပ်ရပ်သည် အဖွဲ့၏ မူဝါဒ၊ လမ်းစဉ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တို့နှင့်ဆန့်ကျင်ရာရောက်ကြောင်း PNLO ဥက္ကဋ္ဌ ဟောင်း ခွန်မြင့်ထွန်းက ရှင်းလင်းသည်။
အဖွဲ့ချုပ်အတွင်း ပြဿနာရှိခဲ့ပါက ညီလာခံတစ်ရပ်နှင့်တစ်ရပ်အကြား အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် ဗဟိုကော်မတီတွင်အကြေအလည် ညှိနှိုင်းရမည်ဖြစ်ပြီး ၊ စွပ်စွဲပြစ်တင်လိုပါက ဗဟိုကော်မတီ အစည်းအဝေးတွင် သက်ဆိုင်သူကို စွပ်စွဲပြစ်တင် အရေးယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ထက်ပိုမို လိုအပ်ပါက အရေးပေါ်ညီလာခံကျင်းပ၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။
ထိုသို့ အဆင့်ဆင့် ဆောင်ရွက်မှုမရှိဘဲပုဂ္ဂိုလ်ရေး မကျေနပ်ချက်နှင့် အလိုမကျမှုကို အခြေခံ၍ PNLO (NCA-S) အမည်ဖြင့်PNLO ၏ ဦးဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် အဖွဲ့၏ လုပ်ရပ်သည် PNLO ၏ မူ၊ ဝါဒ၊လမ်းစဉ်တို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေတို့က ပေးအပ်သော တာဝန်အရပ်ရပ်ထက် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်ခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း ရှင်းပြထားသည်။
PNLO ၏ ဦးဆောင်အဖွဲ့အား ဖွဲ့စည်းရမည့် အခွင့်အာဏာကို ဖွဲ့စည်းပုံအရ ညီလာခံကိုသာ အပ်နှင်းထားပြီး အဖွဲ့ချုပ်၏ မည်သည့် အဖွဲ့ဝင်အမျိုးအစား ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကိုမျှ အပ်နှင်းထားခြင်းမရှိသော ညီလာခံ၏လုပ်ပိုင်ခွင့်သာ ဖြစ်သည်ကို သက်ဆိုင်သူအားလုံးက အလေးအနက်ပြုကြရန် လိုအပ်ကြောင်းလည်း ခွန်မြင့်ထွန်းက သတိပေးသည်။
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက NCA ကိုင်စွဲပြီး ဆက်လက်ရပ်တည်ရန် အဖွဲ့သစ်ဖွဲ့စည်းခဲ့မှုကြောင့်အောက်တိုဘာ ဒုတိယ ပတ်တွင် ကျင်းပခဲ့သည့် PNLO/PNLA ဗဟိုကော်မတီ အစည်းအဝေးက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်း၊နန်းယဉ်ယဉ်စိုး တို့သုံးဦးအား အဖွဲ့ဝင်၊တပ်ဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၆ တွင် ကျင်းပရန်လျာထားသည့် PNLO ညီလာခံတွင် အယူခံဝင်နိုင်ကြောင်း အသိပေးထားသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန်သည် စုပေါင်းဦးဆောင်မှုအရမဟုတ်ဘဲ တစ်ဦးတစ်ယောက်သော သဘောဆန္ဒဖြင့် မူဝါဒ အလွဲသုံးစားပြုလုပ်သည် ဟု စွပ်စွဲထားသည်။ထိုအပြင် စစ်ကောင်စီကို PNLO/PNLA က ခုခံတော်လှန်ခြင်းအပေါ်တွင်လည်း ခွန်ဥက္ကာက အပစ်တင်ခဲ့ပြီး PNLO/PNLA နယက အဖြစ်နှုတ်ထွက်ကြောင်းကြေညာရာတွင်လည်း ထိုအချက်ကို အဓိကအချက်တချက်အဖြစ်အကြောင်းပြထားသည်။ ခွန်ဥက္ကာမှ စစ်ကောင်စီ နှင့် ပုံမှန်အဆက်အသွယ်လုပ်နေပြီး မကြာသေးမီကလည်း နေပြည်တော်သို့စစ်ကောင်စီ နှင့်သွားရောက်တွေဆုံခဲ့ကြောင်းစုံစမ်းသိရသည်။
