ထားမြတ်/People’s Spring
သီပေါမြို့ရှိ ခမရ(၅၀၃)နှင့် (၅၀၄)တပ်စခန်းအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် ၂၀၀နီးပါးကို လူသားချင်းစာနာသောအားဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း တအာင်းတပ်မတော် (PSLF/TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။
သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့်(၅၀၄)စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းမိခဲ့သူ တပ်မိသားစုဝင် ၁၉၁ ဦးကို အောက်တိုဘာ ၁၂ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
TNLA အနေဖြင့် စက်တင်ဘာ ၂၆ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား သိမ်းနိုင်ခဲ့ရာ တပ်မိသားစုဝင် ၁၀၂ဦး ဖမ်းမိခဲ့ကြောင်း၊ စက်တင်ဘာ ၂၇ရက်တွင် ခမရ(၅၀၄) တပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့ရာတွင်လည်း တပ်မိသားစုဝင် ၈၉ဦးကို ဖမ်းမိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
အဆိုပါတပ်ရင်း နှစ်ခုမှ ဖမ်းမိခဲ့သည့်တပ်မိသားစုဝင် ၁၉၁ဦးအနက် ကလေး ၇၇ဦး၊ အမျိုးသမီး ၈၇ဦး ပါဝင်သည်ဟု ဆိုသည်။
ဖမ်းမိစစ်ကောင်စီတပ်မိသားစုဝင်များကို အောက်တိုဘာ ၁၂ရက်တွင် ကား ၄စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း မည်သည့် ဒေသကို ပို့ဆောင်သည်ဆိုသည့် အချက်အလက်ကို ဖော်ပြမထားပေ။
TNLAသည် သီပေါမြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား ယမန်နေ့ အောက်တိုဘာ ၁၃ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ကြောင့် TNLA မှ သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
သီပေါမြို့ ခလရ(၂၃) စခန်းသိမ်းတိုက်ပွဲတွင် လည်း စစ်သုံ့ပန်းနှင့် စစ်ကောင်စီတပ်မိသားစုဝင် ၁၀၀ကျော် ဖမ်းမိခဲ့ကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့နံနက်တွင် အသိပေးထားသည်။
